ပြည်သူများ၏ သဘောထား ဆန္ဒမပါဘဲ ကျင်းပမည့် စစ်ကောင်စီ၏ မန္တလေး သင်္ကြန်ပွဲကို ပါဝင်ဆင်နွှဲခြင်း မပြုလုပ် ရန် မန္တလေးမြို့ အခြေစိုက် မြို့ပြတော်လှန်ရေးအဖွဲ့ အသီးသီးက ယခုလအတွင်း သတိပေးချက်များ ထုတ်ပြန်ထား ကြသည်။
လတ်တလောတွင် စစ်ကောင်စီက သင်္ကြန်ပွဲအား အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် မန္တလေးမြို့၌ တော်လှန်ရေး အဖွဲ့များနှင့် သပိတ်အင်အားစုများကို စစ်ကောင်စီက ပိုက်စိပ်တိုက် ရှာဖွေ ဖမ်းဆီးလျက်ရှိနေပြီး စစ်ဆေး တင်းကျပ်မှု များ ပြုလုပ်လျက်ရှိကြောင်း မြို့ခံများထံက သိရသည်။
မန္တလေး မြို့ပြ ပြောက်ကျား တဖွဲ့ဖြစ်သည့် Ranger of Mandalay မှ ဗိုလ်ဖီးနစ်က “လက်ရှိ သင်္ကြန်ကတော့ တော် လှန် သင်္ကြန်ပါ။ စစ်တပ်ကြောင့် ပြည်သူတွေ သေကြေ၊ ဖမ်းဆီး နှိပ်စက်ခံနေရတဲ့အချိန်မှာ သင်္ကြန်ပွဲတော်လုပ်ပြီး မပျော်သင့်ပါဘူး။ လူစိတ်ရှိတယ်ဆိုရင်ပေါ့ဗျာ။ ကျနော်တို့ကတော့ မစ်ရှင်တွေကိုတော့ ကြိုးစားပြီး လုပ်သွားမှာပါ” ဟု ဧရာဝတီကို ပြောသည်။
လာမည့်၂၀၂၂ ခုနှစ် မဟာသင်္ကြန်ပွဲတော် စည်ကားစေရန် စစ်ကောင်စီခန့် မန္တလေးတိုင်း အစိုးရအဖွဲ့က ရေကစား မဏ္ဍပ်များ ဆောက်လုပ်၍ ပါဝင်ကြရန် ဖိတ်ခေါ်ခြင်း၊ စတုဒီသာ (ရေကစား) မဏ္ဍပ်များ၊ ရေစုပ်စက်များဖြင့် ကစားခွင့် ပြုပေးခြင်းနှင့် ၂၀၂၂ ခုနှစ် ပျော်ရွှင်ဆင်နွှဲ မန်းသင်္ကြန်ပွဲ ခေါင်းစဉ်ဖြင့် ဓာတ်ပုံပြိုင်ပွဲများကိုလည်း ထည့်သွင်းထားခြင်း များ စီစဉ်လျက် ရှိသည်။
မန္တလေး ဈေးချိုတော်မှ အထည်ဆိုင်ရှင်တဦးက“စစ်တပ်ရဲ့ ဖိနှိပ်ရက်စက်တာတွေကြောင့် ကျနော်တို့ မန္တလေးမှာ သွေးမြေကျရတဲ့ ဖြစ်စဉ်တွေက မနည်းတော့ဘူး၊ ဒါကိုမှ အရှက်မရှိ သူတို့က သင်္ကြန်လုပ်ဦးမယ်ဆိုတော့ လူတွေမှ ဟုတ်ရဲ့လားလို့ မေးရတော့မယ်” ဟု ပြောသည်။
အဆိုပါ အစီအစဉ်များအပြင် မန္တလေးသင်္ကြန် ဖွင့်ပွဲ၊ ပိတ်ပွဲများတွင် မန္တလေးခရိုင်အတွင်းရှိ အခြေခံပညာ ကျောင်းများ မှ ကျောင်းသူများ၏ ယိမ်းအကများကိုလည်း ပြန်လည် ထည့်သွင်းရန် စီစဉ်ထားသလို ကျုံးရေပြင် တောင်ဘက်ခြမ်း၌ လောင်းလှေများဖြင့် ရေပက်ကစားမည့် အစီအစဉ်ကိုလည်း ထည့်သွင်းရန် စီစဉ်ထားကြောင်း သိရသည်။
အောင်မြေသာစံမြို့နယ်တွင် နေထိုင်သူ တဦးကလည်း “တိုင်းပြည်က စစ်အာဏာရှင် အရူး တွေကြောင့် မပျက်ရုံတမယ် ရှိနေပြီး အသက်တွေ စတေးခံနေရချိန်မှာ သင်္ကြန်မှာ ဝင်ပျော်ပြီး ကဲနေလို့ ကောင်းတဲ့ အချိန် မဟုတ်ဘူးလေ။ နောက်ပြီး အများစုကတော့ စစ်တပ်က လုပ်တဲ့ သင်္ကြန်မှာ ပါကြမှာ မဟုတ်ဘူး” ဟု ပြော သည်။
ပြီးခဲ့သည့်၂၀၂၁ ခုနှစ် သင်္ကြန်ကာလတွင် ပြည်သူများက နေအိမ်များတွင်သာ နေထိုင်ခဲ့ကြပြီး တော်လှန်သင်္ကြန် အဖြစ် ပြုလုပ်ခဲ့ကြသလို ယခုနှစ်တွင်လည်း သင်္ကြန်ပွဲတော် ကျင်းပမည့် ဧပြီလ ၁၃ ရက်မှ ၁၆ ရက်ထိ ပြည်သူများ အနေဖြင့် စစ်ကောင်စီက ကျင်းပသည့် သင်္ကြန်ပွဲတွင် မပါဝင်ဘဲ သင်္ကြန်ရက်များအတွင် ရေမဆော့သပိတ် ပြုလုပ်ရန် တော်လှန်ရေး အင်အားစုများ၊ ပြည်သူ့ ကာကွယ်ရေးအဖွဲ့များက တိုက်တွန်း နှိုးဆော်ထားသည်။
“အကြမ်းဖက် လုပ်ရပ်တွေကို လုပ်နေတဲ့ စစ်ကောင်စီက သင်္ကြန်ကို အကြောင်းပြုပြီး လူထုကို သတ်တာ ဖြတ်တာ တွေ၊ ဗုံးခွဲတာတွေ လုပ်လာနိုင်တယ်။ ပြီးရင် တော်လှန်ရေးအဖွဲ့တွေက လုပ်ပါတယ်ဆိုပြီး ပုံချလာနိုင်တယ်။ အဲဒါတွေ အပြင် ပြည်သူလူထုရဲ့ လုံခြုံရေးကိစ္စရပ်တွေကို သူတို့ အပြည့်အ၀ တာဝန်ယူပေးနိုင်မယ့် အခြေအနေမှာလည်း မရှိ ဘူး။ ဒါကြောင့် ဖြစ်နိုင်ရင် သင်္ကြန်ပွဲတော်မှမဟုတ် စစ်ကောင်စီက လုပ်တဲ့ ပွဲလမ်းတွေကို ပြည်သူတွေအနေနဲ့ မပါဝင် ကြဖို့ တိုက်တွန်းချင်ပါတယ်” ဟု မြို့ပြပြောက်ကျား တပ်ဖွဲ့ဝင်တဦးက ပြောသည်။
COVID 19 ကပ်ရောဂါ ဖြစ်ပွားမှုကြောင့်၂၀၂၀ ပြည့်နှစ်တွင်လည်း သင်္ကြန်ပွဲတော် မကျင်းပနိုင်ခဲ့သလို ၂၀၂၁ ခုနှစ် တွင်လည်း စစ်တပ်က အာဏာသိမ်းမှုကြောင့် သင်္ကြန်ပွဲတော် ကျင်းပနိုင်ခြင်း မရှိခဲ့ရာ ယခုနှစ် သင်္ကြန်ပွဲတော် ကျင်းပ ပေးခြင်းသည် တော်လှန်ရေးကို အာရုံလွှဲချင်၍ ပြုလုပ်ပေးခြင်းဖြစ်သလို တည်ငြိမ် အေးချမ်းနေပြီဆိုသော ပုံရိပ်ကို ပြသလိုခြင်းများကြောင့် ကျင်းပ ပေးခြင်းဟု မြို့ခံများက သုံးသပ်သည်။
ပြည်ကြီးတံခွန်သပိတ် အင်အားစုမှ ဦးဆောင် ဆရာတော် ဦးအဂ္ဂဝံသ က “သင်္ကြန်လုပ်မယ်ဆိုတာက စကစက တည် ငြိမ်နေပါပြီ၊ သူတို့အုပ်ချုပ်လို့ ရနေပါပြီဆိုတာကို ပြချင်လို့ လုပ်တယ်လို့ မြင်တယ်၊ ပြီးတော့ ကိုဗစ်ကာလကြီးမှာ လုပ် တာဆိုတော့ ပြည်သူတွေကို ပိုပြီး ဒုက္ခရောက်စေချင်တဲ့ ရည်ရွယ်ချက်လည်း ပါတယ်။ ဘယ်သူတွေ ဘာဖြစ်ဖြစ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။ သူတို့လုပ်မယ့် သင်္ကြန်ပွဲကို တကယ်တမ်းမှာ လူထုက လက်မခံကြပါဘူး” ဟု မိန့်ကြားသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီ အစိုးရလက်ထက်တွင် မန္တလေးသင်္ကြန်အား အပြောင်းအလဲ ဖြစ်စေရန် အတွက် ၂၀၁၇ ခုနှစ်က စတင်၍ လမ်းလျှောက်သင်္ကြန်၊ တောသင်္ကြန်များအဖြစ် မန္တလေးမြို့တော် စည်ပင်သာယာ ရေး ကော်မတီက ဦးဆောင် ပြုလုပ်ခဲ့ရာ ယိမ်းအဖွဲ့၊ သံချပ်အဖွဲ့၊ ရေကစားမဏ္ဍပ်များ၊ စတုဒီသာ မဏ္ဍပ်များ၊ ဖျော်ဖြေ ရေး မဏ္ဍပ်များ၊ ညဈေးဆိုင်တန်းများဖြင့် ခမ်းနားစည်ကားစွာ ပြုလုပ်ခဲ့သည်။
ယခုအခါ နိုင်ငံအနှံတွင် တိုက်ပွဲများ ဖြစ်ပွားခြင်း၊ လေကြောင်း တိုက်ခိုက်မှုများ၊ အိုးအိမ်များအား မီးရှို့ခြင်းများအပြင် မြို့ပြများတွင် ပေါက်ကွဲမှုများ နေ့စဉ် ဖြစ်ပေါ်နေကာ တည်ငြိမ်မှု မရှိသေးသော်လည်း အာဏာသိမ်း စစ်ကောင်စီသည် သင်္ကြန် ပွဲတော်ကို ကိုဗစ် စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ပြုလုပ်သွားမည်ဟု ထုတ်ပြန်ကြေညာထားသလို နေပြည်တော်၊ ရန်ကုန်၊ မန္တလေး စသည့် မြို့ကြီးများတွင် မြို့တော်ဝန် ဗဟိုမဏ္ဍပ်များ ဆောက်လုပ်နေသည်။
အာဏာသိမ်း စစ်ကောင်စီသည် ဧပြီလအတွင်း သင်္ကြန်ပွဲတော်များ ကျင်းပနိုင်ရေးနှင့် ရုပ်ရှင်ရုံများ ပြန်လည် ဖွင့်လှစ် လိုသောကြောင့် ပြီးခဲ့သည့် မတ်လ ၁၆ ရက်မှ စတင်ကာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ကျဆင်းလာခြင်းကြောင့် ဟု ဆို ကာ လူ ၄၀၀ ဦးအထိ စုဝေးခွင့်ပြုကြောင်း ထုတ်ပြန်ခဲ့သည်။
You may also like these stories :
မန္တလေးက ပြောက်ကျားတပ်များကို စစ်ကောင်စီလှည့်စားဖမ်းဆီး
ဝေဖန်မှုများရှိသော်လည်း “ထူး” သင်္ကြန်ပွဲကို ဆက်ကျင်းပမည်ဟု ဆို