သတင်း

စစ်ကောင်စီ၏ မန္တလေး ဆွမ်းဆန်စိမ်းလောင်းပွဲ သံဃာ ၄ ထောင်အစား ၁၀၈ ပါးသာ ပင့်တော့မည်

မန္တလေးမြို့ ကျုံးနှင့် နန်းမြို့ရိုးကြား လေးပြင်လေးရပ်၌ မြန်မာနှစ်ဆန်း ၁ ရက် (ဧပြီ ၁၇ ရက်) တွင် ပြုလုပ်မည့် စစ်ကောင်စီ၏ သံဃာအပါး ၄၀၀၀ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အစီအစဉ်ပျက်သွားပြီး သံဃာ ၁၀၈ ပါးသာ ဆွမ်းဆန်စိမ်းလောင်းလှူနိုင်ရေး စီစဉ် နေကြောင်း သိရသည်။

စစ်ကောင်စီခန့် မန္တလေးတိုင်းအစိုးရအဖွဲ့က မန္တလေးခရိုင်အတွင်းမှ သံဃာများကို ပင့်ဖိတ်၍ သံဃာအပါး ၄၀၀၀ ထိ ပါဝင်မည့် ဆွမ်း ဆန်စိမ်းလောင်းလှူပွဲ ပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း သံဃသမဂ္ဂ(မန္တလေး)မှ သံဃာများက ပြည်သူများအနေဖြင့် သွားရောက် ပူးပေါင်းခြင်းမပြုဘဲ သပိတ်မှောက်ကြရန် လှုံဆော်မှုများ ပြုလုပ်ခဲ့ပြီးနောက် ယင်းအစီအစဉ် ပျက်သွားခြင်း ဖြစ်ကြောင်း သံဃသမဂ္ဂ (မန္တလေး) က ဆိုသည်။

သံဃသမဂ္ဂ(မန္တလေး)မှ အရှင်ရာဇဒမ္မက “ဦးဇင်းတို့က အတွင်းသတင်း တိတိကျကျရလို့ ထုတ်ပြန်လိုက်တာပါ။ သူတို့ကတော့ ပွဲပျက် တယ်လို့လည်း မဖြစ်ရလေအောင် စတိအနေနဲ့ သံဃာ ၁၀၈ ပါးကိုပဲ ဆွမ်းဆန်စိမ်းလောင်းလှူသွားမယ်ဆိုတာ သိရတယ်။ အကြောင်း ပြချက်ကတော့ ကိုဗစ်စည်းကမ်းနဲ့မညီလို့ သံဃာအပါးရေ လျှော့ချလိုက်တယ်ဆိုတဲ့ ပုံစံမျိုးပေါ့။ ဒါကလည်း အကြောင်းပြချက် သီးသန့် တခုပါပဲ။ အဓိကကတော့ မန္တလေးသံဃာထုက လက်မခံတာရယ်၊ ဆရာတော်ကြီးတွေရဲ့ အမြော်အမြင်ကြီးမှုတွေကြောင့်ပါပဲ” ဟု မိန့်ကြားသည်။

မန္တလေးမြို့သည် သာသနာရေးနှင့် ပတ်သက်လျှင် အထူးအလေးထားသောမြို့ဖြစ်ပြီး သံဃာအရေအတွက် အများဆုံးဖြစ်ကာ ရဟန်း သံဃာများ အနေဖြင့်လည်း မြို့နေလူထု၏ ထောက်ပံ့လှူဒါန်းမှုများဖြင့်သာ ရပ်တည်နေကြရာ ယခုကဲ့သို့ သံဃာအပါး ၄၀၀၀ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ပျက်သွားရခြင်းမှာ မန္တလေးသံဃာများ၏ ညီညွှတ်မှုအောင်ပွဲတခု ဖြစ်သည်ဟုလည်း အရှင်ရာဇဒမ္မက ဆိုသည်။

“ပြည်သူတွေ ဆင်းရဲတွင်းနက်နေတဲ့အချိန်မှာ စစ်အုပ်စုက လှူဒါန်းတာတွေကို လက်ခံပြီးတော့မှ သာယာနေရမယ့်အချိန် မဟုတ်ဘူး လေ။ အဲဒါကြောင့် ဦးဇင်းတို့က မန္တလေးသံဃာထုကို ကိုယ်စားပြုပြီးတော့မှ ဆွမ်းဆန်စိမ်းလောင်းပွဲ သပိတ်မှောက်ဖို့ လှုံ့ဆော်လိုက် ကြတယ်။ မန္တလေးသံဃာထုကလည်း ဒါမျိုးတော့ မဖြစ်သင့်ဘူး၊ လက်မခံသင့်ဘူးဆိုပြီး တုံ့ပြန်ကြလို့ အခုလို ထိရောက်ခဲ့တာပါ။ အခု ဖြစ်စဉ်က မန္တလေးသံဃာထုရဲ့ ညီညွတ်မှုကို ပြသနိုင်တယ်လို့ ယုံကြည်တယ်။ အခုလို ပါဝင်ပေးခဲ့ကြတဲ့ သံဃာထုကို သံဃသမဂ္ဂ ကိုယ်စား ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်” ဟု အရှင်ရာဇဒမ္မက ဆက်လက် မိန့်ကြားသည်။

ဆရာတော်ကြီးများက တိုင်းပြည်အေးချမ်းတည်ငြိမ်မှု မရှိသည့်အချိန်တွင် ယခုကဲ့သို့သောပွဲမျိုး မလုပ်သင့်ဘူးဟူသည့်ပုံစံမျိုးဖြင့် လက်မခံခဲ့ခြင်း ဖြစ်ကြောင်းသိရပြီး ပြည်သူများ ဒုက္ခပင်လယ်ဝေနေချိန်တွင် အမြော်အမြင်ကြီးစွာဖြင့် ပြည်သူကို ငဲ့ကြည့်ပေးခဲ့ကြ သည့် ဆရာတော်ကြီးများအား ရိုသေစွာ ဦးတင်ပါကြောင်းလည်း ၎င်းက ဆိုသည်။

သံဃာအပါး ၄၀၀၀ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ပျက်သွားသည့်အပေါ် မန္တလေးသံဃာထုနှင့် မန္တလေးပြည်သူများ ညီညွတ်နေသ၍ စစ်ကောင်စီအနေဖြင့် မန္တလေးကို အုပ်ချုပ်ခွင့်မရဆိုသည့် သက်သေတခု ဖြစ်ကြောင်း၊ အစားထိုးစီစဉ်သည့် သံဃာ ၁၀၈ ပါး ဆွမ်း ဆန်စိမ်းလောင်းလှူပွဲတွင်လည်း စစ်ကောင်စီလက်အောက်ခံ မဘသသံဃာများကို ခေါ်ယူမှတ်တမ်းယူမည့် အခြေအနေသာ ဖြစ် ကြောင်းလည်း သံဃသမဂ္ဂ(မန္တလေး)က အသိပေး ထုတ်ပြန်ထားသည်။

မန္တလေးမြို့ခံ စာရေးဆရာမတဦးက “အစကတည်းက မလုပ်ခဲ့သင့်တာ။ အခုတော့ အရှက်ကွဲတာပဲ အဖက်တင်တာပေါ့နော်။ ဒါတောင် သူတို့က အရှက်ပြေအနေနဲ့ ၁၀၈ ပါးကို ဆွမ်းဆန်စိမ်းလောင်းဦးမယ်တဲ့။ သူတို့ အစီအစဉ်ကိုသိတာနဲ့ မန္တလေးသံဃာတွေ က သပိတ်မှောက်ဖို့ စည်းရုံးခဲ့တယ်။

အဲဒီအပေါ်မှာ သံဃာထုရဲ့ ညီညွတ်တဲ့ တုံ့ပြန်မှုကတော့ အံ့မခန်းပါပဲ။ အရှက်ပြေအနေနဲ့ သူတို့ လုပ်မယ့်ပွဲကို တက်မယ့်သံဃာတွေကလည်း မကင်းရာမကင်းကြောင်းတွေပဲ ဖြစ်လိမ့်မယ်။ အဲဒီပွဲကလည်း ရုပ်ပြကောင်းအောင် လုပ် တာလို့ပဲ ပြောချင်တယ်” ဟု မှတ်ချက်ပြုသည်။

အထက်မြန်မာပြည်ရှိ မန္တလေးမြို့သည် သံဃာသြဇာ ကြီးမားသောမြို့ဖြစ်ပြီး ယခင် စစ်အစိုးရလက်ထက် ၁၉၉၀ခုနှစ်က မြို့လူထု၏ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို စစ်တပ်မှ ဖြိုခွင်းသည့်အတွက် သံဃာထုကညီညွတ်စွာဖြင့် စစ်အစိုးရအပေါ် ပတ္တနိကုဇ္ဇနကံဆောင် သပိတ်မှောက်ခြင်း ပြုလုပ်ခဲ့ဖူးသည်။

ယနေ့ထိတိုင် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု အားကောင်းသည့် မန္တလေးမြို့တွင် သံဃသမဂ္ဂ (မန္တလေး) သပိတ်စစ်ကြောင်း သည်လည်း ဆက်လက်ချီတက် ဆန္ဒပြနေဆဲဖြစ်ပြီး ထိုသို့ စစ်ကောင်စီအား ဆန္ဒပြရာတွင် ပါဝင်မှုကြောင့် ဖမ်းဆီးခံရသည့် သံဃာ ၁၀၀ ကျော်ထိ ရှိကြောင်း သိရသည်။

You may also like these stories:

စစ်ကောင်စီ ဆွမ်းဆန်စိမ်းလောင်းပွဲ သပိတ်မှောက်ဖို့ မန္တလေး သံဃသမဂ္ဂ လှုံ့ဆော်

စစ်ကောင်စီလုပ်မည့် မန်းသင်္ကြန် မြို့ခံအများစု မဆင်နွှဲဟုဆို

Loading