ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်၊ ရက်ခိုငျ့တပျတောျ (ULA/AA) အနေဖြင့် ပြည်နယ်အတွင်း သြဇာလွှမ်းမိုးထားမှုနှင့်အတူ တော်လှန်ရေးကာလအတွင်း ကြွေးကြော်ထားသော ရက္ခိတအိပ်မက် (Arakan Dream) မှာလည်း လက်ရှိ အခြေအနေတွင် တဝက်ကျော်ရောက်ရှိနေပြီ ဖြစ်ကြောင်း ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက သတင်းမီဒီယာများမှတဆင့် ထုတ်ဖော်ပြောဆိုလိုက်သည်။
ဧပြီ ၅ ရက်က ပြုလုပ်ခဲ့သော ULA/AA ၏ အွန်လိုင်းမှတဆင့် သတင်းစာရှင်းလင်းပွဲတွင် ၂၀၂၀ Arakan Dream ဆိုသည့် ရက္ခိတ အိပ်မက်ကို ချမှတ် အကောင်အထည်ဖော်နေသည့် အခြေအနေနှင့် ပတ်သက်ပြီး မည်မျှအထိ ခရီးရောက်နေပြီ၊ ပန်းတိုင်ရောက်ခါနီး ပြီလားဆိုသည့် မေးမြန်းမှုအပေါ် ဦးခိုင်သုခက အထက်ပါအတိုင်း ပြန်လည်ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ဦးခိုင်သုခက “အရင်တုန်းကဆိုရင် ကျနော်တို့ လုံးဝ အသိအမှတ်ပြုမှုတောင်မှ မခံရဘူး။ အားလုံးဘက်က ကျနော်တို့ကို သိမ် ဖျင်းအောင် နည်းမျိုးစုံနဲ့ ဝ်ိုင်းဝန်းပြီးတော့ လုပ်ခဲ့ကြတယ်။ ဒီနေ့ အချိန်အခါမှာ ကျနော်တို့ ULA/AA ဆိုတာ ရခိုင်ဒေသမှာ၊ ရခိုင်ပြည် သူရှေ့မှာ မားမားမတ်မတ် ရပ်တည်ပြီးတော့လုပ်နေတဲ့ အဖွဲ့အစည်းကြီးတရပ် ဖြစ်နေပါပြီ။ ပြောမယ်ဆိုရင် အာရက္ခဒေသ (ရခိုင်ဒေ သ) ကျနော်တို့ ရခိုင်ပြည်သူ့အစိုးရအဖွဲ့ကနေပြီးတော့ လုပ်ငန်းစဉ်တွေကို နေ့စဉ်နဲ့အမျှ လုပ်ဆောင်နေတဲ့အဆင့်ကို ရောက်နေပါပြီ။ အဲဒါကြောင့် ကျနော်တို့ မိုင်တိုင်နဲ့ မပြောနိုင်ပေမယ့် ခရီးတဝက်ကျော် ၃ ပုံ ၂ ရောက်နေပြီလို့ ပြောလို့ရတယ်” ဟု ပြောသည်။
ရက္ခိုင့်တပ်တော် (AA) ၏ ၂၀၁၉ ကာလသည် မုန်တိုင်းကို ဖြတ်ကျော်သည့် ကာလအဖြစ် သတ်မှတ်ကာ ၂၀၂၀ Arakan Dream ဆိုသည့် ကြွေးကြော်ချက်များဖြင့် ရခိုင်လူထု၏ ထောက်ခံမှုကို ရယူခဲ့သော်လည်း ၂၀၂၀ Arakan Dream ဆိုသည့် ရက္ခိတအိပ်မက် နှင့် ပတ်သက်ပြီး တိတိကျကျ အဓိပ္ပာယ်ဖွင့်ဆိုထားခြင်းကို မတွေ့ရပေ။
စစ်ရေး၊ နိုင်ငံရေး လေ့လာသူများကမူ AA ၏ ၂၀၂၀ Arakan Dream သည် ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် တပ်ဖွဲ့ဝင်များ ခြေကုပ်ယူ ပြီး ရခိုင်ပြည်နယ်အတွင်း အခြေပြုနိုင်အောင် ကြိုးပမ်းခြင်းမျိုးသာ ဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုကြသည်။
AA အနေဖြင့် ဦးသိန်းစိန်အစိုးရလက်ထက်၌ ငြိမ်းချမ်းလုပ်ငန်းစဉ်များနှင့် ပတ်သက်သည့် အခမ်းအနားများကို တက်ရောက်ခွင့် မရခဲ့ သလို အသိအမှတ်ပြုမခံရမှုနှင့်အတူ လက်နက်စွန့်ရန် စစ်တပ်ခေါင်းဆောင်များက အမျိုးမျိုးဖိအားပေးဆက်ဆံခဲ့သည်။
ထိုသို့ လူရာသွင်းမခံရသည့် အနေအထားမှ AA သည် ၂၀၁၈၊ ၂၀၁၉၊ ၂၀၂၀ ကာလများတွင် တိုက်ပွဲဖော်ဆောင်ပြီး ဖြတ်သန်းခဲ့သည့် အခြေအနေများနှင့် လက်ရှိတွင် အုပ်ချုပ်ရေး၊ တရားစီရင်ရေး လုပ်ငန်းများကိုပါ အကောင်အထည်ဖော်ကာ ဖြတ်ကျော်နေမှုများကို ကြည့်ခြင်းအားဖြင့် ရက္ခိတအိပ်မက် မည်မျှအထိ ရောက်ရှိနေပြီကို ပြည်သူများ အနေဖြင့် ခန့်မှန်းသိရှိနိုင်မည် ဖြစ်ကြောင်းလည်း ဦးခိုင် သုခက ပြောသည်။
လက်ရှိ အခြေအနေတွင် ရက္ခိုင့်တပ်တော် (AA) သည် ၂၀၂၀ နှစ်လယ်ပိုင်း စစ်တပ်နှင့် ယာယီအပစ်အခတ် ရပ်စဲထားကတည်းက ပြည်နယ်အတွင်း အုပ်ချုပ်ရေးလုပ်ငန်းနှင့် တရားစီရင်ရေး လုပ်ငန်းများကိုပါ တွင်တွင်ကျယ်ကျယ် အကောင်အထည်ဖော်ကာ အစိုးရတရပ်ကဲ့သို့ အာဏာထူထောင်လျက် ရှိသည်။
သို့သော် ထိုသို့ အကောင်အထည်ဖော်ဆောင်နေသည့် အချိန်အတွင်း ULA/AA အောက်ခြေအဖွဲ့အစည်းများ၏ အာဏာအလွဲသုံးစား လုပ်မှု၊ အကျင့်ပျက်ခြစားမှုများနှင့် ပတ်သက်ပြီး ရခိုင်ပြည်သူလူထု၏ ဝေဖန်မှုကို ခံနေရသည်။
ကျောက်တော်မြို့ခံတဦးက “အရင်တုန်းကတော့ AA တပ်ဖွဲ့ဝင်တွေဆိုရင် ရခိုင်ပြည်သူအားလုံးက ချစ်ခင်အားပေးကြတယ်။ အခု ကတော့ ယုံကြည်ချစ်ခင်ကြတဲ့နေရာမှာ ကြောက်ရွံ့စိုးရိမ်မှုတွေ ရှိလာတယ်။ မပြောရဲ၊ မဆိုရဲတဲ့ အခြေအနေ ဖြစ်နေတယ်။ ကျနော်တို့ ကတော့ တည်ဆောက်ရေးကာလကို နားလည်ပေမယ့် ဒီအတိုင်း မပြုပြင်ဘဲထားရင်တော့ လူထုထောက်ခံမှု ကျဆင်းလာလိမ့်မယ်။ ဒါတွေက ပြုပြင်လို့မရတဲ့ကိစ္စတွေ မဟုတ်တဲ့အတွက် ခေါင်းဆောင်ပိုင်းတွေ အချိန်မီ ပြုပြင်နိုင်လိမ့်မယ်လို့တော့ ယုံကြည်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
ULA/AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက လုပ်ပိုင်ခွင့်အလွဲသုံးစားမှုနှင့် အကျင့်ပျက်ခြစားမှု လုပ်ရပ်များကို လုံးဝ လက်ခံထားခြင်း မရှိသည့်အတွက် တိတိကျကျ စုံစမ်းစစ်ဆေးပြီး အရေးယူမှုများ လုပ်ဆောင်ထားကြောင်း၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးပိုင်းမှ အကျင့်ပျက်သည့် ပုဂ္ဂိုလ်တချို့အား အပြစ်ပေးအရေးယူခြင်း၊ ထုတ်ပယ်ခြင်းများ ပြုလုပ်ထားသလို လက်ရှိ အခြေအနေတွင် ခုံရုံးဖွဲ့ စစ်ဆေးနေသည့် တရာရေးဝန်ထမ်းများနှင့် အုပ်ချုပ်ရေပိုင်းမှ ဝန်ထမ်းများလည်းရှိကြောင်း ဧပြီ ၅ ရက် သတင်းစာရှင်းလင်းပွဲတွင် ဖြေကြားခဲ့သည်။
လက်ရှိ အခြေအနေတွင် ULA/AA က အကောင်အထည်ဖော် ဆောင်ရွက်နေသည့် အုပ်ချုပ်ရေးလုပ်ငန်းနှင့် တရားစီရင်ရေး လုပ်ငန်းများကို စစ်ကောင်စီက စာရေးပြီး တောက်လျှောက်ကန့်ကွက်နေသလို အောက်ခြေတွင်လည်း စစ်အင်အားအသုံးပြု နှောင့် ယှက်ရန် ကြိုးပမ်းလာနေမှုများ ရှိသည့်အတွက် နှစ်ဖက်စစ်ရေးတင်းမာမှု ဖြစ်ပေါ်နေရာ စစ်ကောင်စီ အနေဖြင့် သတိထားလုပ်ဆောင် ရန် လိုအပ်ကြောင်းလည်း ဦးခိုင်းသုခက သတိပေး ပြောဆိုထားသည်။
You may also like these stories :
ရခိုင်ပြည်နယ် အုပ်ချုပ်ရေးနှင့်တရားစီရင်ရေးကို မနှောင့်ယှက်ရန် စစ်ကောင်စီကို AA သတိပေး
ချင်းတိုင်းရင်းသား စစ်ရှောင် ၁၃၀၀ ကျော်ကို နေရပ်ပြန်ပို့မည်