ချင်းပြည်နယ်၊ ပလက်ဝမြို့တဘက်ကမ်းရှိ စစ်တပ်ထဲတွင် အလံဖြူထောင်သည်ဟု ပြောဆိုမိသည့်အတွက် တရားစွဲဆိုခံရသော ကိုတင်ထွန်းအောင်ကို ယနေ့ (ဧပြီ ၅ ရက်) ပလက်ဝမြို့နယ်တရားရုံးက ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်ကြောင်း သိရသည်။
ကိုတင်ထွန်းအောင်သည် ပလက်ဝမြို့အခြေစိုက် အမှတ် (၂၈၉) တပ်ရင်းတွင် အလံဖြူထောင်ထားသည်ကို မြင်တွေ့ရ ကြောင်း စစ်တွေအခြေစိုက် Western News သတင်းဌာနအား ဖြေကြားခဲ့သောကြောင့်ဟုဆိုကာ ပြီးခဲ့သည့် ၂၀၂၁ ဒီဇင်ဘာ ၂၈ ရက် ညပိုင်းတွင် ဖမ်းဆီးခံရပြီးနောက် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့် တရားစွဲဆိုခံခဲ့ရခြင်း ဖြစ်သည်။
၎င်း၏ မိသားစုဝင်တဦးက “ဒီနေ့ သူ့ကို အမြင့်ဆုံးပြစ်ဒဏ် ထောင် ၃ နှစ် ချမှတ်လိုက်ပါတယ်။ ကျနော်တို့က ဒီလောက်ထိ ပြစ်ဒဏ် ချမယ်လို့လည်း မထင်ထားဘူး။ အလံဖြူထောင်တဲ့ကိစ္စက သူလည်းကြားတယ်ဆိုတာလောက်ပဲ သတင်းမီဒီယာကို ဖြေခဲ့တာ။ ဒီအလံဖြူထောင်တဲ့ကိစ္စကို တခြားမြို့ခံတွေလည်း ကြားတယ်ဆိုတာ တရားရုံးကို သက်သေတွေ ထွက်ဆိုကြတယ်။ အဲဒါကို ဒီလောက်ထိ ပြစ်ဒဏ်ချဖို့ မကောင်းဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (က) ၏ အမြင့်ဆုံး ပြစ်ဒဏ်ဖြစ်သည့် ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်ခြင်းနှင့် ပတ်သက်၍ အထက်တရားရုံး အဆင့်ဆင့်သို့ တက်သွားမည် ဖြစ်ကြောင်းလည်း မိသားစုဝင်များက ဆိုသည်။
စစ်တပ်ထံတွင် ဖမ်းဆီးခံထားရသော ကိုတင်ထွန်းအောင်သည် နေပြည်တော်၊ ပုဗ္ဗသိရီမြို့နယ်ရှိ ကုတင် ၃၀၀ ဆေးရုံတွင် ဓာတ်ခွဲမှူးရာထူးဖြင့် တာဝန်ထမ်းဆောင်နေသူတဦးဖြစ်ကာ မိခင်ဖြစ်သူ ကျန်မာရေးမကောင်းသဖြင့် ခွင့်ယူပြီး ပလက်ဝမြို့ သို့ ပြန်လာရောက်စဉ် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။
အဆိုပါ ပလက်ဝအခြေစိုက် အမှတ် (၂၈၉) တပ်ရင်းတွင် အလံဖြူထောင်ထားသည်ဆိုသည် ကိစ္စနှင့်ပတ်သက်ပြီး အင်တာ ဗျူးဖြေကြားသူ ကိုတင်ထွန်းအောင်ကို စစ်တပ်က ဖမ်းဆီးတရားစွဲဆိုခဲ့သလို သတင်းဖော်ပြခဲ့သည့် Western News သတင်းဌာနကိုလည်း နိုင်ငံတော်ပုန်ကန်မှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၂၄ ဖြင့် စစ်တပ်က တရားစွဲဆိုထားသည့်အတွက် သတင်းသမားများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
You may also like these stories:
စစ်တပ်အလံဖြူထောင်သည်ဟု ပြောသဖြင့် ဖမ်းခံရသူ၏ သတင်း မိသားစု စုံစမ်းမရဖြစ်နေ