ပြည်သူ ၁ ထောင်ကျော် သေဆုံးစေခဲ့သည့် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိမိကိုယ်မိမိ နိုင်ငံသားများ ကောင်းကျိုး ဆောင်ရွက်သူအဖြစ် အမွှန်းတင်ကာ ဆုနှစ်ဆု ပြန်ပေးအပ်လိုက်ကြောင်း ယနေ့ ဧပြီ ၁၇ ရက် (မြန်မာနှစ်ဆန်း တရက်နေ့) တွင် ၎င်းက ကြေညာသည်။
လွတ်လပ်ရေးရပြီး ၇၅ နှစ်တာ ကာလအတွင်း နိုင်ငံတော်နှင့် နိုင်ငံသားများ ကောင်းကျိုးအား ထူးချွန်ပြောင်မြောက်စွာ တာဝန်ထမ်းဆောင်နိုင်မှုအတွက် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင် တံဆိပ်များ ချီးမြှင့်သည်ဟု ခေါင်းစဉ်တပ် ကာ ယခင်အစိုးရအဆက်ဆက် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်နှင့် စစ်ဘက်ဆိုင်ရာ တာဝန်ယူခဲ့သူများ အပါအဝင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၎င်းကိုယ်၎င်း သတိုး သီရိသုဓမ္မဘွဲ့နှင့် သတိုး မဟာသရေစည်သူဘွဲ့ ချီးမြှင့်လိုက်ခြင်းလည်း ဖြစ်သည်။
ယနေ့ နှစ်ဆန်းတရက် ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်ရာတွင် ယခင် အာဏာသိမ်း စစ်ခေါင်းဆောင်များဖြစ်သည့် ဗိုလ်ချုပ်ကြီး နေဝင်း(ကွယ်လွန်)နှင့် ဒုတိယမျိုးဆက် အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ကို နိုင်ငံတော်အဆင့် အမြင့်ဆုံးဘွဲ့တံဆိပ်ဖြစ်သည့် အဂ္ဂ မဟာသရေစည်သူဘွဲ့ကို ချီးမြှင့်သည်။
ဂုဏ်ထူး ဘွဲ့ထူးများနှင့် ပတ်သက်လျှင် သင်္ဂဟ၊ ဘွဲ့၊ တံဆိပ်ဟု သုံးမျိုးခွဲခြားထားရာ ပြည်ထောင်စု စည်သူသင်္ဂဟ ဘွဲ့တွင် အမြင့်ဆုံးမှာ အဂ္ဂမဟာသရေစည်သူ၊ ဒုတိယအဆင့် သတိုးမဟာသရေစည်သူ၊ တတိယအဆင့် မဟာသရေ စည်သူ၊ စတုတ္ထအဆင့် သရေစည်သူ၊ ပဉ္စမအဆင့် စည်သူဘွဲ့ဟု ၅ဆင့်သတ်မှတ်ထားသည်။
ထို့အတွက် ယခင် မဟာသရေစည်သူဘွဲ့ ရထားသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယခုအခါ ဒုတိယအမြင့် ဆုံး သတိုးမဟာသရေစည်သူဘွဲ့ကို တက်လှမ်းရယူပြီးနောက် မကြာမီတွင် အမြင့်ဆုံးဖြစ်သည့် အဂ္ဂမဟာသရေစည်သူ ဘွဲ့ ကို မိမိကိုယ်မိမိ ပြန်လည် ချီးမြှင့်နိုင်ကြောင်း ဝေဖန်ပြောဆိုမှုများ ရှိနေသည်။
ယခင် စစ်ဗိုလ်ချုပ်ကြီးတဦးဖြစ်သည့် သမ္မတဟောင်း ဦးသိန်းစိန်မှာမူ အဂ္ဂမဟာ သရေစည်သူဘွဲ့ကို ရရှိထားပြီးဖြစ် သဖြင့် ထပ်မံပေးအပ်ခြင်း မရှိပေ။
ဤနေရာတွင် ထူးခြားချက်မှာ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းနှင့် တပ်မတော်တည်ဆောက်ရေးတွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့သလို အမျိုးသားရေး တာဝန်တရပ်ဟု ဆိုရမည့် တရုတ်ဖြူ ကျူးကျော်မှုကို ဦးဆောင် တွန်းလှန်ခဲ့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောပင်လျှင် စတုတ္ထအဆင့်သာရှိသည့် သရေစည်သူဘွဲ့ကို သာ အမြင့်ဆုံး ရရှိခဲ့ဖူးသည်။
အလားတူ ကွယ်လွန်သွားပြီဖြစ်သည့် ဝန်ကြီးချုပ်ဟောင်း ဦးနု၊ သမ္မတဟောင်း ဦးစန်းယု၊ ၁၉၈၈ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူး စောမောင်တို့ကို အဂ္ဂမဟာ သီရိသုဓမ္မနှင့် အဂ္ဂမဟာသရေစည်သူဘွဲ့ ချီးမြှင့်ထားသော် လည်း စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွှန့်ကိုမူ ဘွဲ့တံဆိပ် ထည့်သွင်းချီးမြှင့်ရာတွင် ပါဝင်ခြင်းမရှိပေ။
ကာကွယ်ရေးဦးစီးချုပ်များနှင့် စစ်ဘက်အရာရှိကြီးများကို ဘွဲ့၊ ဆု၊ တံဆိပ်များ ပေးအပ်ရာတွင် မကြာသေးမီက ရာထူး မှ အနားပေးခြင်းခံရသည့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၏ ဖခင် ကာကွယ် ရေး ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး သူရကျော်ထင်ကို သတိုး မဟာသရေစည်သူဘွဲ့ ချီးမြှင့်သည်ဟု ကြေညာသော် လည်း တချိန်က တပ်မတော်တွင် လူချစ်လူခင်များက အားလုံးလေးစားရသည့် ဗိုလ်ချုပ်ကြီး သူရတင်ဦး ပါဝင်ခြင်း မရှိသည်ကို တွေ့ရသလို မြန်မာဆိုရှယ်လစ် လမ်းစဉ်အစိုးလက်ထက်က အာဏာရှင် ဗိုလ်ချုပ်ကြီးနေဝင်းအား သစ္စာရှိ ခဲ့သူများဖြစ်သည့် ဗိုလ်ချုပ်သူရစောဖြူ၊ သူရဦးထွန်းတင်၊ ဗိုလ်မှူးချုပ်သန်းတင်၊ ဗိုလ်မှူးချုပ်တင့်ဆွေ၊ တိုု့ကိုလည်း ဘွဲ့များ ပေးအပ်ထားသည်ကို တွေ့ရသည်။
ယင်းအပြင် ယခင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် အစိုးရလက်ထက်က တပ်မတော် ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် တာဝန်ယူခဲ့သည့် ဒုဗိုလ်ချုပ်ကြီးအေးကို၊ ဒု ဗိုလ်ချုပ်ကြီး ထွန်းရီတို့ကို မဟာသရေစည်သူဘွဲ့ ပေးသော်လည်း နဝတ နအဖလက်ထက် ဒု ကာကွယ်ရေးဦးစီးချုပ်ဖြစ်သည့် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးမှာ ဆုချီးမြှင့်မှုတွင် မပါရှိပေ။
ထို့အတူ တပ်မတော်တည်ထောင်ကာစ ရေတပ်နှင့် လေတပ်ဦးစီးချုပ်များဖြစ်သည့် ဒု ဗိုလ်မှူးကြီး ခင်မောင်ဘို၊ ဒုဗိုလ်မှူးကြီး သူရ အက်စ် ဂျေ ခင် တို့ကို စည်သူဘွဲ့ ချီးမြှင့်သော်လည်း လေတပ်ဦးစီးချုပ်ဟောင်း ဗိုလ်မှူးချုပ် တီကလစ်ဖ်နှင့် ရေတပ်ဦးစီးချုပ်ဟောင်း ဗိုလ်မှူးချုပ် သန်းဖေတို့လည်း ပါဝင်ခြင်းမရှိပေ။
လက်ရှိ စစ်ကောင်စီ၏ ယာယီ သမ္မတဦးမြင့်ဆွေ ကိုမူ သတိုးသီရိသုဓမ္မဘွဲ့တံဆိပ်များ ပေးအပ်သည်ဟု ကြေညာထားသည်။
ထို့ပြင် ပျံလွန်တော်မူပြီဖြစ်သည့် မြိုင်ကြီးငူဆရာတော် ဦးသုဇန၊ ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ စောမူတူးစေးဖိုး၊ ရှမ်းပြည် ပြန် လည် ထူထောင်ရေး ကောင်စီ (RCSS-SSA) ဥက္ကဋ္ဌ ယွက်ဆစ်တို့ အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် ခေါင်း ဆောင်အချို့ကိုလည်း စာပေနှင့် အနုပညာရှင်အများစုအား ချိးမြှင့်သည့် ဝဏ္ဏကျော်ထင်ဘွဲ့များ ပေးထားသည်။
အလားတူ ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ အကြံပေးအဖွဲ့ ဝင်ဟောင်း ဦးလှမောင်ရွှေလည်း ဝဏ္ဏကျော်ထင်ဘွဲ့ ရရှိသည်။
အနုပညာနှင့် ပတ်သက်၍ ပေးအပ်သော အလင်္ကာကျော်စွာဘွဲ့ကိုလည်း ကိုလိုနီခေတ်က တေးပြုစာဆိုကြီးများ ဖြစ် သည့် နန်းတော်ရှေ့ ဆရာတင်၊ ရွှေတိုင်ညွှန့်တို့ကိုလည်း ပြန်ပြောင်းပေးအပ်သလို နန်းတော်ရှေ့ ဆရာတင်၏ သား ရွှေနန်းတင်၊ ကျေးလက်လူထု ကိုယ်စားပြု တေးများ သီဆိုခဲ့သည့် အဆိုတော် ရုပ်ရှင်မင်းသား တွံတေးသိန်းတန်၊ စန္ဒရား ချစ်ဆွေ၊ စန္ဒရားလှထွတ်၊ ဦးသုမောင်နှင့် ဦးစိန်ဗိုလ်တင့်တို့ကိုလည်း ပေးအပ်သည်၊ ထို့အပြင် တခြားသော အနုပညာရှင်များကိုလည်း အနုပညာထူးချွန် တံဆိပ်များ ပေးအပ်ကြောင်း ကြေညာသည်။
စစ်ခေါင်းဆောင်၏ ဆုတံဆိပ်ချီးမြှင့်ခံရသူများထဲတွင် သရုပ်ဆောင် စိုးမြတ်သူဇာမှာလည်း လူမှုထူးချွန် ဒုတိယ အဆင့် အနေဖြင့် ဆုချီးမြှင့်ခံရသည်။
ပြီးခဲ့သည့် မတ် ၂၇ ရက်တွင် ကျရောက်သော တပ်မတော်နေ့ (တော်လှန်ရေးနေ့) ၌လည်း စစ်ကောင်စီက ယခုကဲ့သို့ ဂုဏ်ထူးဆောင် ဆုတံဆိပ်များကို နယ်ပယ်အသီးသီးက ပုဂ္ဂိုလ်များကို ပေးအပ်ခဲ့ပြီး ထိုအထဲတွင် ကွယ်လွန်ခဲ့သည် မှာ ကြာမြင့်နေပြီဖြစ်သော အနုပညာရှင်ကြီးများ၊ အတတ်ပညာရှင်များနှင့် လူပုဂ္ဂိုလ်တချို့အား ဂုဏ်ထူး ဆောင်ဘွဲ့တံ ဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့သဖြင့် ပြည်သူများကြား ဝေဖန်မှုများ ရှိခဲ့သည်။
မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ဘွဲ့၊ ဆုနှင့် တံဆိပ်များ တီထွင်ပေးအပ်ရန် လုပ်ဆောင်ရာတွင် ပြည်ထောင်စု စည်သူသင်္ဂဟဘွဲ့များနှင့် သူရသတ္တိနှင့် ပတ်သက်၍ အောင်ဆန်းသူရိယဘွဲ့များသာရှိသော်လည်း နောက်ပိုင်း မြန်မာဆိုရှယ်လစ် လမ်းစဉ်အစိုးရလက်ထက်တွင် တံခွန်ဘွဲ့၊ ဇာနည်ဘွဲ့ကဲ့သို့သော ဘွဲ့များထပ်မံတီထွင်ခဲ့သည်။
၁၉၉၁ခုနှစ်တွင် အာဏာရယူထားသည့် စစ်တိုင်းမှူးများ ဖြစ်ခဲ့သော ဗိုလ်ချုပ်ကြီးမောင်အေး၊ ဒုဗိုလ်ချုပ်ကြီးကျော်ဘ၊ ဒု ဗိုလ်ချုပ်ကြီး မောင်သင့်၊ ဒု ဗိုလ်ချုပ်ကြီး ထွန်းကြည်၊ ဒု ဗိုလ်ချုပ်ကြီး မြသင်း၊ ဗိုလ်ချုပ် ဉာဏ်လင်း၊ ဒု ဗိုလ်ချုပ်ကြီး မြင့်အောင်၊ ဒု ဗိုလ်ချုပ်ကြီးအေးသောင်၊ ဒု ဗိုလ်ချုပ်ကြီး မျိုးညွှန့်၊ ဒုဗိုလ်ချုပ်ကြီး မောင်လှ၊ ဒု ဗိုလ်ချုပ်ကြီး ကျော်မင်း စသောသူများကို တံခွန်ဘွဲပေးခဲ့ဖူးသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်က အရပ်သားအစိုးရအား ဖြုတ်ချကာ အာဏာသိမ်းထားသည့် တနှစ်ကျော်ကာလအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ အကြမ်းဖက်မှုကြောင့် ပြည်သူ ၁၇၅၆ ဦး သေဆုံးခဲ့ရပြီး လူဦးရေ တသောင်းကျော်မှာလည်း အကျဉ်းထောင်၊ အချုပ်ခန်းများအတွင်း ဖမ်းဆီးချုပ်နှောင်ခံရကာ အကျဉ်းချခံထား ရသည်။
ယင်းပြင် နိုင်ငံတဝှမ်းတွင်လည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးမှုကြောင့် ထောင်နှင့်ချီသည့် လူနေအိမ်များ ဖျက်ဆီးခံရပြီး သိန်းနှင့်ချီသည့် ပြည်သူများ နေရပ်စွန့်ခွာ စစ်ဘေးတိမ်းရှောင်ရလျက် ရှိနေသည်။
ပြည်ထောင်စုစည်သူသင်္ဂဟတွင် ပထမတန်းကို အဂ္ဂမဟာသရေစည်သူ၊ ဒုတိယတန်းကို သတိုးမဟာသရေစည်သူ၊ တတိယတန်းကို မဟာသရေစည်သူ၊ စတုတ္ထတန်းကို သရေစည်သူ၊ ပဉ္စမတန်းကို စည်သူဟူ၍ အဆင့်အတန်း ၅ မျိုးခွဲခြားထားသည်
You may also like these stories:
ကွယ်လွန် အနုပညာရှင်များအား ဘွဲ့တံဆိပ်ပေးမှု နောက်ကွယ်မှာဘာရှိမလဲ
နေပြည်တော် စစ်ရေးပြပွဲ ဗိုလ်ချုပ်ဟောင်းများ ပြန်ပေါ်လာ