တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသောအဖွဲ့များနှင့် ဖွဲ့ထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) တွင် ပါဝင်နေမှု အဆင့်ကို လျှော့ချလိုက်ပြီ ဖြစ်ကြောင်း ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) က ပြောသည်။
RCSS ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ (ဦးဆောင်ကော်မတီဝင်) စိုင်းလျန်းက “PPST ကနေနှုတ်ထွက်တယ် ဆိုတာထက် PPST မှာ Limited participation (ကန့်သတ်ထားသော ပါဝင်မှု) နဲ့ပဲ ပါဝင်သွားဖို့ ပါဝင်မှုကို လျှော့ချလိုက်ခြင်းပါ။ PPST ဆိုတာကလဲ NCA ထိုးထားတဲ့ EAOs များရဲ့စုဖွဲ့မှုပါ။ RCSS က PPST မှာသဘောတူထားတဲ့ NCA ရဲ့အနှစ်သာရကို ဆက်လက်ရပ်တည်သွားမှာပါ” ဟု ဧရာဝတီသို့ ပြောသည်။
သို့သော် အကန့်အသတ်ဆိုသည်မှာ မည်ကဲ့သို့ သော ပါဝင်မှုမျိုးဖြစ်သည်ကို RCSS ဘက်က ရှင်းရှင်းလင်းလင်း ထုတ်မပြောပေ။ RCSS အနေနှင့် ရှမ်းပြည်နယ်အတွင်းမှ နိုင်ငံရေးမကျေလည်မှုများကို အလေးထား ဖြေရှင်းလိုသောကြောင့် PPST ၌ ပါဝင်မှုကို အဆင့်လျှော့ချလိုက်ခြင်း ဖြစ်ကြောင်း စိုင်းလျန်းက ဆိုသည်။
၎င်းက ဆက်၍ “အကြောင်းရင်းကတော့ စိန်ရတု သျှမ်းပြည်အမျိုးသားနေ့က RCSS ရဲ့ ထုတ်ပြန်ကြေငြာချက်မှာ သျှမ်းပြည် တိုင်းရင်းသားများလက်ခံနိုင်တဲ့ ဖက်ဒရယ်မူနဲ့အညီ သျှမ်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက် လာရေးအတွက် တဆင့်ပြီးတဆင့် ကြိုးပမ်းသွားမယ်လို့ ပါပါတယ်။ အဲ့ဒါကို ပိုအာရုံထားပြီး ဆောင်ရွက်သွားချင်လို့ပါပဲ။ ဆိုလိုချင်တာကတော့ သျှမ်းပြည်တွင်းအရေးက နိုင်ငံရေးမကျေလည်မှုတွေကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့ အလေးထားဖြေရှင်းဖို့ ကြိုးစားချင်တာကြောင့် PPST ပါဝင်မှုမှာ လျှော့ချလိုက်ခြင်းပါ” ဟု ဆိုသည်။
RCSS သည် ယခင်က အဖွဲ့၏ ဥက္ကဌဖြစ်သော ဗိုလ်ချုပ်ကြီး ယွက်ဆစ် ကိုယ်တိုင် PPST တွင် ယာယီအဖွဲ့ခေါင်းဆောင် အဖြစ် ပါဝင်ခဲ့သော်လည်း ၂ နှစ်ကျော်ခန့် တာဝန်ထမ်းဆောင်ပြီးနောက် ၂၀၂၁ ခုနှစ် ဇူလိုင်တွင် ယာယီခေါင်းဆောင်အဖြစ်မှ နှုတ်ထွက်ခဲ့သည်။
ယင်းနောက် RCSS ဗဟိုအလုပ်အမှုဆောင်ကော်မတီ အတွင်းရေးမှူး (၁) ဖြစ်သူ ဗိုလ်မှူးကြီး စိုင်းငင်းက PPST ဦးဆောင်အဖွဲ့တွင် အဖွဲ့ဝင်အဖြစ် ပြီးခဲ့သည့် ဧပြီလ ၂ ရက်က ကျင်းပ ပြီးစီးသွားသည့် အပစ်ရပ် EAO များ၏ ထိပ်သီးခေါင်းဆောင်များ ညီလာခံ ဒုတိယပိုင်း အထိ တာဝန်ယူခဲ့သည်။
အဆိုပါအစည်းအဝေးပြီး ပြန်လည်စုဖွဲ့သည့် PPST ဦးဆောင်မှုကော်မတီတွင်မူ RCSS ဘက်က ပါဝင်လာခြင်း မရှိတော့ပေ။
RCSS သည် ရှမ်းပြည်နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့နှင့် နယ်မြေအငြင်းပွားမှုကို အခြေခံ၍ ၂၀၁၅ ခုနှစ်မှ စတင်ကာ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
၂၀၂၁ ခုနှစ် ဇူလိုင်တွင် ရှမ်းပြည်နယ် ကျေးသီးမြို့နယ်ရှိ SSPP ဌာနချုပ်နှင့် မဝေးသည့် လွယ်ဟွန်းတောင်ကြောသို့ ရောက်လာသော RCSS တပ်များကို SSPP ဘက်က ဝ ပြည်သွေးစည်းညီညွတ်ရေးတပ် (UWSA) ၏ အကူအညီဖြင့် ပြန်လည်တိုက်ခိုက်ခဲ့သည်။
SSPP တပ်များဘက်မှ ဝ ပြည်သွေးစည်းညီညွတ်ရေးတပ် (UWSA) တပ်ဖွဲ့ဝင်များ ထောင်နှင့်ချီ ပါဝင်ကြောင်း မြေပြင်သတင်းများအရ သိရသည်။
တိုက်ပွဲများတွင် အရေးနိမ့်ပြီး ရှမ်းပြည်နယ်တောင်ပိုင်းသို့ ဆုတ်ခွာလာသည့် RCSS တပ်များကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်တွင် ရပ်စောက်မြို့နယ်ဝန်းကျင်အထိ SSPP ဘက်က လိုက်လံတိုက်ခိုက်ခဲ့ပြီး RCSS ဘက်က တပ်မဟာမှူးအပါအဝင် လက်နက်ခဲယမ်းအမြောက်အများ SSPP ဘက်က သိမ်းဆည်းရမိခဲ့သည်။
ရှမ်းပြည်နယ်တွင် တိုက်ပွဲများနှင့် စစ်ရေးတင်းမာမှုများ ပိုမိုဆိုးဝါးလာသည့်နောက် RCSS ဘက်က မြန်မာ့အရေးတွင် ငြိမ်းချမ်းရေးဆွေးနွေး ရန်သာ အားသန်နေသော PPST ၌ ၎င်း၏ ပါဝင်မှု အဆင့်ကို လျှော့ပြီး ရှမ်းပြည်အရေး အာရုံစိုက်ရန် လုပ်ဆောင်လာခြင်းဖြစ်သည်။