စစ်အာဏာရှင်ဆန့်ကျင်ရေး မြေပြင်သပိတ်အဖြစ် လှုပ်ရှားနေသည့် မန္တလေးသပိတ်အင်အားစု သပိတ်စစ် ကြောင်းမှ လူငယ် ၉ ဦး ဧပြီ ၄ ရက် ညနေပိုင်းတွင် ဖမ်းဆီးခံလိုက်ရကြောင်း ပြည်ကြီးတံခွန်သပိတ်အင်အားစုထံမှ သိရ သည်။
ဖမ်းဆီးခံရသူများမှာ ကိုအောင်ဇော်မြင့်၊ ကိုကျော်စိုးမိုး၊ ကိုကျော်မင်းထွန်း၊ ကိုထက်ကို၊ ကိုဟိန်းမင်းဇော်၊ ကိုနိုင်လင်း ထွန်း၊ မသဲစု၊ မဂျာဆိုင်းအောင်နှင့် မကြယ်စင်လင်းတို့ ဖြစ်သည်ဟု ဆိုသည်။
ပြည်ကြီးတံခွန်သပိတ်အင်အားစုမှ ဦးဆောင်ဆရာတော် ဦးအဂ္ဂဝံသက “အစပိုင်းမှာတော့ အဆက်အသွယ်မရလို့ ပတ် သက်နေတဲ့သူတွေ အချိန်မီရှောင်လို့ရအောင် အသိပေးချက် တင်ပေးလိုက်တာပေါ့။ အခုတော့ ပါသွားတာ သေချာသွားပြီ။ မိန်းကလေး ၃ ယောက်နဲ့ ယောက်ျားလေး ၆ ယောက်ပေါ့။ Safe House အိမ်နှစ်လုံးကို ဝင်စီးခံရပြီးတော့ အားလုံးပေါင်း ၉ ယောက် ပါသွားတာ” ဟု မိန့်ကြားသည်။
ဖမ်းဆီးခံရသည့် အဆိုပါလူငယ်များနှင့် ယမန်နေ့ ညနေ ၄ နာရီကျော်အချိန်ထိ အဆက်အသွယ် ရရှိခဲ့သော်လည်း ညနေ ၅ နာရီကျော်တွင် အဆက်အသွယ် မရရှိတော့သဖြင့် ၎င်းတို့နှင့် ဆက်စပ်နေသူများ အထူးဂရုစိုက်ကြရန်လည်း မန္တလေး သပိတ်အင်အားစုက ယမန်နေ့ ညဦးပိုင်းကတည်းက အသိပေးချက် ထုတ်ပြန်ထားသည်။
“အမရပူရဘက်မှာ အဖမ်းခံလိုက်ရတာလို့ သိရတယ်။ အဖမ်းခံရတဲ့သူတွေထဲက တယောက်က လမ်းမှာ အရင်အဖမ်းခံ လိုက်ရပြီးမှ ကွင်းဆက်လိုက်ပြီးတော့ Safe House အိမ်နှစ်လုံးကို ဝင်စီးခံရခဲ့ရတာ။ အစောပိုင်းက အဆက်အသွယ်ရတဲ့ တယောက်ရဲ့ စကားတွေကို နားထောင်ရတာ ပုံမှန်အခြေအနေ မဟုတ်တာကို သတိထားမိတယ်။ အဲဒီမှာ သူ့ကို ထိန်းချုပ် ခံလိုက်ရပြီ ဘေးကင်းလုံခြုံမှုမရှိဘူးလို့ ယူဆတာကြောင့် အသိပေးချက် ထုတ်ပြန်ခဲ့တာပါ” ဟု မန္တလေးသပိတ်အင်အားစု မှ တာဝန်ရှိသူတဦးက ဆိုသည်။
လက်ရှိတွင် ဖမ်းဆီးခံရသူများအား မည်သည့်နေရာတွင် ချုပ်နှောင်ထားသည်ကို မသိရှိရသေးသလို မိသားစုဝင်များနှင့်ပါ အဆက်အသွယ် မရသေးကြောင်း သိရသည်။
ပြည်ကြီးတံခွန်သပိတ်အင်အားစုမှ ဦးဆောင်ဆရာတော် ဦးအဂ္ဂဝံသက “သူတို့တွေရဲ့ အခြေအနေတွေကတော့ အခုထိ ဘယ်ကို ခေါ်သွားတယ်။ ဘယ်မှာ ရှိနေတယ်ဆိုတာ မသိရသေးဘူး။ ပြီးတော့ အဖမ်းခံလိုက်ရတာကလည်း ဘယ်လိုပုံစံမျိုး နဲ့ ဖမ်းကြတာလဲဆိုတာလည်း မသိရသေးဘူး။ လူစိတ်မရှိတဲ့ကောင်တွေဆိုတော့ ကလေးတွေကို ရိုက်နှက်နှိပ်စက်တာတွေ လည်း ရှိချင်ရှိမှာပေါ့။ ဖမ်းသွားတယ်ဆိုတာကို အခုအချိန်ထိ သတင်းထုတ်ပြန်တာမျိုးလည်း မရှိတော့ နောက်ဆက်တွဲ ကွင်းဆက်တွေကို ဆက်လိုက်နေတယ်ဆိုတဲ့ သဘောမျိုးပဲ ဖြစ်လိမ့်မယ်” ဟု မိန့်ကြားသည်။
စစ်အာဏာသိမ်းမှု ၁ နှစ်ကျော် ကြာမြင့်ချိန်အထိ မန္တလေးမြို့မှ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းများဖြစ် သည့် သံဃသမဂ္ဂသပိတ်၊ မန္တလေးသပိတ်အင်အားစု၊ အမျိုးသမီးသပိတ်၊ အောင်မြေသာစံပညာရေးကျောင်းပေါင်းစုံ သပိတ်၊ Generation Z သပိတ်၊ LGBT Union (Mandalay) သပိတ်၊ အဖမ်းဆီးခံပြည်သူများကိုယ်စားပြုသပိတ်၊ ရတနာ ပုံကျောင်းသားများသမဂ္ဂသပိတ်၊ အင်ဂျင်နီယာသပိတ်၊ ပြည်ကြီးတံခွန်ညသပိတ်၊ ဒေါင်းစစ်သည်သပိတ် စသည့် သပိတ် စစ်ကြောင်းများသည် အဖမ်းအဆီးများကြားမှပင် ယနေ့အချိန်ထိ ပြောက်ကျားဆန္ဒပြမှုများဖြင့် ချီတက်နေဆဲ ဖြစ်သည်။
စစ်ကောင်စီဘက်ကလည်း မြေပြင်သပိတ်လူငယ်များ အပါအဝင် ပြောက်ကျားတပ်ဖွဲ့ဝင်များကို နည်းမျိုးစုံအသုံးပြု၍ လိုက်လံဖမ်းဆီးလျက်ရှိပြီး ဖမ်းဆီးခံရသူများ၏ နောက်ဆက်တွဲ သတင်းအချက်အလက်များကိုလည်း ထုတ်ပြန်မှုမရှိဘဲ သတင်းအမှောင်ချထားကြောင်း သပိတ်အင်အားစုများက ဆိုသည်။
မတ် ၂၇ ရက်က လမ်းပေါ်သွားလာနေချိန် စစ်ကောင်စီတပ်များက ရိုက်နှက်ထိုးကြိတ်ပြီး နှိပ်စက်ဖမ်းဆီးခဲ့သော သပိတ် တက်ကြွလှုပ်ရှားသူ ကိုဖီးလစ် (ခ) ကိုကျော်စွာဝင်းသည်လည်း ယနေ့ထိတိုင် မိသားစုနှင့် အဆက်အသွယ် မရရှိသေးပေ။
ပြီးခဲ့သည့် မတ် ၂ ရက်ကလည်း မန္တလေးခရိုင်ကျောင်းသားများသမဂ္ဂနှင့် မန္တလေးပညာရေးဒီဂရီကောလိပ်ကျောင်းသား များသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဥက္ကဋ္ဌ ကိုအောင်မျိုးကို၊ ဗကသများအဖွဲ့ချုပ် ဘဏ္ဍာရေးမှူး မသီရိရတနာ၊ မန္တလေး ပညာရေးကောလိပ်ဆင်း အာဏာဖီဆန်ရေးလှုပ်ရှားသူ (CDM) ကျောင်းဆရာ ကိုကျော်ဇင်လတ်တို့ကို အမရပူရမြို့နယ်၊ မှန်တန်းရပ်ကွက်၊ နန်းတော်ရာစံပြကွက်သစ်၊ နယ်မြေ (၅) ရှိ နေအိမ်တအိမ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက် ဖမ်းဆီးခဲ့သည်။
ထို့ပြင် မတ် ၂၂၊ ၂၃ ရက်ကလည်း လုံခြုံရေးနှင့် နယ်မြေရှင်းလင်းရေး ခေါင်းစဉ်ဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၅၀၀ ကျော်သည် ပုသိမ်ကြီးမြို့ နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများအား ပိတ်ဆို့ပြီး ပိုက်စိပ်တိုက်စစ်ဆေးမှုများ ပြုလုပ် ခဲ့ရာ လူငယ် ၁၇ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရသေးသည်။
You may also like these stories:
မန္တလေးတွင် ပိုက်စိပ်တိုက်ပိတ်ဆို့စစ်ဆေးမှု လူငယ် ၁၇ ဦးထက်မနည်း ဖမ်းခံရ
မန္တလေး မဟာအောင်မြေတွင် စစ်တပ်က ပိတ်ဆို့စစ်ဆေးကာ ၁၅ဦးအား ဖမ်းသွား
ပစ်မှတ်ထား နှိပ်ကွပ်ခံနေရသည့် မန္တလေး သပိတ်စစ်ကြောင်းများ