မြန်မာဘက်မှ တင်သော ငရုတ်သီးတွင် ကိုဗစ်ပိုး ပါသည်ဆိုသော အကြောင်းပြချက်နှင့် တရုတ်နိုင်ငံဘက်က မူဆယ် ၁၀၅ မိုင်တွင် တင်ပို့ခွင့် ပိတ်ထားသောကြောင့် ငရုတ်တင်ကုန်ကားများ ရာနှင့်ချီ ပိတ်မိနေကြောင်း လုပ်ငန်း ရှင်များ ထံက သိရသည်။
မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တွင် တရုတ်ဘက်သို့ တင်ပို့မည့် ငရုတ်သီးကားမှာ ရာနှင့်ချီ ပိတ်မိနေခြင်းဖြစ်ပြီး ငရုတ်သီး ကုန်တင်ကား တစီးလျှင် အနည်းဆုံး ကျပ်သိန်းပေါင်း ၅၀၀ မှ ကျပ်သိန်းပေါင်း ထောင် ကျော်အထိ တန်ဖိုးအသီးသီး ရှိကြောင်း ငရုတ်သီးကုန်သည်များက ပြောသည်။
မြန်မာ့ငရုတ်ဈေးကွက်နှင့် နည်းပညာ ဖွံ့ဖြိုးရေး အသင်း ဥက္ကဋ္ဌ ဒေါ်ဥမ္မာကျော်က “ကျမတို့ ငရုတ်တင်ပို့တာကတော့ အကုန်လုံး လမ်းပိတ်ထားတော့ ထိခိုက်မှုတွေ ရှိနေတယ်။ မနေ့က တင်ထားတာတော့ ပြန်ဖွင့်မယ်၊ ဒါပေမယ့် ဘယ် တော့ ပြန်ဖွင့်မယ် ဆိုတာတော့ ရက်အတိအကျ မသိသေးဘူး။ အခုက ကားနဲ့ ငရုတ်သီးကို တင်ပို့တဲ့အခါမှာ အရမ်း ဆုံးရှုံးတယ်။ မနေ့ကလည်း ကွင်းထဲမှာဆိုရင် ၇၃ စီးအထိ ရှိနေတယ်။ ရပ်စောင့်နေရတာ ဆိုတော့ ဆုံးရှုံးမှုကတော့ ရှိနေတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ယခုနှစ်အတွင်း တရုတ်ဘက်က ကိုဗစ်-၁၉ ရောဂါပိုးကို အကြောင်းပြကာ နယ်စပ်ဂိတ်များကို ဖွင့်လိုက်၊ ပိတ်လိုက် မကြာခဏ လုပ်ခြင်းကြောင့်လည်း မြန်မာကုန်သည်များနှင့် စိုက်ပျိုးတောင်သူများ အရှုံးနှင့် မကြာခဏဆိုသလို ရင် ဆိုင်ရမှုများ ရှိနေကြောင်း ၎င်းက ရှင်းပြသည်။
ထို့သို့ နယ်စပ်ဂိတ်များ ဖွင့်လိုက်၊ ပိတ်လိုက်ဖြစ်ခြင်းကြောင့် လက်ရှိ ငရုတ်သီးတင်ပို့မှုကို နယ်စပ်ကုန်သွယ်ရေးထက် လေကြောင်းနှင့် ပင်လယ်ရေကြောင်း ကုန်သွယ်ရေးတို့မှ တင်ပို့ရန်လည်း ပြင်ဆင်နေကာ လေကြောင်းဖြင့် တင်ပို့ပါက တစီးလျှင် အမေရိကန် ဒေါ်လာ ၃ သောင်းခန့် ကုန်ကျစရိတ် ရှိကြောင်း သိရသည်။
ငရုတ်သီး တပိဿာလျှင် မြန်မာကျပ်ငွေ ၃၀၀၀ ခန့် အရင်းရှိပြီး တရုတ်ငွေဖြင့်ဆိုလျှင် ၁ ပိဿာ ယွမ် ၇၀ နီးပါး (မြန်မာကျပ်ငွေ ၃ သောင်း) အထိ ရရှိသောကြောင့် အကျိုးအမြတ်ရရှိသော သီးနှံတမျိုး ဖြစ်ကြောင်း လုပ်ငန်းရှင် များက ပြောသည်။
ဆက်လက်၍ ဒေါ်ဥမ္မာကျော်က “ဈေးရသလို လေယာဉ်နဲ့ တင်ပို့ရင် စရိတ်စကက အရမ်းကြီးတယ်။ နောက်ပြီးတော့ အခုက ငရုတ်သီး ကျချိန်ရောက်နေတော့ လေဝင်သွားမှာ၊ မိုးရေစိုမှာ အရမ်းကြောက်ရတယ်။ အရည်အသွေး အရမ်း ကောင်းမှ ပို့လို့ရတဲ့ အခြေအနေ ဖြစ်တယ်။ အခုတော့ ကျောက်ဆည်တဝိုက်က ငရုတ်သီးတွေ ထွက်လာပြီ။ အခုလို ထွက်ခါစ ဈေးကောင်းတဲ့အချိန်နဲ့ ဆိုရင် တင်ပို့လို့ ကောင်းတယ်။ တရုတ်တနိုင်ငံထဲကိုပဲ ငရုတ်သီးက တင်ပို့တာ။ သူက လိုအပ်ချက် အရမ်းများတယ်။ ဈေးပေးတာလည်း ကောင်းတယ်” ဟု ဆိုသည်။
မြန်မာနိုင်ငံတွင် ငရုတ်သီးကို ဧရာဝတီတိုင်း၊ မန္တလေးတိုင်း၊ ကျောက်ဆည်၊ ရမည်းသင်း၊ မကွေးတိုင်း အစရှိသည်တို့မှ အများဆုံးထွက်ရှိပြီး တဧက စိုက်ပျိုးစရိတ်မှာ ကျပ်သိန်းပေါင်း ၁၅၀ မှ ၃၀၀ အထိ ကုန်ကာ တရုတ်နိုင်ငံသို့ တနှစ် လျှင် တန်ချိန် ပျမ်းမျှ ၃ ထောင်၊ ၄ ထောင်နှင့် အထက် သွားနေကြောင်း သိရသည်။
ထို့ပြင် မြဝတီနယ်စပ်ဂိတ်မှ ထိုင်းနိုင်ငံသို့ အနည်းငယ်တင်ပို့ပြီး ထိုမှတဆင့် မလေးရှား၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ ထိုင်ဝမ်အစရှိသည့် တို့ကို တင်ပို့သည်များလည်း ရှိပြီး လက်ရှိတွင် တိုက်ပွဲများကြောင့် မြဝတီနယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းမှာ လည်း ကုန်သွယ်မှု ရပ်တန့်မှု နီးပါးဖြစ်နေသည်။
မူဆယ်နယ်စပ်ကုန်သည်တဦးက “ကျနော်တို့ တိုင်းပြည်က ကမောက်ကမ ဖြစ်ရတဲ့ အထဲမှ အခု နယ်စပ်ကလည်း လမ်းကြောင်းက ပိတ်လိုက်၊ ဖွင့်လိုက်ဆိုတော့ တောင်သူတွေလည်း တော်တော်အထိနာတယ်။ အခုဆို စက်သုံးဆီ ဈေးတွေ၊ မြေဆီတွေ၊ အလုပ်သမားခတွေ အားလုံးက ဈေးတက်တယ်ဆိုတော့ ဘယ်လို ပြောရမှန်းတောင် မသိ တော့ဘူး။ ခါတိုင်း ဆို ဒီအချိန်က ပို့ကုန်တွေကို အများကြီးပို့နေတာ ဒီနှစ်ကတော့ နည်းတယ်။ တော်တော်ကြီးကို ဆုံးရှုံးမှုများတယ်” ဟု ပြောသည်။
နယ်စပ်တွင် ပိတ်မိပြီး ရက်ကြာသွားသည့် ငရုတ်သီးများကို တချို့ကုန်သည်များက အခြောက်လှန်း၍ ကြာရှည်ခံ အောင် လုပ်လိုက်သော်လည်း ငရုတ်စိမ်း ၄ ပိဿာကို အခြောက် ၁ ပိဿာသာ ပြန်ရသည့်အတွက် ဆုံးရှုံးမှုများက ကြီး ကြောင်း ၎င်းက ဆိုသည်။
တရုတ်ဘက်က လက်ရှိတွင် ဖရဲနှင့် ငှက်ပျော ကားများကို ပေးဝင်သော်လည်း ငရုတ်သီးကို ကိုဗစ်ပိုး တွေ့သည်ဟု ဆို ကာ နယ်စပ်မှ ပေးမဝင်သောကြောင့် ပျမ်းမျှ တန်၂၀ ကား ၁ စီးလျှင် ကျပ်သိန်း ရာနှင့်ချီ၍ ဆုံးရှုံးနေပြီး အအေးခန်း ထားသည့် အပေါ်လိုက်ကာ ဆုံးရှုံးမှုကြီးကြောင်း သိရသည်။
မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးတွင် တရုတ်ဘက်က ကိုဗစ်-၁၉ ရောဂါပိုး တွေ့၍ ဂိတ်ပိတ်ခြင်း၊ မူဝါဒပြောင်းလဲမှု ကြောင့် ပိတ်ခြင်း အစရှိသဖြင့် အကြောင်းအမျိုးမျိုးနှင့် ပိတ်ခြင်းများ ရှိနေသည့် အပြင် မြန်မာနိုင်ငံ၏ အဓိက နယ်စပ် ကုန်သွယ်ရေးဖြစ်သော မြဝတီနယ်စပ်ကုန်သွယ်ရေးမှာလည်း တိုက်ပွဲများကြောင့် သွားမရဖြစ်နေသဖြင့် ကုန်သည်များ အထိနာနေကြောင်း ၎င်းတိုက ပြောသည်။
You may also like these stories:
ဒေါ်လာမှ ကျပ်ပြောင်းမည့် မူဝါဒသစ်မှ ဂျပန်လုပ်ငန်းများ ကင်းလွတ်ခွင့်ပေးရန် သံရုံးတောင်းဆို
နိုင်ငံခြားငွေကြေး သတ်မှတ်ချက်ကြောင့် ပို့ကုန်သီးနှံဈေးကွက် မတည်ငြိမ်
မြဝတီ ကုန်သွယ်ရေး လမ်းကြောင်း ပိတ်ထား၍ သွင်းကုန်ဈေးနှုန်းများ မြင့်လာနိုင်