ရန်ကုန်မြို့တွင် တပ်နှင့် ဆက်စပ်နေရာများ တိုက်ခိုက်ခံရပြီးနောက် လှည့်လည် စစ်ဆေးမှုမှာ ပိုမိုများပြား တင်းကျပ်လာကြောင်း ဒေသ သတင်းရင်းမြစ်များထံက သိရသည်။
မင်္ဂလာဒုံနှင့် အင်းစိန်မြို့နယ် အစပ်ကြားရှိ မြကန်သာဂေါက်ကွင်းကို ဧပြီ ၉ ရက်၊ နံနက် ၇ နာရီခန့်က ရှော့တိုက်ဒုံးဖြင့် ပစ် ခတ်ခံရမှုကြောင့် ဂေါက်အိတ်သယ် ဝန်ထမ်း အမျိုးသမီး ၁ ဦး ထိမှန် သေဆုံးခဲ့ကြောင်း သိရသည်။
အလားတူပင် မင်္ဂလာဒုံ လေတပ်စခန်း၊ အိမ်ထောင်သည် လိုင်းခန်းကိုလည်း ရှော့တိုက်ဒုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခံခဲ့ရပြီး ပေါက်ကွဲသံကို ကျယ်လောင်စွာ ကြားခဲ့ရကြောင်း ဒေသခံများက ဆိုသည်။
ထိုသို့ တိုက်ခိုက်ခံရမှုများ ဖြစ်ပေါ်ပြီးနောက် မင်္ဂလာဒုံမြို့နယ်တွင် စစ်ကောင်စီက အရပ်ကားများဖြင့် ကင်းလှည့်လည်နေပြီး လမ်းဆုံလမ်းခွများတွင် ဆိုင်ကယ်များအား စစ်ဆေး ဖမ်းဆီးခြင်းများ ပြုလုပ်လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။
မင်္ဂလာဒုံမြို့နယ်ခံ တဦးက “အရပ်ကားတွေနဲ့ လှည့်တာရှိတယ်။ အရပ်ကားတွေဆိုတော့ ပုံမှန်ကြည့်လိုက်ရင် ပုံမှန်လိုပဲ သူတို့က ကားထဲမှာ မှန်ချပြီးတော့ လှည့်ပတ်တာမျိုးတွေ။ ပုံမှန်လည်း လှည့်ပါတယ် ဒါပေမယ့် ခပ်ကျဲကျဲပဲ လှည့် တယ်။ အခုက ပြဿနာဖြစ်တော့ ပိုများတယ်။ ပို စိပ်နေတယ်။ လမ်းဆုံလမ်းခွတွေမှာ စောင့်ပြီး ဆိုင်ကယ်တွေကို ဖမ်းပြီး အပြီး သိမ်းတယ်” ဟု ပြောသည်။
တော်လှန်ရေး အင်အားစုများက ဖောက်ခွဲမှုများကို ပြုလုပ်ရာတွင် ဆိုင်ကယ်ဖြင့် လုပ်ဆောင်သည်ဟု မှတ်ယူကာ စစ်ကောင်စီက ဆိုင်ကယ်များအား အဓိက ဖမ်းဆီး သိမ်းဆည်းနေခြင်း ဖြစ်သည်ဟု မြို့ခံများက သုံးသပ်ကြသည်။
ထို့ပြင် မင်္ဂလာဒုံမြို့နယ်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ဆက်စပ်သူများ၊ စစ်အာဏာရှင် ဆန့်ကျင်လှုပ်ရှား နေသူများကို ဖမ်းဆီးမှုများလည်း ခပ်စိပ်စိပ် ဖြစ်ပေါ်နေကြောင်း သိရသည်။
ရန်ကုန်မြို့တော် ဂေါက်ကွင်းသည် တပ်မတော်ဂေါက်ကွင်းနှင့် ဆက်စပ်တည်ရှိနေပြီး အဓိကအားဖြင့် စစ်အရာရှိ ဟောင်းများ၊ ဌာနဆိုင်ရာ အရာရှိများနှင့် စစ်တပ်နှင့်ဆက်နွယ်သော စီးပွားရေးသမားများ လာရောက် ကစားခြင်း၊ စီးပွားရေး ဆွေးနွေးကြသည့် နေရာတခုဖြစ်သည်ဟု ရန်ကုန်မြို့ခံတချို့က ပြောဆိုသည်။
တိုက်ခိုက်ခံရသည့် မြို့တော်ဂေါက်ကွင်း၏ အရှေ့ဘက်တွင် ပြုပြင်ထိန်သိမ်းရေး လေတပ်၊ မြောက်ဘက်တွင် တပ်မတော် ဂေါက်ကွင်းနှင့် တောင်ဘက်တွင် တပ်မတော် လေတပ်၏ အိမ်ထောင်သည် လိုင်းခန်းများ ရှိသည်။
ထိုဧရိယာသည် တပ်မတော်ပိုင် မြေနေရာ ဖြစ်သော်လည်း ၁၉၉၁ ခုနှစ်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသို့ လွှဲပြောင်းပေးခဲ့ပြီး ဂေါက်ကွင်း တည်ဆောက်ခဲ့ရာ ၁၁၂ ဧက ရှိသည့် မြကန်သာကွင်းကို ၁၉၉၆ ခုနှစ် တွင် ဖွင့်လှစ်ခဲ့သည်။
ယင်းဂေါက်ကွင်းသည် စစ်တပ်နှင့် ဆက်နွယ်သော စီးပွားရေးသမားများ၊ စစ်အရာရှိဟောင်းများ၊ တပ်နှင့် ဆက်စပ်သူ အများဆုံး လာရောက်ရာ နေရာလည်း ဖြစ်သည်ဟု မြို့ခံများက ဆိုကြသည်။
အဆိုပါ ပေါက်ကွဲမှုဖြစ်စဉ်များနှင့် ပတ်သက်ပြီး မည်သည့်အဖွဲ့ က ပြုလုပ်သည်ဟူသော ထုတ်ပြန်ချက်မျိုး ထုတ်ပြန်လာခြင်း မရှိသလို စစ်ကောင်စီဘက်ကလည်း တစုံတရာ ထုတ်ပြန်ခြင်း မရှိသေးပေ။
မြို့ပြတိုက်ပွဲများကို အရှိန်မြှင့်တင်၍ စစ်ကောင်စီကို တိုက်ခိုက် သွားမည်ဟု ရန်ကုန်မြို့နယ် အသီးသီးရှိ အခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့များ၊ ပြောက်ကျား တပ်ဖွဲ့များနှင့် မဟာမိတ်အဖြစ် ပူးပေါင်းကာ စစ်ကောင်စီကို အမြစ်ပြတ် ချေမှုန်း တိုက်ခိုက်နိုင်ရန်အတွက် ဖွဲ့စည်းလိုက်သည့် အဖွဲ့ ၁၁ ဖွဲ့ မတ်လ၂၂ ရက် က ထုတ်ပြန်ထားသည်။
တော်လှန်ရေး အဖွဲ့များနှင့် နီးစပ်သူတဦးက “စီမံချက်အရကို ပိုပြီးတော့ စိပ်စိပ်လုပ်ဖို့ ရည်ရွယ်ချက် ရှိတော့ နောက်ပိုင်းကို ပိုများလာနိုင်တဲ့ အနေအထား တွေ့ရတယ်” ဟု ဆိုသည်။
ယနေ့ ဧပြီလ ၁၀ ရက်တွင် နန်းထိုက်အောင် စစ်ဆင်ရေး စတင်ခဲ့ပြီး စစ်ဆင်ရေး အထူးတပ်ဖွဲ့ဝင်များက ရန်ကုန်မြို့၊ အင်းလျားလမ်းမပေါ်၊ ဇော်ဂျီလမ်းနှင့် ပန်းဝါလမ်းထောင့်ရှိ ရန်ကုန်တိုင်းအဆင့် ထိပ်ပိုင်း ပုဂ္ဂိုလ်များ နေထိုင်ရာ အိမ်ရာဝင်းဂိတ်ရှိ လုံခြုံရေးတာဝန်ကျ စစ်ကောင်စီတပ်သားများကို ပစ်ခတ်တိုက်ခတ်ခဲ့သည့် ရုပ်သံတခု ထွက်ပေါ် လာခဲ့သည်။
You may also like these stories:
ဒေါ်လာမူဝါဒအသစ် ဝေဖန်မှုမြင့်တက်နေချိန် ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ပစ်သတ်ခံရ
မန္တလေးက ပြောက်ကျားတပ်များကို စစ်ကောင်စီလှည့်စားဖမ်းဆီး