စစ်ကောင်စီက စက်သုံးဆီ လုပ်ငန်းရှင်များကို ခေါ်ယူတွေ့ဆုံကာ ပြည်တွင်းစက်သုံးဆီ လက်လီဈေးနှုန်းကို သတ်မှတ် ထားသည့် အမေရိကန် ၁ဒေါ်လာ ကျပ် ၁၈၅၀နှင့် အညီ လျော့ရောင်းရန် ဖိအားပေးနေကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီ ၃ရက်က ပြည်ပမှ နိုင်ငံခြားသုံးငွေဖြင့် ရသော ဝင်ငွေများကို မြန်မာကျပ်ငွေအဖြစ် လဲလှယ်ရောင်းချ ရမည်ဟု ဗဟိုဘဏ်က သတ်မှတ်ပြီးနောက် ထိုနှုန်းထားနှင့် အညီ စက်သုံးဆီ ရောင်းချသူများကိုလည်း ရောင်းရန် ဖိအားပေးခြင်း ဖြစ်လာကြောင်း ပြည်တွင်းလုပ်ငန်းရှင်များက ပြောသည်။
ပြည်တွင်း စက်သုံးဆီ တင်သွင်းရောင်းချနေသော ကုမ္ပဏီတခုမှ တာဝန်ရှိသူ တဦးက “လက်လီဈေးက အခုက မဖြစ် မနေ ဈေးလျော့ရောင်းပေးရတယ်၊ ဒါကြောင့် အရောင်းကို ထိန်းတဲ့ပုံစံနဲ့ တချို့ ဆိုင်တွေ ပိတ်ကြတာရှိတယ်။ သင်္ကြန် ပိတ်ရက်လည်း ရှိတာကိုး။ ဘယ်လောက်ထိ ကျသွားလည်းဆိုရင် အဲဒီနေ့ (ဧပြီ ၈ ရက်) က တလီတာကို ကျပ် ၁၉၀ နီးပါးလောက် ကျသွားတယ်။ ဈေးကွက်အရ မဟုတ်ဘဲ မဖြစ်မနေ ချပေးရတာမျိုးပေါ့” ဟု ဧရာဝတီသို့ ပြောသည်။
ဧပြီလ ၈ ရက်မှ စ၍ ဖိအားပေးသဖြင့် ဈေးကွက်အတွင်းရှိ အချို့သော စက်သုံးဆီ လုပ်ငန်းရှင်များမှာ အရှုံးဒဏ် မခံနိုင် သဖြင့် ဆီဆိုင်များ ခေတ္တပိတ်သည်အထိ ၎င်းက ပြောသည်။
ဆက်လက်၍ ၎င်းက “တချို့ကျတော့လည်း ဆီချိန်ပြီးမှ မယူတော့ဘူး။ ငါဝယ်လိုက်တာနဲ့ ရှုံးနေပြီ။ ငါ့လက်လီဆိုင်မှာ ဒီဈေးနဲ့ တင်လို့ မရဘူးဆိုပြီး မယူတဲ့သူတွေတောင်ရှိတယ်။ ကျမတို့က အရင်က တဒေါ်လာ ၂၀၇၀ အမြင့် ဈေးနဲ့ သွင်းထားတော့ ချမရောင်းနိုင်ဘူးပေါ့။ အခု ဗဟိုဘဏ်က သတ်မှတ်တဲ့ဈေးနဲ့ ဝယ်လို့ရတယ်ဆိုရင်တော့ ဈေးက ချရောင်းပေးရမှာပေါ့” ဟု လက်ရှိအခြေအနေကို ရှင်းပြသည်။
လက်ရှိတွင် စစ်ကောင်စီ၏ ဗဟိုဘဏ်မှ သတ်မှတ်ထားသော တဒေါ်လာ ၁၈၅၀ ကျပ်နှုန်းဖြင့် သွင်းကုန်လုပ်ငန်းရှင် များကို စက်သုံးဆီ ချပေးခြင်း မရှိသေးသလို တနိုင်ငံလုံးတွင်လည်း စက်သုံးဆီ လိုအပ်ချက်မှာ သိုလှောင်ထားသည့် ပမာဏနှင့် လောက်ငှမှု မရှိသောကြောင့် စက်သုံးဆီဈေးနှုန်းများ လျော့ချ ရောင်းရန် ဖိအားပေးခြင်းက အခက်အခဲများ ဖြစ်စေကြောင်း ၎င်းက ဆိုသည်။
“ဒါကြောင့် ကျမတို့ ကုမ္ပဏီရော၊ ဆိုင်ရော အခုကတော့ ပိတ်ထားတယ်။ သင်္ကြန်ပိတ်ရက်ပြီးလို့ ပြန်ဖွင့်ရင်တော့ ဘယ်လို လာမလဲ မပြောတတ်သေးဘူး”ဟု ၎င်းက ပြောသည်။
ထို့ကြောင့် ပြည်တွင်းစက်သုံးဆီ ဈေးနှုန်းများမှာ ဈေးကွက်ပေါက်ဈေးထက် ယခင်က စက်သုံးဆီ တလီတာ ကျပ် ၂၁၀၀ ကျော် ရှိရာမှ ယခုအခါ ကျပ် ၁၇၀၀ ကျော်မှ ၁၉၀၀ ကျော်အထိ ဈေးနှုန်းများ လျော့ကျနေခြင်း ဖြစ်ပြီး လက်ကား ဆိုင်များတွင် တလီတာ ကျပ် ၂၀၄၀ မှ ၂၀၆၀ ကျပ်အထိ အမြင့်ဈေးတွင်သာ ရှိနေကြောင်း သိရသည်။
ဗဟိုဘဏ်က အမေရိကန်ဒေါ်လာလဲလှယ်ဈေးနှုန်းကို ပြင်ပပေါက်ဈေးထက် လျော့ချ သတ်မှတ်ထားသော်လည်း သွင်းကုန် လုပ်ငန်းရှင်များ အတွက် ငွေပေးချေခြင်း၊ ဝန်ဆောင်မှုနှင့် အခြားစရိတ်များအတွက် ပေးချေခြင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှု အတွက် အမြတ်ဝေစု ပေးပို့ခြင်းနှင့် ရင်းနှီးငွေ ပြန်လည်ပေးပို့ခြင်း၊ ပြည်ပတွင် ရင်းနှီးမြှုပ်နှံမှုအတွက် လွှဲပြောင်းခြင်း၊ ပြည်ပချေးငွေနှင့် အတိုးများ ပြန်လည် ပေးဆပ်ခြင်း၊ အသုံးစရိတ်များ လွှဲပို့ခြင်းများအတွက် နိုင်ငံခြားငွေ ကြီးကြပ်ရေး ကော်မတီ ခွင့်ပြုချက် ရယူရမည်ဟု ဆိုထားသည်။
ဗဟိုဘဏ်၏ သတ်မှတ်ချက်ကြောင့် နိုင်ငံခြားငွေ သွင်းကုန်သမားများကို အလုံအလောက် ရောင်းချပေးနိုင် မည်ဆို လျှင် ဒေါ်လာဖြင့် ပြည်ပမှ ဝယ်ယူနေရသော စက်သုံးဆီအပါအဝင် ဆေးဝါး၊ ဆောက်လုပ်ရေးသုံးပစ္စည်းများ၊ လူသုံးကုန်များ ဈေးနှုန်းများ ကျဆင်းလာနိုင်မည်ဟု လုပ်ငန်းရှင်များက ပြောသည်။
You may also like these stories:
ဒေါ်လာမှ ကျပ်ပြောင်းမည့် မူဝါဒသစ်မှ ဂျပန်လုပ်ငန်းများ ကင်းလွတ်ခွင့်ပေးရန် သံရုံးတောင်းဆို
နိုင်ငံခြားငွေကြေး သတ်မှတ်ချက်ကြောင့် ပို့ကုန်သီးနှံဈေးကွက် မတည်ငြိမ်