ပြည်ပမှရရှိလာသော အမေရိကန်ဒေါ်လာများကို ၁ ရက်အတွင်း သတ်မှတ်ထားသည့် နှုန်းထားအတိုင်း ကျပ်ငွေဖြင့် လဲလှယ်ရမည့် ညွှန်ကြားချက်အသစ်ကြောင့် ပြည်တွင်း၌ ဝေဖန်မှုမြင့်တက်နေချိန် ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ သည် ၎င်း၏နေအိမ်၌ သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရပြီး သေဆုံးသွားခဲ့သည်။
ယနေ့ (ဧပြီ ၇ ရက်) နေ့လယ် ၁၁ နာရီဝန်းကျင်အချိန် ရန်ကုန်မြို့ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင် ကိုယ်မင်းကိုယ်ချင်း ရပ်ကွက်ရှိ ၎င်း၏နေအိမ် တိုက်ခန်းရှေ့တွင် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရပြီး တပ်မတော်ဆေးရုံ၌ ဆေးကုသမှု ခံယူနေစဉ် ယနေ့ညနေ ပိုင်းတွင် သေဆုံးသွားခဲ့ကြောင်း သတင်းရင်းမြစ်တချို့က ဧရာဝတီသို့ ပြောသည်။
စစ်ကောင်စီဘက်ကမူ ဒေါ်သန်းသန်းဆွေ ပစ်ခတ်ခံရသည့် ဖြစ်စဉ်ကို အတည်ပြုထားပြီး တပ်မတော်စစ်ဆေးရုံတွင် ကျန်းမာရေး အခြေအနေ ကောင်းမွန်ကြောင်း ပြည်တွင်းမီဒီယာတချို့ကို ဖြေကြားထားသည်။
အသက် ၅၅ နှစ် ဝန်းကျင်အရွယ်ရှိ ဒေါ်သန်းသန်းဆွေသည် စစ်တပ်က အာဏာသိမ်းပြီးနောက် ဗဟိုဘဏ်ညွှန်ကြားရေးမှူး ချုပ်ရာထူးမှ ဒုဥက္ကဋ္ဌအဖြစ် ပြောင်းလဲတာဝန်ထမ်းဆောင်ခဲ့ရသူ ဖြစ်သည်။
ဒေါ်သန်းသန်းဆွေသည် ပြီးခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အရပ်သားအစိုးရလက်ထက်တွင် ဘဏ်လုပ် ငန်းနှင့် ငွေရေးကြေးရေးကဏ္ဍ၌ ငွေသားကိုင်ဆောင်မှုလျှော့ချပြီး ဒစ်ဂျစ်တယ်ငွေကြေးစနစ် (Cashless) ဖွံ့ဖြိုးတိုးတက်ရန် ဦးဆောင်လုပ်ဆောင်ခဲ့သူတဦး ဖြစ်ကြောင်း ဗဟိုဘဏ်တွင် တာဝန်ထမ်းဆောင်နေသော အကြီးတန်းအရာရှိတဦးက ဧရာဝတီသို့ ပြောသည်။
၎င်းက “တကယ့်လူတော်ပါ။ သူတို့ မိသားစုတွေအကုန်လုံးက Banking နဲ့ ပတ်သက်ပြီး နေရာတခုမှာ ရှိနေကြတာ။ ဘယ် အစိုးရတက်တက် တိုင်းပြည်နဲ့ ဘဏ်လုပ်ငန်းကဏ္ဍ တိုးတက်ရေးအတွက် အာရုံစိုက်ပြီး အလုပ်ကြိုးစားတဲ့သူလို့ ပြောလို့ရ တယ်” ဟု ဆိုသည်။
ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေအား ယနေ့ နံနက်ပိုင်းတွင် “ပျံလွှားအောင်” စစ်ဆင်ရေး၏ နောက်ဆုံးစစ်ဆင်ရေး အဖြစ် ပစ်ခတ်တိုက်ခိုက်မှု ပြုလုပ်ကာ စစ်ဆင်ရေးအား အောင်မြင်စွာ အဆုံးသတ်ခဲ့ပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်းစစ်ဒေသ ကွပ်ကဲရေးအဖွဲ့က ယနေ့ ညပိုင်းတွင် သတင်းထုတ်ပြန်လာသည်။
တဖက်တွင်လည်း ဗဟိုဘဏ်၏ လတ်တလော ပြောင်းလဲလိုက်သော အမေရိကန်ဒေါ်လာမှ ကျပ်ငွေ ပြောင်းလဲခိုင်းသည့် ညွှန်ကြားချက်ကြောင့် စီးပွားရေးလုပ်ငန်း အသိုင်းအဝိုင်းကြားတွင် ဗဟိုဘဏ်အပေါ် မကျေနပ်မှုများ မြင့်တက်နေသည်။
စီးပွားရေးလုပ်ငန်းရှင်တဦးက “သူတို့ သတ်မှတ်တဲ့ နှုန်းထားက အပြင်ပေါက်ဈေးနဲ့ဆိုရင် ၁ ဒေါ်လာကို ကျပ် ၂၀၀ ကွာ တယ်လေ။ ၂၀ ရာခိုင်နှုန်းပေါ့။ ဒေါ်လာကို သိန်း ၁၀၀၀ (ကျပ်) ရှိတဲ့သူက နေရင်းထိုင်းရင်း ကျပ်သိန်း ၂၀၀ ဆုံးရှုံးသွား တာလေ” ဟု ပြောဆိုသည်။
ယခုလို လုပ်ကြံသတ်ဖြတ်ခံရမှုသည် ပြီးခဲ့သည့် ၂၀၂၁ နိုဝင်ဘာလအတွင်းက ဆက်သွယ်ရေးအော်ပရေတာ Mytel ကုမ္ပဏီ၏ ဘဏ္ဍာရေးအရာရှိချုပ် ဦးသိန်းအောင် (အငြိမ်းစားဗိုလ်မှူး) သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံရပြီးနောက် စစ်ကောင်စီ၏ ဝန်ကြီးဌာနတခုမှ ဒုဝန်ကြီးရာထူးနှင့် တန်းတူရှိသော ရာထူးအကြီးဆုံးဝန်ထမ်းတဦး သတ်ဖြတ်ခံရခြင်း ဖြစ်သည်။