စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ရန် မည်သည့် အားထုတ်မှုကိုမဆို မြန်မာပြည်သူများက ဆန့်ကျင်မည်ဖြစ်ပြီး တရုတ်နိုင်ငံ၏ နိုင်ငံတကာဂုဏ်သတင်းကို အကြီးအကျယ် ထိခိုက်စေမည်ဖြစ်ကြောင်း စင်ပြိုင် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) က သတိပေးလိုက်သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့ အန်းဟေးပြည်နယ်၊ ဟွမ်းရှန်မြို့တွင် ဧပြီလ ၁ ရက်နေ့က တွေ့ဆုံပြီးနောက် NUG နိုင်ငံခြားရေးဝန်ကြီးက ထုတ်ပြန်သောကြေညာချက်တွင် အထက်ပါအတိုင်း သတိပေးလိုက်ခြင်းဖြစ်သည်။ ဦးဝဏ္ဏမောင်လွင်သည် မစ္စတာ ဝမ်ယိ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ ရောက်ရှိနေခြင်း ဖြစ်သည်။
စစ်ကောင်စီ၏ ပြည်တွင်းပြည်ပ တရားဝင်မှုကို စိန်ခေါ်ရန်အတွက် NUG အစိုးရကို ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် ဖြုတ်ချခံ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရမှ ရွေးကောက်ခံ ကိုယ်စားလှယ်များနှင့် တိုင်းရင်းသားမဟာမိတ်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။
မြန်မာပြည်သူအများစုက NUG ကိုသာ ၎င်းတို့၏ တရားဝင်အစိုးရအဖြစ် ယူဆပြီး အနောက်နိုင်ငံ အများအပြားကလည်း ထိုအစိုးရကို တရားဝင် အသိအမှတ်ပြုရန် စိတ်အားထက်သန်ခြင်း မရှိစေကာမူ ထောက်ခံကြသည်။
ဘုံအနာဂတ်ရှိသော တရုတ်-မြန်မာ လူမှုအသိုက်အဝန်း တည်ဆောက်ရေး အောင်မြင်ရန်အတွက် အခြေအနေ မည်မျှ ပြောင်းလဲနေသည်ဖြစ်စေ တရုတ်နိုင်ငံသည် ပြည်သူချင်း ဆက်ဆံရေးအပါအဝင် နယ်ပယ်အားလုံးတွင် မြန်မာနှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း အထက်ပါ အစည်းအဝေးအတွင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးက ပြောကြားသည်။
လတ်တလော မြန်မာနိုင်ငံကို လွန်ခဲ့သောနှစ် ဖေဖော်ဝါရီလက ဒီမိုကရေစီနည်းကျ ရွေးချယ်ထားသည့် အစိုးရထံမှ အာဏာသိမ်းယူခဲ့သော စစ်ကောင်စီက အုပ်ချုပ်နေသည်။ ထိုအာဏာသိမ်းမှုသည် လက်ရှိအချိန်အထိ ပြည်သူ ၁,၇၀၀ ကျော်ကို သတ်ဖြတ်ထားပြီး ပြင်းထန်သည့် လူမှုနှင့် နိုင်ငံရေး မတည်ငြိမ်မှုများဖြစ်စေကာ မြန်မာနိုင်ငံသည် ကျဆုံးနိုင်ငံဖြစ်လုနီးပါး အခြေအနေရောက်နေပြီဟု လေ့လာသူအများအပြားက ပြောသည်။
အနောက်တိုင်း ဒီမိုကရေစီနိုင်ငံအများစုက စစ်ကောင်စီကို အပယ်ခံအဖြစ် သတ်မှတ်ဆက်ဆံနေချိန်တွင် တရုတ်နိုင်ငံသည် မြန်မာတွင် ထိပ်တန်း ရင်းနှီးမြှုပ်နှံသူဖြစ်ပြီး ရေနံပိုက်လိုင်းများ၊ ဘေဂျင်းကို အိန္ဒိယ သမုဒ္ဒရာနှင့် ချိတ်ဆက်ပေးမည့် အဆိုပြုထားသော ဆိပ်ကမ်းအပါအဝင် အခြေခံ အဆောက်အအုံ စီမံကိန်း အများအပြားကိုလည်း အကောင်အထည် ဖော်နေသောကြောင့် စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံသည့် နိုင်ငံအနည်းငယ်အနက် တနိုင်ငံဖြစ်နေသည်။
စင်ပြိုင်အစိုးရသည် ဘုံအနာဂတ် တည်ဆောက်ရေးဆိုသည့် တရုတ်နိုင်ငံ၏ ရည်မှန်းချက်ကို အကောင်အထည် ဖော်ရန်ဆုံးဖြတ်ထားကြောင်း NUG ၏ တနင်္လာနေ့က ထုတ်ပြန်သည့် ကြေညာချက်တစောင်တွင် ပြောသည်။ သို့သော် ထိုဘုံအနာဂတ်ကို စစ်ကောင်စီနှင့် တည်ဆောက်ရန် တရုတ်နိုင်ငံက အားထုတ်ခြင်းသည် တရုတ်နိုင်ငံ၏ နိုင်ငံတကာ ဂုဏ်သတင်းကို အကြီးအကျယ် ထိခိုက်နစ်နာစေမည်ဖြစ်ကြောင်း NUG အစိုးရ ပြောသည်။
“အလားတူ အရေးကြီးသော အချက်မှာ မြန်မာပြည်သူများသည် စစ်ကောင်စီကို တရားဝင်စေသည့် ထိုကဲ့သို့သော ပူးပေါင်းဆောင်ရွက်မှု ထူထောင်ရန် ပြည်ပအစိုးရများ၏ မည်သည့် အားထုတ်မှုကိုမဆို အခိုင်အမာ ဆန့်ကျင်မည်ဖြစ်သည်” ဟုလည်း ထိုကြေညာချက်က သတိပေးသည်။
စစ်အာဏာသိမ်းမှုကို တရုတ်နိုင်ငံက ရှုတ်ချရန် ပျက်ကွက်သောကြောင့် မြန်မာနိုင်ငံတွင် တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပေါ်ပေါက်လာပြီး တရုတ် ကုမ္ပဏီများက ပိုင်ဆိုင်စီမံသော စက်ရုံများ တိုက်ခိုက်ခံရသည်။ NLD ကို မဖျက်သိမ်းရန် တရုတ်နိုင်ငံက စစ်ကောင်စီကို လွန်ခဲ့သောနှစ်က တိုက်တွန်းသောအခါ တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ်များ အနည်းငယ် လျှော့ပါးလာသည်။
သို့သော် တရုတ်က စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း မစ္စတာ ဝမ်က အတည်ပြုလိုက်သောအခါ တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ်များ ပြန်လည် မြင့်မားလာနိုင်ကြောင်း ရန်ကုန်အခြေစိုက် တရုတ်-မြန်မာဆက်ဆံရေး လေ့လာသူတဦးက ပြောသည်။
ယခုအခါ စစ်ကောင်စီ ဆန့်ကျင်ရေး ခုခံမှုသည် မကြုံစဖူး မြင့်မားနေသောကြောင့် တရုတ်ဓာတ်ငွေ့ပိုက်လိုင်းများ၊ ကြေးနီနှင့် နီကယ် စီမံကိန်းများ အပါအဝင် တရုတ်လုပ်ငန်း အများအပြားကို အန္တရာယ် ကျရောက်စေနိုင်သည်ဟု ဆိုသည်။
“စီးပွားရေးအတွက် အဲဒီလို လုပ်တယ်ဆိုရင်တောင်မှ တရုတ်ဟာ ပြင်းထန်တဲ့ လူထုဆန့်ကျင်မှုကို ရင်ဆိုင်ရနိုင်တယ်။ အထူးသဖြင့် အခုလို နိုင်ငံရေး မတည်ငြိမ်တဲ့ အခါမျိုးမှာ ဖြစ်နိုင်တယ်” ဟု သူက ပြောသည်။
မြန်မာပြည်သူများ ခံစားနေရသည့် ဒုက္ခများ အဆုံးသတ်စေရေးအတွက် လူသားချင်းစာနာမှု အကူအညီများ ပေးရန် NUG နှင့် အမျိုးမျိုးသော တိုင်းရင်းသားများ ပူးပေါင်းဆောင်ရွက်ပြီး စစ်ကောင်စီအနေဖြင့် အကြမ်းဖက်မှု ချက်ခြင်းရပ်ကာ အရပ်သားအစိုးရ ပြန်လည် ထိန်းသိမ်းရန် ချက်ခြင်း တွန်းအားပေးပြီး မြန်မာပြည်သူများ၏ ဆန္ဒကို လေးစားရန်နှင့် ပြည်သူ့အသံကို နားထောင်ရန် NUG က တရုတ်နိုင်ငံကို တိုက်တွန်းသည်။
“ထိုသို့လုပ်ဆောင်ခြင်းသည် တောင့်တင်းကြံ့ခိုင်သည့် ဘုံအနာဂတ်ကို တရုတ်နှင့်မြန်မာတို့ ထူထောင်ရန် အထောက်အကူပြုမည်” ဟုလည်း ထိုကြေညာချက်က ဆိုသည်။
တရုတ်နှင့် မြန်မာအကြား ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကို စစ်ကောင်စီက ဖျက်ဆီးလိုက်ခြင်းအား တွေ့ရသောကြောင့် ဝမ်းနည်းကြောင်းလည်း NUG က ပြောသည်။
“ထို ထိခိုက်ပျက်စီးမှုကို ပြုပြင်ရန်နှင့် အနာဂတ်တွင် ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးသစ် တည်ဆောက်ရန်အတွက် NUG က တရုတ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိသည်” ဟုလည်း ထိုကြေညာချက်တွင် ဖော်ပြထားသည်။
You may also like these stories:
တရုတ် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြန်မြင့်တက်လာမလား
ဂျပန်၏ မြန်မာနှင့် အထူးဆက်ဆံရေးက စစ်အုပ်ချုပ်ရေးကို အားပေးကူညီခဲ့
နိုင်ငံ့လည်မြိုကို ညှစ်နေတဲ့ စီးပွားရေးအကျပ်အတည်း
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖုံးဝှက်ထားသော ရုပ်ပုံလွှာ