ရက္ခိုင် အမျိုးသား အဖွဲ့ချုပ် (ULA / AA) သြဇာလွှမ်းမိုးထားသော ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် သင်္ကြန်ပွဲ တော်များကို အထူး စည်ကားသိုက်မြိုက်စွာ ကျင်းပနေကြောင်း သိရသည်။
ရခိုင်မြောက်ပိုင်း ကျောက်တော်မြို့နယ်နှင့် မြောက်ဦးမြို့နယ်ကြားတွင် တည်ရှိသည့် ULA / AA က ကြီးမှူးကျင်းပသော ဇီးချောင်း ရေလှောင်တမံ အောက်က ဇီးချောင်းသင်္ကြန်မှာ တိုးမပေါက်အောင် ကြိတ်ကြိတ်တိုးကာ သင်္ကြန်ပွဲ ဆင်နွှဲလျက် ရှိသည်။
အဆိုပါ ဇီးချောင်းသင်္ကြန်ကို နာမည်ကြီး ရခိုင်အဆိုတော်များ ပါဝင် သီဆို ဆင်နွှဲနေသလို အနယ်နယ် အရပ်ရပ်က ရခိုင် လူမျိုးလည်း လာရောက်ကာ သင်္ကြန်ပွဲတော်ကို ဆင်နွှဲလျက်ရှိကြောင်းလည်း ဇီးချောင်းသင်္ကြန် ကျင်းပရေး ကော်မတီဝင် စာရေးဆရာ သူမြတ်က ပြောသည်။
၎င်းက “ ဇီးချောင်းသင်္ကြန်ကို လာတဲ့ လူတွေက သိန်းချီရှိတယ်။ ထူးခြားတာကတော့ မြို့နယ်တိုင်းက လူငယ်တွေ လာရောက်ကြတယ်။ ဒါက အချင်းချင်း စည်းလုံးညီညွတ်စွာနဲ့ တွေ့ဆုံပြီးတော့ သင်္ကြန်ပွဲကို ဆင်နွဲနိုင်မှု တခုပါ။ လာရောက်တဲ့ ကားတွေ၊ ဆိုင်ကယ်တွေကိုလည်း AA က စနစ်တကျ နေရာချထားနိုင်ပြီးတော့ လုံခြုံရေးကိုလည်း အပြည့်အဝ တာဝန်ယူပေးထားတာ ရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ရက္ခိုင် အမျိုးသား အဖွဲ့ချုပ် (ULA / AA) က ဦးစီးကျင်းပသည့် အဆိုပါ ဇီးချောင်း ရခိုင်သင်္ကြန်တွင် စစ်တပ်ထုတ် မြန်မာဘီယာနှင့် Andaman ဘီယာများကို ရောင်းချခွင့် ပိတ်ပင်ထားကာ ဒေသတွင်း ဆန်အရက်များ၊ ဓနိ အရက်များ ကိုသာ ရောင်းချခွင့်ပြုထားကြောင်းလည်း ပွဲကျင်းပရေး ကော်မတီဝင်များက ပြောသည်။
ရက္ခိုင် အမျိုးသားအဖွဲ့ချုပ် (ULA/ AA) က ၎င်းတို့ ထိန်းချုပ်နယ်မြေများတွင် ဗဟိုမဏ္ဍပ်ကြီး များဖြင့် အထူးစည်ကား သိုက်မြိုက်စွာ ကျင်းပလျက်ရှိသလို တဖက်တွင်လည်း ရခိုင်ပြည်နယ်အတွင်း မြို့နယ်တချို့တွင် စစ်ကောင်စီက ဗဟိုမဏ္ဍပ်များ ကျင်းပပြီး သင်္ကြန်ပွဲတော်ကို ကြီးမှူး ကျင်းပနေသည်။
ကိုဗစ်ရောဂါနှင့် စစ်ပွဲများကြောင့် ပြီးခဲ့သော နှစ်များက ရခိုင်ပြည်နယ်အတွင်း သင်္ကြန်ကာလမှာ ဆင်နွှဲခွင့် မရသော်လည်း ယခုနှစ် အတာသင်္ကြန်ကာလတွင် ပြည်နယ်အတွင်း တည်ငြိမ်မှုနှင့်အတူ လူမှုဘဝ လုံခြုံမှု ကောင်းမွန်လာသည့်အတွက် မြို့ပြဒေသအပါအဝင် ကျေးလက်တောရွာများပါ သင်္ကြန်ပွဲတော် စည်စည်ကားကား ပြုလုပ်ကြလျက်ရှိသည်။
ရခိုင်အမျိုးသမီးကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးက “ရခိုင်မှာ ၃ နှစ်လောက် သင်္ကြန်ကာလ မပျော်ခဲ့ကြရလို့ လူငယ်တွေ ပွဲငတ်လို့ လားတော့ မသိဘူး။ ရခိုင်မှာ ဒီနှစ်လို သင်္ကြန်ပွဲတော် စည်ကားတာမျိုး မတွေ့ဖူးဘူး။ စစ်တွေမြို့ ပေါ်မှာဆို အိမ်ရှေ့ တိုင်း မဏ္ဍပ်ရှိတယ်။ လမ်းမတိုင်းမှာ ကားတွေ အပြည့်နဲ့ ရေကစား ထွက်တာတွေကို မြင်နေရတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ထိုသို့ စစ်တွေမြို့ပေါ်လမ်းများတွင် ကားပိတ်သည်အထိ စည်ကားနေသော်လည်း ရေကစားထွက်သည့် လူငယ်များသည် အချင်းချင်း စည်ကမ်းလိုက်နာမှုရှိကာ ခိုက်ရန် ဖြစ်ပွားလည်း မရှိသလောက် နည်းပါးကြောင်း စစ်တွေ မြို့ခံများက ပြောသည်။
ရခိုင်ပြည်နယ် တောင်ပိုင်းမြို့နယ်များဖြစ်သည့် သံတွဲ၊ ရမ်းဗြဲ၊ မာန်အောင် ကျောက်ဖြူမြို့နယ်များတွင် ပြီးခဲ့သော နှစ်များ ထက် ယခုနှစ် သင်္ကြန်မှာ ပိုမိုစည်ကားလျက်ရှိကြောင်း ကျောက်ဖြူအခြေစိုက် ငြိမ်းချမ်းရေးနှင့် ဖွ့ံ့ဖြိုးရေးစင်တာမှ ကိုထွန်း ကြည်က ပြောသည်။
ကိုထွန်းကြည်က “ရခိုင်မှာ ပျော်ပွဲရွှင်ပွဲ မကျင်းပဖြစ်တာ ကြာပြီဆိုတော့ ဒီနှစ် သင်္ကြန်က နေရာတိုင်းမှာ တော်တော် စည်ကားတယ်လို့ ပြောလို့ ရတယ်။ အထူးသဖြင့် ရခိုင်မှာ AA အပြည့်အဝ လွှမ်းမိုးထားတဲ့ နေရာ ရှိတယ်။ အပြည့်အဝ မလွှမ်းမိုးနိုင်တဲ့ နေရာရှိတယ်။ AA အပြည့်အဝ မလွှမ်းမိုးနိုင်သည့် သံတွဲ၊ ရမ်းဗြဲ၊ မာန်အောင်၊ ကျောက်ဖြူမြို့နယ်တွေမှာ သူဟာနဲ့သူ စည်တော့ စည်တယ်။ ဒါပေမယ့် ကျောက်တော်က ဇီးချောင်းလိုမျိုး အဲဒီလောက်အထိ မစည်ကားဘူး။ အဲဒီဘက်မှာ စည်းကမ်းပိုင်းနဲ့ လုံခြုံရေးပိုင်း အားကောင်းတော့ သင်္ကြန်ပွဲက ပိုပြီး စည်ကားတာကို တွေ့ရတယ်” ဟု ဧရာဝတီသို့ ပြောသည်။
မြန်မာနိုင်ငံရှိ တိုင်းနှင့် ပြည်နယ်များတွင်မူ စစ်ကောင်စီ စီစဉ်ကျင်းပနေသည့် သင်္ကြန်ပွဲတော်ကို ပါဝင် ဆင်နွှဲခြင်း မပြုကြဘဲ တော်လှန်သင်္ကြန်အဖြစ် ဆန့်ကျင်နေကြပြီး မြို့နယ်တချို့တွင် ပေါက်ကွဲမှုများ ဖြစ်ပွားလျက်ရှိသည်။
You may also like these stories:
တစ္ဆေခြောက်မယ့် စစ်ကောင်စီသင်္ကြန်
စစ်တပ်ရဲ့ အမြစ်ဖြတ်မှုကို ရုန်းကန်တော်လှန်တဲ့ သင်္ကြန်သံချပ်
အာဏာသိမ်းစစ်တပ်နှင့် AA တိုက်ပွဲဖြစ်