အာဏာသိမ်း စစ်ကောင်စီက ဖိအားပေးကာ ယမန်နေ့ မြန်မာနှစ်ဆန်း ၁ ရက် ဧပြီလ ၁၇ ရက် စတင် ဖွင့်လှစ်ခိုင်းသည့် ရုပ်ရှင်ရုံများ၌ လာရောက် ကြည့်ရှုသူ မရှိသလောက် နည်းပါးကြောင်း ရုပ်ရှင်ရုံ လုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။
ရန်ကုန်မြို့ သမ္မတ ရုပ်ရှင်ရုံမှ တာဝန်ရှိသူတဦးက “စဖွင့်ဖွင့်ချင်းတော့ ပါးတာပေါ့။ ပွဲချိန်ကတော့ ၄ ပွဲစလုံး ပြပါတယ်။ လောလောဆယ်တော့ လာကြည့်သူ နည်းတယ်။ အတိအကျ ပြောလို့ မရဘူး။ အတိအကျ ဖြေလို့ မရဘူး” ဟု ဧရာဝတီကို ပြောသည်။
ထို့ပြင် ရန်ကုန်မြို့၊ သမ္မတရုံတွင် လာရောက် ကြည့်ရှုသူ နည်းပါးသဖြင့် ရုပ်ရှင် ပွဲချိန်အချို့ ပိတ်သိမ်းလိုက်ရကြောင်း ပြောဆိုမှုများရှိသော်လည်း ယင်းကဲ့သို့ ပိတ်သိမ်းခြင်း မရှိဟု ၎င်းက ဧရာဝတီကို ပြန်လည် ဖြေကြားသည်။
ရန်ကုန်မြို့ရှိ နာမည်ကြီး ရုပ်ရှင်ရုံတို့၌ ယမန်နေ့ စတင် ဖွင့်လှစ်သည့်နေ့တွင် လာရောက် ကြည့်ရှုသူဦးရေမှာ ဆယ်ဂဏန်းပင် မပြည့်ဟု ယင်းရုပ်ရှင်ရုံများ အနီးတဝိုက်တွင် နေထိုင်သူများကလည်း ပြောသည်။
“လာကြည့်တဲ့သူ မရှိသလောက်ပဲ။ ၇ ယောက်၊ ၈ ယောက် လာကြည့်တာတော့ တွေ့တယ်။ ရုပ်ရှင်ရုံနားမှာတော့ ရဲ တယောက်၊ နှစ်ယောက်လောက် စောင့်နေတာတော့ တွေ့တယ်” ဟု ရန်ကုန်မြို့၊ သမ္မတ ရုပ်ရှင်ရုံ အနီး နေထိုင်သူတဦးက ပြောသည်။
ယင်းပြင် ယနေ့ ရုပ်ရှင်ရုံများတွင် ကြည့်ရှုသူနည်းပါးလှသဖြင့် ရရှိငွေမှာ ကျပ် ၁ သိန်းတောင် မပြည့်ကြောင်း ရုပ်ရှင်ရုံနှင့် ဆက်စပ်လုပ်ကိုင်သူတဦးက ပြောသည်။
“ဒီအခြေအနေက ရုပ်ရှင်ကားတွေ မပြရင်တောင် တန်ဖိုး ရှိဦးမယ်။ မြန်မာတပြည်လုံးနဲ့ သက်ဆိုင်တဲ့ သင်္ကြန်တောင် လူ မရှိတာ။ ရုပ်ရှင်ရုံတွေ ဖွင့်တော့ ပိုဆိုးတာပေါ့။ တနေကုန်ပြတာ ရုံဝင်ငွေ ပိုက်ဆံ တသိန်းတောင် မပြည့်ဘူး။ ဒါက မီတာခတောင် မရှိဘူး” ဟု ၎င်းက သုံးသပ် ပြောဆိုသည်။
ထို့အတူ မန္တလေးမြို့ရှိ ရုပ်ရှင်ရုံများတွင်လည်း လာကြည့်သူ တဦးမှ မရှိဟု မန္တလေး မြို့ခံများထံမှ သိရသည်။
ရုပ်ရှင်အသိုင်းအဝိုင်းမှ သတင်းရင်းမြစ်တဦးက “လူကို မရှိတာ။ တချို့ ပွဲစဉ်တွေဆို လာကြည့်သူ တယောက်မှ မရှိဘူး” ဟု ဧရာဝတီကို ပြောသည်။
COVID-19 ရောဂါနှင့် အာဏာသိမ်းမှု အခြေအနေများကြောင့် အချိန် ၂ နှစ်ကျော်ကြာ ပိတ်ထားခဲ့ရသည့် ရုပ်ရှင်ရုံများကို စစ်ကောင်စီက မြန်မာနှစ်ဆန်း ၁ ရက်နေ့ ပြန်လည် ဖွင့်လှစ်ခဲ့ပြီး မြန်မာနိုင်ငံရှိ ရုပ်ရှင်ရုံပေါင်း ၄၈ ခန့်တွင် “ဝေးမနေချင်ဘူး” ဟု အမည်ရသည့် ရုပ်ရှင်ကားကို စတင် ပြသခဲ့ကြောင်း သိရသည်။
အဆိုပါ “ဝေးမနေချင်ဘူး” ရုပ်ရှင်ကားတွင် သရုပ်ဆောင် လူမင်း၊ နေမင်းနှင့် ရွှေမှုံရတီတို့ ပါဝင် သရုပ်ဆောင်ထားပြီး ယင်း ဇာတ်ကားကို ဒါရိုက်တာ ညွှန့်မြန်မာ ညီညီအောင် ရိုက်ကူးထားသည်။ ယင်းပြင် “BEATS” အမည်ရ ဘောလိဝုဒ် ရုပ်ရှင် ဇာတ်ကားကိုပါ မင်္ဂလာ ရုပ်ရှင်ရုံများတွင် ပြသထားသည်ကို တွေ့ရသည်။
“မြန်မာကား တင်ထားတဲ့ ရုံမှာတော့ လာကြည့်တာ တယောက်မှ မတွေ့ဘူး။ ခုနက နေပြည်တော် ရုံဘက်က ပြန်လာတော့ အဲဒီမှာ ဘောလိဝုဒ် ဇာတ်ကား တင်ထားတာ။ ဘောလိဝုဒ် လာကြည့်တဲ့သူ အယောက်၂၀၊ ၃၀ လောက် ထွက်လာတာ တွေ့တယ်” ဟု ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်ရှိ၊ နေပြည်တော် ရုပ်ရှင်ရုံအနီး နေထိုင်သူတဦးက ဧရာဝတီကို ပြော သည်။
စစ်ကောင်စီကို ဆန့်ကျင်သည့် အနေဖြင့်နှင့် လက်ရှိကာလတွင် လုံခြုံရေး အခြေအနေ စိုးရိမ်ရသဖြင့် ထိုသို့ ရုပ်ရှင်ရုံများသို့ သွားရောက် ကြည့်ရှုခြင်းမျိုး မလုပ်ဆောင်ကြခြင်း ဖြစ်ကြောင်း ပြည်သူများက ဆိုကြသည်။
အာဏာသိမ်း စစ်ကောင်စီသည် သင်္ကြန်ပွဲတော်ကို ကျင်းပရန် ဖြစ်သည့်အပြင် မြန်မာနှစ်ဆန်းတရက် ဧပြီလ ၁၇ ရက်တွင် ရုပ်ရှင်ရုံများ ပြန်ဖွင့်ရန် ကိုဗစ်နိုင်တင်း ထိန်းချုပ်ရေး စည်းမျဉ်းစည်းကမ်းများကို ဖြေလျှော့ပြီး ညမထွက်ရအမိန့်များကိုလည်း လျှော့ပေးကာ လူ ၄၀၀ ထိ စုဝေးခွင့်ပြုခဲ့သည်။
စစ်ကောင်စီက ပြီးခဲ့သည့် မတ်လ ၂ ရက်တွင် အလုပ်ကြမ်းနှင့် ထောင် ၃ နှစ် ချမှတ်ထားသည့် သရုပ်ဆောင် လူမင်း၊ ပြေတီဦး၊ အိန္ဒြာကျော်ဇင်နှင့် ပိုင်တံခွန် တို့အား လွတ်ငြိမ်းခွင့်ပေးကာ ပြန်လွှတ်ပေးခဲ့ပြီး ဒါရိုက်တာ ဝိုင်းကိုလည်း အမှုမှ ရုပ်သိမ်းပေးခဲ့သည်။ သို့သော် အခြား ဖမ်းဆီးခံ အနုပညာရှင်များဖြစ်သည့် အဆိုတော် စောဖိုးခွား၊ ပိုပို၊ မင်းသား ရဲတိုက်၊ ဒါရိုက်တာ မင်းထင်ကိုကိုကြီးတို့ကိုမူ ယနေ့ချိန်ထိ ပြန်လွှတ်ပေးခြင်း မရှိသေးပေ။
အာဏာသိမ်းစစ်ကောင်စီသည် ပြန်လည်လွှတ်ပေးလိုက်သော ရုပ်ရှင်သရုပ်ဆောင်နှင့် မော်ဒယ်များကို စစ်ကောင်စီ ဝါဒဖြန့်ချိရေး MRTV တွင် ရုပ်ရှင်ရုံများ ပြန်ဖွင့်လှစ်သည့်အပေါ် သဘောထား အင်တာဗျူး ဖြေကြားပေးရန် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဒါရိုက်တာဦးကြည်စိုးထွန်းမှတဆင့် စည်းရုံးခဲ့သေးသည်။
You may also like these stories:
တစ္ဆေခြောက်မယ့် စစ်ကောင်စီသင်္ကြန်
နိုင်ငံသားအဖြစ်မှ ရပ်စဲခြင်းဖြင့် တော်လှန်စိတ်ကို ရပ်၍မရ
စစ်တပ်ရဲ့ အမြစ်ဖြတ်မှုကို ရုန်းကန်တော်လှန်တဲ့ သင်္ကြန်သံချပ်
ကိုဗစ်-၁၉ နဲ့ နပန်းလုံးနေရတဲ့ ရုပ်ရှင်နဲ့ ဂီတလောက
စစ်ကောင်စီ ဖိအားပေးမှုအောက် ရုပ်ရှင်ရုံတွေ မြန်မာနှစ်ဆန်း ပြန်ဖွင့်မည်