စစ်ကောင်စီတပ်များမှ မတ်လအတွင်းက ပစ်ခတ်ဖမ်းဆီးခဲ့သော ရန်ကုန်မြို့ပြ ပြောက်ကျားအဖွဲ့မှ ၆ဦးမှာ ယခုအခါ ရွှေပြည်သာ စစ်ကြောရေးစခန်းတွင် ရှိနေကြောင်း Free Tiger Ranger ပြောက်ကျားအဖွဲ့က ထုတ်ပြန်သည်။
ပြီးခဲ့သည့် မတ် ၂၆ရက်က ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ် ထီးတန်းလမ်းနှင့် ပန်းလှိုင်လမ်းကြားရှိ တိုက်ခန်းများတွင် နေသည့် Free Tiger Ranger အဖွဲ့ဝင်များကို စစ်ကောင်စီတပ်များက ပိတ်ဆို့ပစ်ခတ်ဖမ်းဆီးရာ ၁ဦးသေဆုံးက ၆ဦး ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။
“တိုက်ပေါ်ကနေ ခုန်ချပြေးရတယ်၊ တခန်းက၂ လွှာ တခန်းက ခြောက်လွှာဆိုတော့ ခုန်ချဖို့ သိပ်မလွယ်တော့ ပိုမိတာ များတယ်။ လေးယောက်ပဲ လွတ်မြောက်သွားခဲ့ပါတယ်။ ကျဆုံး ၁ ဦး၊ အရှင်မိ ၆ ယောက်၊ ခြောက်ယောက်မှာ အမျိုး သား ၄ ယောက်၊ အမျိုးသမီး ၂ ယောက်ပါ။ ဝင်စီးတဲ့အချိန်မှာ ပစ်ခတ် ဖမ်းဆီးတာပါ” ဟု FTR အဖွဲ့ဝင်တဦးက ပြော သည်။
ထိုဖြစ်စဉ်တွင် အမျိုးသား ၄ ဦးနှင့် အမျိုးသမီး၂ ဦးတို့ ဖမ်းဆီးခံရကာ၊ အမျိုးသား ၁ ဦးမှာ ဖမ်းဆီးစဉ် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း၊ ယခုအချိန်မှ သတင်းထုတ်ပြန်ရခြင်းမှာ ဖမ်းဆီးခံရသူများ သက်သာစေရန်ဖြစ်ကြောင်း Free Tiger Ranger အဖွဲ့က ပြော သည်။
၎င်းက “စစ်ကြောရေးထဲ ရောက်နေတဲ့ ရဲဘော်လေးတွေ သက်သာဖို့နဲ့ လွတ်မြောက်သွားတဲ့ ရဲဘော်တွေရဲ့ လုံခြုံ ရေးအတွက် သတင်း ထုတ်ပြန်ဖို့ ခဏလေး စောင့်ထားတာပါ။ စစ်ကြောထဲမှာ ထပ်ပြီး မတရား နှိပ်စက်မခံရဖို့ ထပ် မသေဖို့တွေက အရေးကြီးသေးတယ်” ဟု ပြောသည်။
ဖမ်းဆီးခံရသူများမှာ အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း လူငယ်များကြသည့် အောင်မင်းခန့်၊ ဇေယျာလင်း၊ လွင်မိုးကျော်၊ ဇေယျာ၊ ခိုင်လေး၊ ဆုနဒီ တို့ ဖြစ်ကြပြီး လက်ရှိတွင် ၎င်းတို့ ၆ ဦးအား ရွှေပြည်သာ တပ်မ ၄၄ စစ်ကြော ရေးသို့ ရောက်ရှိနေကြောင်း Free Tiger Ranger အဖွဲ့မှ ဧရာဝတီကို ပြောသည်။
ဖမ်းဆီးစဉ်က သေနတ်ဖြင့် ပစ်ခတ်ခံရသည့် မှန်ကြီး (ခေါ်) လေးလုံး၏ အလောင်းကိုမူ ပြန်လည် ရရှိခဲ့ခြင်း မရှိကြောင်း သိရသည်။
၎င်း Free Tiger Ranger အဖွဲ့ဝင်များ စီးနင်းဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ တာဝန်ရှိသူတဦးက “အဖွဲ့ဝင်တဦးနဲ့ ချစ်ကြိုက်နေတဲ့ ကောင်မလေး တယောက်က တော်လှန်ရေးအတွက် လိုတဲ့ပစ္စည်းလှူချင်တယ်ဆိုပြီး သမိုင်းလမ်းဆုံကို ချိန်းတာ သွားရင်း အဲဒီမှာအဖမ်းခံရတယ်၊ သူကမှ တဆင့် တခြားသူတွေရဲ့ နေရာမေးပြီး လိုက်လာတာ၊ ယုံကြည်မှုရှိ တဲ့အထိ အတော်လေးကို အချိန်ပေး ပြင်ဆင်ပြီးမှ ထောင်ဖမ်းတဲ့ပုံပဲ။ သိရသလောက် FTR တဖွဲ့ ထဲတင် မဟုတ်ဘဲ တခြား အဖွဲ့တွေ လည်း အခုလို ထောင်ဖမ်းခံရတဲ့ ဖြစ်စဉ်မျိုးလေးနဲ့ တူနေတာ တွေ့ရပါတယ်”ဟု ဆိုသည်။
ထိုသို့ ဖမ်းဆီးခံရပြီး နောက်ပိုင်းတွင် ရန်ကုန်မြို့ပြ ပြောက်ကျားအဖွဲ့များအား ခြေရာခံဖမ်းမိစေရန် အမျိုးသမီးများအား အသုံးချ၍ PDF များအား အွန်လိုင်းပေါ်မှတဆင့် ရှာဖွေမှုများ ပြုလုပ်လျက်ရှိခြင်းကြောင့် သတိမလွတ်စေရန်လည်း ရန်ကုန်မြို့ရှိ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့တချို့က သတိပေးထားသည်။
Free Tiger Ranger အဖွဲ့သည် ရန်ကုန်မြို့အတွင်း စစ်ကောင်စီသတင်းပေးများအား ရှင်းလင်းခြင်း ၊ စစ်ကောင်စီ ထောက်တိုင် စီးပွားရေးလုပ်ငန်းများ ၊ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာများကို ဖောက်ခွဲတိုက်ခိုက်ခြင်း တို့ကို လုပ်ကိုင်ဆောင်ရွက်နေသည့် မြို့ပြပြောက်ကျားအဖွဲ့တဖွဲ့ဖြစ်ပြီး၊ နောက်ဆုံးတိုက်ခိုက်မှုအနေဖြင့် မတ်လ ၂၄ ရက်နေ့ တွင် ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ရာအိမ်မှူးတဦးကို သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်း ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ယနေ့ ဧပြီ ၄ ရက်တွင်လည်း ရန်ကုန်မြို့ ရွှေပြည်သာတွင် မြို့ပြပြောက်ကျားအဖွဲ့မှ အဖွဲ့ဝင် ၃ ဦး ဖမ်းဆီးခံခဲ့ရပြီး မည်သည့်အဖွဲ့ဆိုတာကို အတည်မပြုနိုင်သေးပေ။
ပြီးခဲ့သည့် မတ်လ ၂၂ ရက်က ရန်ကုန်မြို့နယ် အသီးသီးရှိ အခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့များ၊ ပြောက်ကျား တပ်ဖွဲ့ များနှင့် မဟာမိတ်အဖြစ် ပူးပေါင်းထားသည့် ရန်ကုန်အခြေစိုက် တော်လှန်ရေးအဖွဲ့များမှ မြို့ပြတိုက်ပွဲများကို အရှိန်မြှင့် တင်၍ စစ်ကောင်စီကို တိုက်ခိုက် သွားမည် ဖြစ်ကြောင်း ကြေညာထားသည်။
You may also like these stories:
ရန်ကုန်ပြောက်ကျားစစ် ကျဆုံးသွားပြီလား
အကြမ်းနည်း တိုက်ခိုက်မှုတွေ ပြင်းထန်လာတဲ့ ရန်ကုန်