စစ်ကောင်စီ၏ လွတ်ငြိမ်းခွင့်ဖြင့် ပြီးခဲ့သည့် မတ် ၂ ရက်က ပြန်လွတ်လာသည့် သရုပ်ဆောင် ပိုင်တံခွန်က ယခုကာလ အတွင်း လက်ခံထားသည့် တက်ရောက်မည့် ပွဲများအားလုံးကို တရားဝင်ဖျက်သိမ်းလိုက်ကြောင်း ပရိသတ်များထံ ယနေ့ အသိပေးခဲ့ သည်။
ပိုင်တံခွန်က “မနှစ်က ဒီလိုနေ့ မနက် ၄ နာရီ၊ ကျနော် ၁ နှစ်နီးပါး ဆင်းရဲဒုက္ခခံစားခဲ့ရပါတယ်။ ဒါပေမဲ့ ကျနော့်ထက် အခု ချိန်မှာ ပိုခက်ခဲကျပ်တည်းနေတဲ့သူတွေရှိတာ ကျနော် နားလည်ပါတယ်။ ဒါကြောင့် ဒီအတောအတွင်း လက်ခံထားတဲ့ ပွဲတက်တွေအားလုံး ကျနော့်ဘက်က တရားဝင် ဖျက်သိမ်းလိုက်ပါပြီ” ဟု ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထား သည်။
သရုပ်ဆောင် ပိုင်တံခွန်သည် အင်းစိန်ထောင်မှ လွတ်ငြိမ်းခွင့်ဖြင့် လွတ်လာပြီးနောက် ပထမဆုံးတက်ရောက်သည့် ပွဲအနေဖြင့် မတ် ၁၆ ရက်က မြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်းချုပ် (MCCOC) နှင့် CLL ကာကွယ်ဆေးထိုးစင်တာ တို့ကြား ကာကွယ်ဆေးထိုးလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာရေးထိုးပွဲကို တက်ရောက်ခဲ့သည်။
ထို့နောက် မတ် ၂၅ ရက်က စိန်ဧကရီ စိန်ရွှေရတနာဆိုင်ဖွင့်ပွဲသို့ တက်ရောက်ခဲ့ပြီး မကြာသေးခင် ဧပြီလအတွင်းက Samsung Galaxy A/M Series သစ် မိတ်ဆက်ပွဲသို့ နောက်ဆုံး တက်ရောက်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါပွဲကို ပိုင်တံခွန်နှင့်အတူ သရုပ်ဆောင် မေတိုးခိုင်၊ အဆိုတော် G Fatt တို့လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။
“ဒီကာလမှာ သူ့ရဲ့ စိတ်မွန်းကျပ်မှုတွေကြောင့်လည်း နားချင်တာပါ။ ပြီးရင် အန်တီကြူကိုယ်တိုင်က ဆေးခန်းပြနေရတော့ သူကိုယ်တိုင်က ဆေးခန်းလိုက်ပြပေးချင်လို့။ သူက ဒီအချိန်မှာ အမေ့ကျန်းမာရေးကိုလည်း အနီးကပ် ဂရုစိုက်ချင်ပေးတာ ကြောင့်ပါ” ဟု ပိုင်တံခွန်၏မိခင် ဒေါ်ကြူက ပြောသည်။
သရုပ်ဆောင် ပိုင်တံခွန်အား ပြီးခဲ့သည့်နှစ် ဧပြီ ၈ ရက်က ရန်ကုန်မြို့ရှိ မြောက်ဒဂုံနေအိမ်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ကြခြင်းဖြစ်ပြီး ၎င်းအား ပုဒ်မ ၅၀၅-က ဖြင့် တရားစွဲဆိုခဲ့ကာ ဒီဇင်ဘာလအတွင်းက အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခံခဲ့ရခြင်း ဖြစ်သည်။
You may also like these stories :
အနုပညာရှင်အချို့ ပြန်လွတ်မြောက်သော်လည်း စောဖိုးခွား၊ ပိုပိုနှင့် ရဲတိုက်တို့ မပါသေး
ထောင်ဒဏ်ချမှတ်ခံရသည့် ပိုင်တံခွန် အမှုအား အယူခံဝင်မည် မဟုတ်