ချင်းပြည်နယ်၊ မတူပီမြို့နယ်သို့ ဝင်ရောက်လာသည့် စစ်ယာဉ်တန်းအား လုံခြုံရေးယူပေးသည့် စစ်ကောင်စီတပ်သားများက တောင်ပေါ် ကားလမ်းဘေးရှိ ရမ်တိန်းရွာကို လုံခြုံရေး အကြောင်းပြ၍ ယနေ့ မွန်းလွဲပိုင်းတွင် မီးရှို့ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးရှို့ခံရသည့် ရမ်တိန်း ချင်းရွာသည် မင်းတပ်-မတူပီလမ်း မိုင်တိုင် အမှတ် ၈၄ အနီးတွင်ရှိပြီး စစ်ယာဉ်တန်း၌ လိုက်ပါ လာသည့် စစ်ကောင်စီတပ်သားများနှင့် လမ်းကြောင်းလုံခြုံရေးယူရန် ဆင်းလာသော မတူပီအခြေစိုက် အမှတ် ၃၀၄ တပ်ရင်းမှ တပ်ဖွဲ့ဝင်များက ပူးပေါင်းမီးရှို့ခဲ့ခြင်း ဖြစ်ကြောင်း မတူပီ CDF အဖွဲ့မှ ခေါင်းဆောင်တဦးက ဧရာဝတီသို့ ပြောသည်။
၎င်းက “ဒီနေ့ ထိတွေ့တိုက်ပွဲဖြစ်တာ မရှိဘူး။ စစ်ကောင်စီယာဉ်တန်းက ဒီနေ့မနက်မှာ ရမ်တိန်းရွာကို ရောက်တယ်။ အဲဒီ စစ်ယာဉ် တန်းကို ဆင်းကြိုတဲ့ မတူပီအခြေစိုက်တပ်နဲ့ သူတို့ပေါင်းမိသွားပြီ။ ဒီနေ့ မွန်းလွဲပိုင်းမှာ အဲဒီရမ်တိန်ရွာကို သူတို့ မီးလိုက်ရှို့နေတယ်။ အခု တရွာလုံးလောင်နေတယ်” ဟု ဆိုသည်။
စစ်ကောင်စီတပ်နှင့် မတူပီ ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကြား ယနေ့ တိုက်ပွဲဖြစ်ပွားခြင်း တစုံတရာ မရှိသောကြောင့် လူဦးရေ ၃၀၀ ကျော်ရှိသည့် ရမ်တိန်းရွာမှာ တိုက်ပွဲကြောင့် မီးလောင်ခြင်း မဟုတ်ဘဲ စစ်ကောင်စီက အရပ်သားများကိုပါ ရန်သူကဲ့သို့ သဘော ထားသည့်အတွက် ထိုသို့ကျေးရွာများကိုပါ မီးရှို့နေခြင်းဖြစ်ကြောင်း မတူပီဒေသခံများက ပြောသည်။
မတူပီမြို့ခံတဦးက “ရမ်တိန်းရွာဘက် မီးလောင်တယ်လို့တော့ ကြားတယ်။ အဲဒီနေရာက မြို့နဲ့ နည်းနည်းအလှမ်းဝေးတော့ သေချာတော့ မသိရဘူး။ ကျနော်တို့ မြို့ခံတွေလည်း မြို့ပြင်ကို ထွက်လို့မရဘူး။ အဲဒါက ကြာပါပြီ။ ကျန်းမာရေးကိစ္စကြောင့် ခရီးသွားမယ်ဆိုရင်တောင် စစ်ကောင်စီဆီမှာ ခွင့်ပြုချက်တင်ရတယ်။ အဲဒီလိုစာတင်ပြီးမှ သူတို့ ခွင့်ပြုပေးသင့်၊ မပေးသင့် ဆုံးဖြတ်ကြတယ်” ဟု ပြောဆိုသည်။
သံချပ်ကာကား ၂ စီးနှင့်အတူ စစ်ကားအစီး ၈၀ ကျော် ပါသော စစ်ကောင်စီယာဉ်တန်းသည် မတ်လကတည်းက ချင်းတောင်တန်းသို့ ချီတက်လာခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် မတ် ၂၅ ရက်က မင်းတပ်မြို့သို့ ရောက်ရှိကြောင်း၊ မတ် ၂၆ ရက်တွင် မင်းတပ်-မတူပီ ကားလမ်း အတိုင်း မတူပီမြို့သို့ ဆက်လက်ထွက်ခွာခဲ့ရာ မင်းတပ် CDF အဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့သည့်အတွက် မတူပီမြို့သို့ရောက်ရန် ၁၂ ရက် ကြာမြင့်ခဲ့ကြောင်း သိရသည်။
မင်းတပ်နှင့် မတူပီမြို့သို့ ဆက်သွယ်ထားသော ကားလမ်းမသည် ၁၀၂ မိုင် ရှည်လျားပြီး အဆိုပါ စစ်ကောင်စီယာဉ်တန်းသည် ယမန် နေ့က မတူပီမြို့နယ်အတွင်းသို့ ဝင်ရောက်ခဲ့သည်နှင့်တပြိုင်နက် မိုင်တိုင် အမှတ် ၇၄ တွင် မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်သေ ဆုံးမှုရှိကြောင်းလည်း မတူပီ CDF အဖွဲ့ဝင်များက ပြောသည်။
လက်ရှိအချိန်တွင် အဆိုပါ စစ်ကောင်စီယာဉ်တန်းသည် မတူပီမြို့နယ်အတွင်းက မိုင်တိုင် အမှတ် ၈၀ ကျော်သို့ ရောက်ရှိနေပြီဖြစ်ကာ မီးရှို့ခံရသည့် ရမ်တိန်းကျေးရွာ အပါအဝင် အနီးဝန်းကျင်တွင် တည်ရှိသည့် ကျေးရွာများအား စစ်ကောင်စီက အန္တရာယ်ပြုမည်ကို စိုးရိမ်သည့်အတွက် ဒေသခံများ တောတောင်ထဲသို့ ထွက်ပြေးနေရကြောင်း သိရသည်။
You may also like these stories:
မင်းတပ်တွင် စစ်ကောင်စီတပ်များကို CDF များဝင်တိုက်
လက်နက်အင်အားသာ ရှိရင်တော့ ဒီယာဉ်တန်းကို အပြတ်တိုက်ချင်တယ်