ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုင်းထ (မုံးထ) မြို့နယ်ထဲတွင် ဧပြီလ ၅ ရက် နံနက်ပိုင်းက ‘ဝ’ ပြည် သွေးစည်း ညီညွတ်ရေး တပ် (UWSA) နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားသည်။
ဒေသတွင်း သတင်းရင်းမြစ်များ အဆိုအရ မိုင်းထ (မုံးထ) မြို့နယ်ထဲတွင် မြန်မာစံတော်ချိန် နံနက် ၁၀ နာရီခွဲအချိန်မှ စတင်ကာ UWSA ၏ ၁၇၁ စစ်ဒေသ လက် အောက်ခံ အမှတ် (၁) စစ်နယ်မြေ တပ်ဖွဲ့ဝင်များနှင့် RCSS ၏ တပ်မဟာ ၇၅၇ လက်အောက် ခံ တပ်ရင်း ၂၀၁ တပ်ဖွဲ့ ဝင်များ တိုက်ပွဲ ဖြစ်ပွားခြင်း ဖြစ်ကြောင်းသိရသည်။
ဖြစ်ပွားရခြင်းအကြောင်းအရင်းနှင့် ပတ်သက်၍ “ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ် (UWSA) နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) အဖွဲ့များဆီသို့ ဧရာဝတီက ဆက်သွယ်မေးမြန်းရာ UWSA တောင်ပိုင်းတိုင်း ဆက်ဆံရေးမှူး ဦးစံပီးက RCSS တပ်ဖွဲ့ဝင်၂၀ ကျော်သည် UWSA တပ်ဖွဲ့ဝင်များ အခြေ စိုက်ရာ နယ်ထဲသို နယ်မြေ ကျော်လွန်လှုပ်ရှားလာသဖြင့် မုံးထနှင့် မိုင်းကျွတ်ဒေသ အကြားတွင် တိုက်ပွဲ ဖြစ်ပွားခြင်း ဖြစ်ကြောင်း ပြောသည်။
“သူတို့က နယ်မြေ ကျော်လာတာပေါ့။ ကျနော်တို့က ကောင်းကောင်းမွန်မွန် ပြောပြီးမှ ပြန်ဆုတ်ခိုင်းတယ်။ အဲဒါကို သူတို့ဘက်က ကျနော်တို့ရဲ့ ကင်းထောက်တဲ့ ကလေး ၁ ယောက်ကို ချောင်းပစ်တယ်။ သူတို့ လူအင်အား ၂၀ ကျော် တယ်။ အဲဒါ အပြန်အလှန် ပစ်ခတ်ပြီးတော့မှ သူတို့ဘက်က ၅ ယောက် ကျဆုံးတယ်။ သူတို့ဘက်က လက်နက် အနည်းငယ် ရတယ်။ M-16 တို့ M4 တို့လို လက်နက်တွေပေါ့။ စက်သေနတ်တို့ ဘာတို့ပေါ့” ဟု ၎င်းက ဆိုသည်။
ဆက်လက်၍ ဦးစံပီးက တိုက်ပွဲမှာ မိနစ်ပိုင်းမျှသာ ကြာမြင့် ပြီး RCSS တပ်ဖွဲ့ဝင်များ ပြန်ဆုတ်သွားသဖြင့် လတ် တလော ထပ်မံ တိုက်ပွဲ ဖြစ်ပွားမှု မရှိတော့ကြောင်း ပြောသည်။
RCSS အတွင်းရေးမှူး (၂) ဗိုလ်မှူးခမ်းစံကမူ UWSA တပ်များသည် RCSS တပ်ဖွဲ့၏ စခန်းကုန်းရှိရာသို့ လာရောက် တိုက်ခိုက်လာသဖြင့် တိုက်ပွဲဖြစ်ပွားရခြင်း ဖြစ်ကြောင်း ဆိုသည်။
၎င်းက “UWSA ၁၇၁ စစ်ဒေသအောက်က တပ်ရင်း တပ်ဖွဲ့တွေက ကျနော်တို့ RCSS စခန်းရှိတဲ့နေရာကို သူတို့ တက်ပြီး တိုက်တာပေါ့။ တိုက်ပွဲက ၁၀ မိနစ်ကနေ ၁၅ မိနစ်ကြာတယ်ဗျ။ နောက်ပိုင်းကျတော့ သူတို့ ဆုတ်သွားတယ်။ ဒီနေ့ အထိတော့ တိုက်ပွဲမဖြစ်ဘူး တည်ငြိမ်နေတယ်။ ဒါပေမယ့် စစ်ရေး တင်းမာမှုကတော့ ရှိနေတာပေါ့” ဟု ဆိုသည်။
UWSA တပ်များ နယ်မြေကျူးကျော်လာသည့် အကြောင်းအရင်းကို လတ်တလောတွင် မသိရသေးသော်လည်း တိုက်ပွဲများ ပိုမို ပြင်းထန်လာမှုမရှိစေရေး ၂ ဖက် ညှိနှိုင်းထိန်းသိမ်းရန် လိုအပ်ကြောင်း ဗိုလ်မှူး ခမ်းစံက ပြောသည်။
UWSA တောင်ပိုင်းတိုင်း ဆက်ဆံရေးမှူး ဦးစံပီးကလည်း RCSS ဘက်က နယ်မြေကျူးကျော်လာမှု မရှိပါက နှစ်ဖက် တိုက်ပွဲများ ထပ်ဖြစ်လာမည် မဟုတ်ကြောင်း မှတ်ချက်ပေးသည်။
“၂ လပိုင်းတုန်းက ပထမတခါ သူတို့ ကျူးကျော်ပြီးပြီလေ။ အဲဒီတုန်းက ကျနော်တို့ သည်းခံပြီးပြီ။ အခု ဒုတိယ ၁ ကြိမ် ကျူးကျော်တော့ ဖြစ်တာပေါ့။ တိုက်ပွဲကတော့ သူတို့ ဆက်ဝင်လာရင် ဖြစ်မှာပေါ့။ မဝင်ရင်တော့ မဖြစ်ပါဘူး” ဟု ၎င်း က ဆိုသည်။
ပြီးခဲ့သည့် ဇန်နဝါရီလကုန်ပိုင်းကလည်း UWSA ၏ Wa State TV က ၁၇၁ စစ်ဒေသထဲသို့ ကျူးကျော်ဝင်ရောက်မှုများ ရှိလာပါက UWSA အနေနှင့် သည်းခံမည် မဟုတ်ဘဲ ပြတ်ပြတ်သားသား ခုခံသွားမည်ဟု တရုတ်ဘာသာစကားဖြင့် ကြေညာခဲ့သည်။
ထိုသို့ ကြေညာခဲ့ပြီးနောက် နယ်မြေချင်း ထိစပ်နေသည့် RCSS နှင့် UWSA တို့အကြား တိုက်ပွဲများ ပြန်ဖြစ်လာမည် လားဟု လေ့လာသူများက စောင့်ကြည့်ခဲ့ကြသော်လည်း တိုက်ပွဲမဖြစ်ခဲ့ဘဲ ယခုအခါတွင်မှ တိုက်ပွဲ စတင် ဖြစ်ပွား လာခြင်း ဖြစ်သည်။
RCSS နှင့် UWSA တို့သည် ၂၀၀၂ မှ စတင်ကာ ၂၀၀၅ ခုနှစ်အထိ ရှမ်းပြည်နယ်တောင်ပိုင်း သံလွင်မြစ် အရှေ့ခြမ်း တွင် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့ဖူးပြီး နှစ်ဖက် စစ်ပန်းသွားသည့်နောက် အပစ်အခတ် ရပ်စဲခဲ့ကြသည်။
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်အတွင်း RCSS တပ်ဖွဲ့ဝင်များ ရှမ်းပြည်နယ် မြောက် ပိုင်းသို့ ဖြန့်ကျက်လှုပ်ရှားလာသည့်နောက် ပလောင်(တအန်း) အမျိုးသားလွတ်မြောက်ရေးတပ် (TNLA) နှင့် ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP) ပူးပေါင်းတပ်များဘက်မှ UWSA တပ်ဖွဲ့ဝင်အမြောက်အများ ပါဝင် ကူညီ တိုက်ခိုက်ပေးခဲ့ သည်။
TNLA၊ SSPP နှင့် UWSA တပ်များ၏ ပူးပေါင်း တိုက်ခိုက်မှုကြောင့် တရုတ် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများ အကောင် အထည်ဖော်ရန် ရှိနေသည့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် RCSS သည် ခြေကုပ်နယ်မြေ အတော်များများ လက်လွှတ် ဆုံးရှုံးခဲ့ရပြီး လက်ရှိတွင် ရှမ်းပြည်တောင်ပိုင်းရှိ ၎င်း၏ နယ်မြေအချို့ပါ ခြိမ်းခြောက်ခံနေရသည့် အနေအထား ဖြစ် သည်။
You may also like these stories:
PPST တွင် ပါဝင်မှု အဆင့် RCSS လျှော့ချ
အာဏာသိမ်းအလွန် မြန်မာစစ်ပွဲ ‘ဝ’ ကနဦး အနိုင်ရနေ
RCSS တပ်မဟာမှူးနှင့် လက်နက်ခဲယမ်းများ SSPP ဖမ်းဆီး