အာဏာသိမ်း စစ်ကောင်စီက စည်ကားသိုက်မြိုက်စွာကျင်းပရန် ရည်ရွယ်ထားသည့် ၂၀၂၂ ခုနှစ် မြန်မာ့ရိုးရာနှစ်သစ် ကူး သင်္ကြန်ပွဲတော်သည် ပြည်သူလူထု၏ အာခံတော်လှန်မှုကြောင့် အသံတိတ်သပိတ်အလား မြို့ရွာလမ်းမများ ထက် ခြောက်ကပ်တိတ်ဆိတ်နေသည်။
ယခုနှစ် သင်္ကြန်သည် မြန်မာပြည်သူများအဖို့ စစ်အာဏာသိမ်းပြီးနောက် ဒုတိယအကြိမ်မြောက် ဖြတ်သန်းရသည့် ကာလလည်း ဖြစ်သည်။
ရန်ကုန်၊ မန္တလေးကဲ့သို့သော မြို့ကြီးများ အပါအဝင် နယ်မြို့အသီးသီး၌ စစ်ကောင်စီက ဦးစီးကျင်းပနေသည့် မဏ္ဍပ်များ မှအပ ကျန်နေရာများမှာ သင်္ကြန်ကာလဟုပင် မထင်ရလောက်အောင် ယနေ့ သင်္ကြန်အကျနေ့အထိ တိတ်ဆိတ်နေခဲ့ သည်။
၎င်းတို့ စီစဉ်ထားသည့် မဏ္ဍပ်များ၌ပင်လျှင် ဝန်ထမ်းမိသားစုများ၊ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများ၏ အာဏာစက်ဖြင့် မဖြစ်မနေလာရောက်ရမည်ဟု ခေါ်ယူထားသူများကိုသာလျှင် တွေ့ရကြောင်း မြို့ခံများက ပြောဆိုကြသည်။
ယမန်နေ့ သင်္ကြန်အကြိုနေ့ကဆိုလျှင် ရန်ကုန်မြို့လယ်က မြို့တော်ဝန်မဏ္ဍပ်တွင် စစ်ကောင်စီက စီစဉ်ခေါ်လာသည် ဆိုသော ထရပ်ကားနှင့်လူများက လှည့်လည်ပြီး လည်ပတ်နေသလို တချို့မှာလည်း တူညီဝတ်စုံများဖြင့် ယင်းမဏ္ဍပ်ရှေ့ ၌ ကျိုးတိုးကျဲတဲဖြင့် ရေပက်ခံနေသည်ကို တွေ့ရသည်။
ကိုဗစ်-၁၉ ကပ်ရောဂါမတိုင်ခင် အတာသင်္ကြန်ကာလများဆီက ရန်ကုန်လမ်းမများထက် ရေကစားမဏ္ဍပ်များ၊ ရေပက် ခံကားများဖြင့် ကြက်ပျံမကျစည်ကားခဲ့သည့် သင်္ကြန်မြင်ကွင်းမျိုး ယနေ့ (ဧပြီ ၁၄ ရက်) သင်္ကြန်အကျနေ့အထိ မြင်တွေ့ရခြင်း မရှိပေ။
အာဏာသိမ်းထားပြီး ပြည်သူလူထုအပေါ် နည်းအမျိုးမျိုးဖြင့် အကြမ်းဖက်နှိပ်စက်နေသော၊ ရွာလုံးကျွတ်မီးရှို့ပြီး စစ်ရာ ဇဝတ်မှုများကို ကျူးလွန်နေသော စစ်ကောင်စီလက်အောက် ကျင်းပသည့် မည်သည့်ပျော်ပွဲရွှင်ပွဲမျိုးကိုမဆို ပါဝင်ဆင်နွှဲ ရန် စိတ်ကူးမရှိကြောင်း ပြည်သူများက ဆိုကြသည်။
စစ်ကောင်စီက တိုင်းပြည်တည်ငြိမ်အေးချမ်းနေသယောင် ပြသချင်သည့် ဟန်ပြသင်္ကြန်ပွဲတော်တွင် မပါဝင်ဘဲ တော် လှန်သင်္ကြန်ပြုလုပ်ကြရန် သင်္ကြန်ကာလမတိုင်မီတွင် တော်လှန်ရေးအင်အားစုများကလည်း တိုက်တွန်းနှိုးဆော်ထား သည်။
ထိုသို့သော တိုက်တွန်းနှိုးဆော်မှုများ၊ စစ်အာဏာရှင်ကို တွန်းလှန်နေသော ပြည်သူများ၏ ခိုင်မာသောစိတ် ဓာတ်ကြောင့် ယခု ကျရောက်နေသည့် မြန်မာသက္ကရာဇ် ၁၃၈၃-၁၃၈၄ ခုနှစ် အတာသင်္ကြန်သည် တော်လှန် သင်္ကြန် ဖြစ်ခဲ့ရပေသည်။
ရန်ကုန်မြို့နေ ပြည်သူတဦးက “ရန်ကုန်မှာတော့ Silent Strike (အသံတိတ်သပိတ်) လို ပုံစံမျိုး ဖြစ်နေတာပေါ့။ ပြည် သူတွေအကုန်လုံးက စစ်အာဏာရှင်လက်ထက်မှာ ပြုလုပ်တဲ့သင်္ကြန်ကို ဘယ်သူမှ ပါဝင်တာမျိုး မရှိဘူး။ သူတို့ ပိုက် ဆံပေးထားတဲ့ ၅၀၀၀ စားသမားတွေပဲ ကားတွေနဲ့ မဏ္ဍပ်မှာ လေမဖြတ်ရုံတမယ် အလှည့်ကျရေပက်ခံထွက်နေရတဲ့ ပုံစံမျိုးတွေ ဖြစ်နေတာ။ ကိုယ့်တိုင်းပြည်က နာရေးဖြစ်နေတဲ့အတွက် လူ့အသိစိတ်ဓာတ် ရှိတဲ့လူတွေကတော့ ဝင်ရောက်ဆင်နွှဲခြင်း မရှိပါဘူး” ဟု မှတ်ချက်ပြုသည်။
တဖက်တွင်လည်း စစ်ကောင်စီသည် သင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပချင်သော်လည်း ရေကစား မဏ္ဍပ်များအနီးဝန်းကျင်တွင် အကာအရံများဖြင့် ပိတ်ဆို့တားဆီးမှုများအပြင် လက်နက်အပြည့်အစုံဖြင့် စစ်သားနှင့်ရဲ များကလည်း လုံခြုံရေးအပြည့်ယူပြီး စောင့်ကြပ်စစ်ဆေးနေသည်။
နိုင်ငံရေးဆောင်းပါးရှင် ဒေါ်မွန်မွန်မြတ်က “အစ်မတို့ အသက် ၅၀ ကျော်ပြီ။ ဘယ်သင်္ကြန်မှာမှ လက်နက်ကိုင်တွေ နဲ့ စောင့်ကြပ်ပြီးတော့ သင်္ကြန်ကာလကို ဆင်နွှဲရတာမျိုး တခါမှမကြုံဖူးဘူး။ တကယ်တော့ ဒါက မလုံခြုံမှုကို ပြနေတာ။ အုပ်ချုပ်သူဘက်ရော၊ ပြည်သူတွေဘက်ကရော မလုံခြုံမှုကို ပြနေတာပဲ” ဟု ဆိုသည်။
ဆက်လက်၍ ၎င်းက “သင်္ကြန်ဆိုတာ ပုံမှန်အားဖြင့် များသောအားဖြင့် လူငယ်တွေပျော်ပါးကြတဲ့ အချိန်ပေါ့။ လမ်းပေါ် မှာ လူငယ်တွေမရှိတာကို မြင်ရတာက အရမ်းကြီးလစ်ဟာတယ်။ သင်္ကြန်ရဲ့ အနှစ်သာရ မပြည့်စုံတာကို သွားမြင် တယ်။ နောက် လူငယ်တွေက လွတ်လွတ်လပ်လပ်နေခွင့်မရတဲ့ သင်္ကြန်ပေါ့။ လုံခြုံစိတ်ချရတဲ့သင်္ကြန်လို့ မယူဆလို့ သူတို့ကိုယ်တိုင် မဆင်နွှဲတာလို့ မြင်တယ်” ဟုလည်း ပြောသည်။
သင်္ကြန်ပွဲတော်ကို ရှေ့ဆုံးကနေ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြသည့် လူငယ်များသည် ယခုအချိန်တွင် စစ်အာဏာ ရှင် တော်လှန်ရေးအတွက် ကဏ္ဍအမျိုးမျိုးမှ ပါဝင်နေကြရင်း တောထဲတောင်ထဲ ရောက်နေသလို တချို့မှာလည်း စစ်ကောင်စီ၏ အဖမ်းဆီး မခံရရေးအတွက် တိမ်းရှောင်နေကြရသည်။
တချို့ကမူ အာဏာရှင်ကို တော်လှန်ရင်း အချိန်မတိုင်ခင် ကြွေလွင့်သွားခဲ့ကြရပြီ ဖြစ်သည်။
နေ့စဉ်နှင့်အမျှ စစ်ကောင်စီလက်ချက်ကြောင့် သေဆုံးနေကြသူများနှင့် ဖမ်းဆီးခံရသူများကြောင့် စစ်အာဏာရှင် လက်အောက်က မည့်သည့် ပျော်ပွဲရွှင်ပွဲကိုမဆို ပါဝင်သွားမည် မဟုတ်ကြောင်း ရန်ကုန်မြို့နေ လူငယ်တဦးက ပြတ်သားစွာ ဆိုသည်။
“ကိုယ်တိုင်က လူငယ်တယောက် ဖြစ်တဲ့အတွက် သင်္ကြန်ကိုသဘောကျတဲ့ လူမျိုးထဲမှာ ပါပါတယ်။ ဒါပေမဲ့ တိုင်းပြည် က နာရေးဖြစ်နေတဲ့ အနေအထားမှာ ကျမတို့အနေနဲ့ ဘယ်လိုမှ ဝင်ရောက်ဆင်နွှဲချင်တဲ့ စိတ်မရှိဘူး။ ကျမတို့ လိုချင် တဲ့ ဒီမိုကရေစီမရမချင်း တော်လှန်သွားမယ်။ ဒီအချိန်မှာတော့ ပျော်ရွှင်ချင်စိတ်ကို ထိန်းချုပ်ထားတယ်။ လိုချင်တဲ့ တိုင်းပြည်ကို ရတဲ့အခါကျမှပဲ စိတ်လွတ်ကိုယ်လွတ် မြန်မာ့ရိုးရာပွဲတွေ အကုန်ဝင်ရောက်ဆင်နွှဲမယ်” ဟု ၎င်းက ပြော သည်။
စစ်ကောင်စီက သင်္ကြန်ပွဲတော်ကို ကျင်းပနေသည့် တချိန်တည်းတွင် နိုင်ငံအနှံ့အပြား၌ လက်နက်ကိုင်တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင်များကလည်း အရပ်သားပြည်သူများအား အကြမ်းဖက် ဖမ်း ဆီးခြင်း၊ ပစ်ခတ်သတ်ဖြတ်ခြင်း၊ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်းများကို ကျူးလွန်လျက် ရှိသည်။
ထို့အတူ မြို့ပြများတွင်လည်း ပစ်ခတ်မှုများ၊ ဗုံးပေါက်ကွဲမှုများက နေ့စဉ်နှင့်အမျှ ဖြစ်ပေါ်နေသည်။
သို့သော် စစ်ကောင်စီ လက်အောက်ခံ မီဒီယာများမှာတော့ ၂၀၂၀ ခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို မည်သို့ မည်ပုံ စည်ကားသိုက်မြိုက်စွာ ကျင်းပနေပါကြောင်း၊ ပြည်သူတွေ မည်မျှအထိ ပျော်ရွှင်စွာရေကစားနေပါကြောင်း ထုတ်လွှင့်ကြေညာနေသည်။
တော်လှန်သင်္ကြန် ဆင်နွှဲနေကြသူများက ‘‘တစ္ဆေခြောက်မှာတောင်စိုးရတယ်” ဟု တော်လှန်သပိတ်ဆင်နွှဲမှုကြောင့် ခြောက်ကပ်နေသည့် စစ်ကောင်စီသင်္ကြန်ကို ညွှန်း၍ ရေးသား၊ ပြောဆိုနေကြသည်။