စစ်ကောင်စီ ဦးစီးသည့် သင်္ကြန်ပွဲတော်အား ပြည်သူများ သပိတ်မှောက်ရန် တော်လှန်ရေးအဖွဲ့အစည်း များက တိုက်တွန်းနေသော်လည်း သင်္ကြန်ကာလတွင် ကမ်းခြေများ၌ အပန်းဖြေရန် စီစဉ်နေသူများပြားကြောင်း ခရီး သွား လုပ်ငန်းရှင်များထံက သိရသည်။
လက်ရှိတွင် ချောင်းသာ၊ ငပလီ၊ ငွေဆောင် အစရှိသည့် ကမ်းခြေများတွင် သင်္ကြန်ရုံးပိတ်ရက်အတွင်း အပန်းဖြေခရီး လာရောက်မည့်သူများ အလွန်များပြားနေကာ ဟိုတယ်များ Booking ပြည့်နေကြောင်း ခရီးသွားလုပ်ငန်း လုပ်ကိုင်နေ သူများက ဆိုသည်။
အခြားဒေသများထက် တည်ငြိမ်မှု ပိုရှိသည့် ရခိုင်ပြည်နယ်၊ ငပလီကမ်းခြေသို့ သွား ရောက်သူ ပို၍ များပြီး ဟိုတယ်အများစုမှာ အခန်းလွတ် မရှိတော့ကြောင်း ဟိုတယ်တချို့၏ ပြောဆိုချက်အရ သိရ သည်။
ငပလီကမ်းခြေရှိ ဟိုတယ်တခုမှ တာဝန်ရှိသူတဦးက “ကျနော်တို့ ဟိုတယ်ကတော့ သင်္ကြန်ကာလအတွက် အခန်းမရ တော့ပါဘူး။ သင်္ကြန်ပြီးမှပဲ အခန်းတွေ ပြန်ရနိုင်တော့မယ်။ ကျနော်တို့လိုပဲ နီးစပ်ရာ ဟိုတယ်တွေလည်း ဘွတ်ကင် ပြည့်နေလို့ အခန်း မရတော့ဘူး” ဟု ဧရာဝတီကို ပြောသည်။
ထို့ပြင် ရန်ကုန်-သံတွဲ၊ ငပလီ ကားလက်မှတ်ခမှာ ယခင် ကျပ် ၂၀၀၀၀ ဝန်းကျင်သာ ရှိရာမှ ယခုအချိန်တွင် ကျပ် ၃၅၀၀၀ အထိနှင့် လေယာဉ် လက်မှတ်နှုန်းထားများလည်း အနည်းငယ် ဈေးတက်သွားကာ၊ ဒေသထွက် အစားအစာ များ၏ ဈေးနှုန်းများလည်း တက်လာကြောင်း ငပလီဒေသခံ တဦးက ဆိုသည်။
“ရန်ကုန်၊ မန္တလေးတို့ဘက်က လာမယ့် ဧည့်သည်တွေ အရမ်းများတော့ ဟိုတယ်၊ တည်းခိုခန်းအခန်းတွေ မလောက်ငှ လို့ လုံးချင်းအိမ်တွေ မှာတဲ့အထိ ရှိတယ်။ ဒီလို အခြေအနေမျိုးမှာ လာရောက် လည်ပတ်တာ ဈေးရောင်းရတာပေါ့ ဗျာ။ ဒါပေမယ့် ဧည့်သည် အလာများလို့ ကုန်ဈေးနှုန်းတွေလည်း တက်သွားတယ်။ အရင်တုန်းက ငနီတူ တပိဿာ ကျပ် ၄၀၀၀ လောက်နဲ့ ရတယ်။ အခုဆိုရင် ရန်ကုန်က ဧည့်သည်တွေ လာရင် ဝယ်မယ် ဆိုပြီးတော့ စီးပွားရေးသမား တွေက လှောင်ထားတော့ တပိဿာ ၇၅၀၀ ဈေးအထိ ပေါက်နေပြီ” ဟု ၎င်းက ပြောသည်။
ချောင်းသာနှင့် ကမ်းခြေရှိ ဟိုတယ်ဖွင့်လှစ်ထားသူတဦးကလည်း ဟိုတယ်ခန်းများ ပြည့်သည်အထိ ကြိုတင်အခန်း မှာယူမှုများ ရှိနေကြောင်း ပြောဆိုသည်။
ထို့ပြင် မြန်မာနိုင်ငံ၏ အပန်းဖြေနေရာ တခု ဖြစ်သော ပုဂံဒေသတွင်လည်း ပြည်တွင်း ခရီးသွား ဧည့်သည်များက သင်္ကြန် ရုံးပိတ်ရက်အတွင်း လာရောက် လည်ပတ်မည့်သူ များပြားနေသဖြင့် အခန်းများ ပြည့်သည်အထိ ဖြစ်နေ ကြောင်း ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများထံက သိရသည်။
ပုဂံမြို့ ဒေသခံ တဦးက “ဒီမှာတော့ ဟိုတယ် အသေးလေးတွေက အခန်းတွေ အပြည့်ပဲ။ ဖွင့်ရဲတဲ့ ဟိုတယ်တွေပေါ့။ တချို့ကတော့ ဝန်ထမ်းမရှိတော့ မဖွင့်ကြတာနဲ့ အခု နိုင်ငံရေး အခြေအနေအရရောပေါ့။ ဟိုတယ် အလုံး ၁၀၀ ရှိရင် ၁၀ လုံးလောက်ပဲ ဖွင့်တာပေါ့။ ဖွင့်တဲ့ဟိုတယ်တော့ အခန်းအပြည့်ပဲ။ ကျနော်တို့ ဒေသခံတွေကတော့ စစ်ကောင်စီက မဏ္ဍပ်တွေ ဘာတွေ လုပ်ရင်တော့ ဧည့်သည်ကို ဝမ်းစာအရ ဘုရားတွေ လိုက်ပို့ရရင်တောင် ရေကစား ထွက်မယ် ဘာ ညာ ဆိုရင် မဏ္ဍပ်တွေ မပို့နိုင်ဘူးလို့ ပြောထားတယ်။ မဖြစ်မနေ ဖြတ်ရမယ့် မဏ္ဍပ်လောက်ပဲ ဖြတ်မယ်။ ဒီအတိုင်း တော့ လိုက်မပို့နိုင်ဘူးပေါ့။ အဲဒီလိုတော့ တဆင့်စကား တဆင့်နဲ့ လုပ်ထားကြတယ်” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိ ပုဂံဒေသတွင် ရေကစား မဏ္ဍပ်ဆောက်ခြင်းများ မရှိသေးသော်လည်း သင်္ကြန်နားနီးပါက စစ်ကောင်စီက ပြုလုပ်လာနိုင်သည့် အခြေအနေများ ရှိနေပြီး စစ်ကောင်စီ၏ ဌာနဆိုင်ရာများတွင်လည်း သင်္ကြန်ယိမ်းအကများ တိုက် နေသည်ကို သိရှိကြောင်း ဒေသခံများထံက သိရသည်။
စစ်ကောင်စီကို ဆန့်ကျင်နေကြသည့် တော်လှန်ရေး အဖွဲ့အစည်းများက “အပျော်သင်္ကြန် ဒို့ငြင်းဆန် တော်လှန်သင်္ကြန် ပြည်သူ့အသံ” ဟု သင်္ကြန်ပွဲတော်အား မဆင်နွှဲကြရန်တိုက်တွန်းမှုများ ရှိသည့်အပြင် သင်္ကြန်ကာလတွင် စစ်ကောင်စီ စီစဉ်သော မဏ္ဍပ်များ၌ လည်ပတ်ခြင်းများကို ရှောင်ကြဉ်ကြရန်လည်း သတိပေးမှုများလည်း ရှိနေသည်။
လာမည့် သင်္ကြန်ကာလအတွက် စစ်ကောင်စီက တည်ငြိမ်အေးချမ်းမှုရှိသယောင်ဖြင့် သင်္ကြန်ပွဲကျင်းပကာ စည်ကား စေရန် ကြိုးပမ်းနေသလို စစ်ကောင်စီ၏ သင်္ကြန်ပွဲတွင်လည်း ပါဝင်ခြင်း မရှိဘဲ သီးသန့် သင်္ကြန်ပွဲပါတီနှင့် DJ ပွဲများကို လည်း ငွေဆောင်ကမ်းခြေရှိ ဟိုတယ်များတွင် ပြုလုပ်ရန် စီစဉ်နေကြသလို၊ ထိုအစီအစဉ်များကို Facebook ကဲ့သို့ လူမှုကွန်ရက်များကတဆင့် ရောင်းချမှုများလည်း ရှိနေကြောင်း သိရသည်။
You may also like these stories :
စစ်ကောင်စီလုပ်မည့် မန်းသင်္ကြန် မြို့ခံအများစု မဆင်နွှဲဟုဆို
စစ်ကောင်စီ ဖိအားပေးမှုအောက် ရုပ်ရှင်ရုံတွေ မြန်မာနှစ်ဆန်း ပြန်ဖွင့်မည်
သီးသန့်ပါတီသင်္ကြန်ပွဲ တချို့ ကျင်းပဖို့ စီစဉ်နေ