သတင်း

အာဏာသိမ်းစစ်တပ်နှင့် AA တိုက်ပွဲဖြစ်

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ် ဝက်ခေါင်းကျေးရွာအနီးတွင် စစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ ယနေ့ (ဧပြီ ၁၃ ရက်) မြန်မာ့နှစ်သစ်ကူး သင်္ကြန်အကြိုနေ နေ့လယ်ပိုင်းတွင် နှစ်ဖက်ထိတွေ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ နေ့လယ်ပိုင်းက စစ်ကောင်စီတပ်သား အင်အား ၃၀ ကျော်သည် စစ်တွေ-ရန်ကုန် ကားလမ်းဘေး ဝက်ခေါင်းကျေး ရွာရှိ အသစ်ဆောက်လုပ်ထားသည့် ဆေးပေးခန်းတွင် တပ်စွဲရန် ရောက်ရှိလာရာမှ နှစ်ဖက်ထိတွေ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ဝက်ခေါင်းကျေးရွာသားတဦးက ပြောသည်။

၎င်းက “စစ်တပ် စစ်ကြောင်းက ပထမ ဘုန်းကြီးကျောင်းမှာနေမလို့ လာတာ။ သင်္ကြန်ကာလဆိုတော့ ဆရာတော်က လက် မခံဘူး။ ဘုန်းကြီးကျောင်းက လက်မခံတဲ့အတွက် ရွာအပြင်ဘက်မှာ အသစ်ဆောက်ထားတဲ့ ဆေးပေးခန်းမှာ စစ်သားတွေ သွားပြီး နေထိုင်ကြတယ်။ AA ကလည်း မင်းတို့နယ်မြေ မဟုတ်တဲ့အတွက် အဲဒီမှာ မနေခိုင်းဘူး။ စစ်တပ်ကလည်း အထက်ကခိုင်းလို့ နေရတာပါလို့ ပြောတယ်။ AA ကလည်း အထက်က ခင်ဗျားတို့ကို မနေခိုင်းလို့ လာတားတာလို့ ပြော တယ်။ အဲဒီဆေးပေးခန်းထဲက စစ်တပ်သားတွေ တောင်ပေါ်တက်သွားတဲ့အချိန် ပစ်ခတ်သံတွေကို ကြားရတာပဲ” ဟု ဧရာဝတီသို့ ပြောသည်။

လက်နက်ကြီးသံ ၁ ချက် ကြားရပြီး ၁၅ မိနစ်ခန့်အကြာတွင် လက်နက်ငယ်များဖြင့် ပစ်ခတ်သံများ ဆက်တိုက်ကြားရသည့် အတွက် ဝက်ခေါင်းကျေးရွာ အပါအဝင် အနီးအနားရှိ ကျေးရွာဒေသခံများ စိုးရိမ်လျက်ရှိပြီး အခြေအနေကို စောင့်ကြည့် လျက် ရှိနေသည်ဟုလည်း ၎င်းက ဆိုသည်။

မြေပုံမြို့ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်း က “ဝက်ခေါင်းရွာ တောင်ဘက်မှာ ကိုယ်ထူကိုယ်ထ ဆောက်ထားတဲ့ ဆေးခန်းတခု ရှိတယ်။ စစ်တပ်က အဲဒီဆေးခန်းမှာနေတာ ၂ ရက်လောက် ရှိပြီလို့ ပြောတယ်။ ULA /AA ကလည်း အဲဒီ ဘက်ကိုသွားရင်းနဲ့ သူတို့နဲ့တွေ့ပြီး ထိတွေ့ပစ်ခတ်မှု ဖြစ်တယ်လို့တော့ ရွာသားတွေ ပြောပြချက်အရ သိရတယ်။ ပစ်ခတ်မှု ဖြစ်တာတော့ သိပ်ကြာကြာ မဖြစ်ခဲ့ဘူး။ လက်နက်ကြီးပစ်သံ ၁/၂ ချက်လောက် ကြားရပြီး လက်နက်ငယ် ပစ်ခတ်သံတွေ ကြားရတယ်လို့ ပြောတယ်။ အခုကတော့ ပစ်ခတ်မှု ငြိမ်သွားပါပြီ” ဟု ဧရာဝတီသို့ ပြောသည်။

လက်ရှိအချိန်တွင် ပစ်ခတ်မှုများ ငြိမ်သွားပြီ ဖြစ်သော်လည်း နှစ်ဖက်စလုံးက အဆိုပါ ဝက်ခေါင်းကျေးရွာအနီးတွင် ရှိနေကြ သည့်အတွက် အနီးဝန်းကျင်ရှိကျေးရွာများမှ ဒေသခံများ အနေဖြင့် စိုးရိမ်လျက်ရှိကြောင်း ၎င်းက ဆိုသည်။

အဆိုပါ ထိတွေ့ပစ်ခတ်မှု ဖြစ်စဉ်နှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် စီမံခန့်ခွဲမှုကောင်စီဝင်များနှင့် ULA /AA ၏ ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခကို ဧရာဝတီက ဆက်သွယ်ခဲ့သော်လည်း မရခဲ့ပါ။

AA နှင့် မြန်မာစစ်တပ်တို့ကြား ၂၀၂၀ နှစ်လယ်ပိုင်းမှစတင်ကာ ယာယီ အပစ်အခတ်ရပ်စဲထားသော်လည်း စိတ်ချရသည့် အနေအထား မဟုတ်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်း အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး လုပ်ငန်းများကို စစ်ကောင်စီ အနေ ဖြင့် ကန့်ကွက်နှောင့်ယှက်မှုများ ပြုလုပ်နေခြင်းက စစ်ရေးအရ ထိပ်တိုက်တွေ့ဆုံမှုများ ရှိလာနိုင်ကြောင်း ပြီးခဲ့သည့် ဧပြီ ၅ ရက် သတင်းစာရှင်းလင်းပွဲတွင် AA ဘက်က သတိပေးပြောဆိုထားသည်။

You may also like these stories:

ရက္ခိတအိပ်မက် တဝက်ကျော်ရောက်ပြီဟု AA ပြော

ရခိုင်ပြည်နယ် အုပ်ချုပ်ရေးနှင့်တရားစီရင်ရေးကို မနှောင့်ယှက်ရန် စစ်ကောင်စီကို AA သတိပေး

Loading