အာဏာသိမ်း စစ်ကောင်စီက မြန်မာနှစ်သစ်ကူး အထိမ်းအမှတ်အဖြစ် အကျဉ်းသား ၁၆၀၀ ကျော်အား ယမန်နေ့ ဧပြီ ၁၇ ရက်က လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွှတ်ပေးရာတွင် နိုင်ငံရေး ပုဒ်မများဖြင့် အကျဉ်းချ ခံထားရသူများ မပါဝင် ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများနှင့် ရှေ့နေများက ပြောသည်။
စစ်ကောင်စီအနေဖြင့် နိုင်ငံတဝှမ်း အကျဉ်းထောင်နှင့် အလုပ်စခန်းများမှ အကျဉ်းသား/သူ ၁၅၇၇ ဦး၊ နိုင်ငံခြားသား အကျဉ်းသား ၄၂ ဦး၊ စုစုပေါင်း ၁၆၁၉ ဦးအား နောက်တကြိမ် ပြစ်ဒဏ် ထပ်မံ ကျူးလွန်ပါက ယခု ကျခံရန် ကျန်ရှိ သည့် ပြစ်ဒဏ်များအား ဆက်လက်ကျခံရမည် ဟူသည့် စည်းကမ်း သတ်မှတ်ချက်ဖြင့် လွတ်ငြိမ်းပေးခဲ့ခြင်း ဖြစ်သည်။
နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့၊ ဦးဆောင် ကော်မတီဝင် ဦးထွန်းကြည်က “နိုင်ငံရေး အကျဉ်းသားတွေ မပါတဲ့ ကိစ္စက ဝမ်းလည်း မနည်းဘူး၊ အံ့လည်း မအံ့ဩဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ အကျိုးစီးပွားအလို့ငှာ၊ နိုင်ငံရေး အကျိုးအမြတ် အလို့ငှာ အသုံးဝင်မယ့်သူတွေကိုပဲ လွှတ်ပေးတာ ဖြစ်တယ်။ သူတို့အတွက် ပြန်သုံးလို့ရမယ်လို့ ယုံ ကြည်သူတွေကိုပဲ လွှတ်တာဖြစ်ပါတယ်။ နိုင်ငံရေးဆန္ဒ လုံးဝမရှိတဲ့ လွတ်ငြိမ်းသက်သာပဲ ဖြစ်ပါတယ်” ဟု ပြောသည်။
စစ်ကောင်စီ၏ လွတ်ငြိမ်းသက်သာဖြင့် ယမန်နေ့က အကျဉ်းထောင်များမှ လွှတ်ပေးခဲ့ရာတွင် အင်းစိန် ဗဟိုအကျဉ်း ထောင်မှ အမျိုးသမီး ၆ ဦး အပါအဝင် စုစုပေါင်း အကျဉ်းသား ၁၆၀ ဦး၊ မန္တလေး အိုးဘိုထောင်မှ ၁၅၀ ဦးခန့်၊ ထားဝယ်အကျဉ်းထောင်မှ ၈ ဦး၊ မြိတ် အကျဉ်းထောင်မှ ၁၂ ဦး၊ ထုံးဘိုအကျဉ်းထောင်မှ ၃၂ ဦးနှင့် ရခိုင်ပြည်နယ်ရှိ ထောင်များမှ ၄၀ ဦးခန့်တို့ လွတ်မြောက်လာခဲ့ကြောင်း သိရသည်။
လက်ရှိ စစ်ကောင်စီ၏ လွတ်ငြိမ်းသက်သာခွင့်တွင် ပါဝင်သူများမှာ အများအားဖြင့် မူးယစ်ဆေးဝါးမှု၊ လူဝင်မှုကြီးကြပ် ရေးဥပဒေဖြင့် အရေးယူခံရမှု၊ တပ်ပြေးမှုများ၊ ခိုးဆိုးလုနှိုက်များနှင့် ထောင်ဒဏ် နှစ်ရှည်ကျခံပြီးသူများသာ ပါဝင်ခဲ့ ကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများက ပြောသည်။
နိုင်ငံရေး အကျဉ်းသားများအား အမှုလိုက်ပါ ဆောင်ရွက်ပေးနေသူတဦးက “လွတ်ငြိမ်းမှာ အင်းစိန်ထောင်က လွတ်လာသူတွေထဲ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(က) အပါအဝင် နိုင်ငံရေးပုဒ်မတွေနဲ့ ဖမ်းဆီး ပြစ်ဒဏ်ချထားရ သူတွေ တယောက်မှမပါပါဘူး”ဟု အတည်ပြု ပြောသည်။
မန္တလေးအိုးဘိုထောင်၊ မုံရွာထောင်နှင့် ရခိုင်ပြည်နယ်တို့မှ လွတ်မြောက်လာသူများတွင်လည်း နိုင်ငံရေး အကျဉ်း သားများ ပါဝင်ခြင်း မရှိကြောင်း ရှေ့နေများနှင့် နိုင်ငံရေးအကျဉ်းသား ကူညီဆောင်ရွက်နေသူများက ပြောသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ အပါအဝင် ဆန္ဒပြပြည်သူများအား စစ်ကောင်စီက အကြမ်းဖက် ဖမ်းဆီးပြီး ပုဒ်မအမျိုးမျိုးဖြင့် စွပ်စွဲတရားစွဲဆိုကာ ထောင်ဒဏ်များ ချမှတ်လျက်ရှိနေသည်။
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) မှ ဧပြီ ၁၅ ရက်အထိ ကောက်ယူရရှိထားသည့် စာရင်းများအရလည်း စစ်တပ် အာဏာသိမ်းပြီးနောက် ဖမ်းဆီး ချုပ်နှောင်ခံထားရသူ ၁၀၂၃၈ ဦးအနက် ၉၉၆ ဦးမှာ ထောင်ဒဏ်များ ချမှတ်ခံထားရကြောင်း သိရသည်။
ယင်း ထောင်ဒဏ် ချမှတ်ခံရသူများတွင် အသက်မပြည့်သူ ကလေးငယ်များလည်းပါဝင်ပြီး သေဒဏ်ချမှတ်ခံထားရသူ ၅၉ ဦးနှင့် မျက်ကွယ် သေဒဏ် ချမှတ်ခံထားရသူမှာ ၄၁ ဦး ရှိကြောင်း AAPP စာရင်းအရ သိရသည်။
ယင်းပြင် စစ်တပ်အာဏာသိမ်းထားသည့် ကာလအတွင်း စစ်ကောင်စီတပ်များ၏ အကြမ်းဖက် တိုက်ခိုက်မှုနှင့် ဖမ်းဆီး ညှဉ်းပန်းမှုများကြောင့် ဧပြီ ၁၄ ရက်အထိ ပြည်သူ ၁၇၅၆ ဦး သေဆုံးခဲ့ရပြီဖြစ်ကြောင်းလည်း AAPP က ဆိုထားသည်။
ကိုထွန်းကြည်က “ပြစ်ဒဏ်တွေကနေ ကင်းလွတ်ခွင့်ရနေတဲ့ စစ်ကောင်စီဟာ ပြည်သူတွေအပေါ် ဖမ်းဆီး သတ်ဖြတ် တာတွေ ဆက်လက် ကျူးလွန်နေတုန်းပဲ၊ ပြစ်ဒဏ်ဆိုရင်လည်း အမြင့်ဆုံးပြစ်ဒဏ်တွေချမှတ်နေတာတွေ၊ နိုင်ငံရေး အကျဉ်းသားတွေကို ထောင်ပြောင်းတာတွေအပြင် ကာယကံရှင် မိသားစုတွေကိုပါ အပြစ်ပေး အရေးယူတဲ့ပုံစံမျိုးဟာ ရန်သူလိုသတ်မှတ်ပြီးတော့ အာဃာတကြီးကြီးနဲ့ သူတို့ အနေနဲ့ ရန်ငါ ပြတ်တယ်ဆိုတဲ့ သဘောပါပဲ” ဟု ပြောသည်။
လက်ရှိတွင်လည်း စစ်ကောင်စီ အနေဖြင့် ပြစ်ဒဏ်ချမှတ်ထားသူ နိုင်ငံရေး အကျဉ်းသားများအား ထောင်ပြောင်းရွှေ့ မှုများ ပြုလုပ်လျက်ရှိရာ ဧပြီ ၇ ရက်က စစ်ကိုင်းတိုင်း၊ မုံရွာထောင်မှ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်မွှေးလွင် အပါအဝင် နိုင်ငံရေး အကျဉ်းသား တရာကျော်အား မြစ်ကြီးနားထောင်၊ မန္တလေး အိုးဘိုထောင်နှင့် မြင်းခြံထောင်တို့ထံ ခွဲခြား ပြောင်းရွေ့ လိုက်ကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူတဦးက ပြောသည်။
ယင်းပြင် အကျဉ်းထောင်များအတွင်း နိုင်ငံရေး အကျဉ်းသားများအပေါ် ဖိနှိပ်မှုများ ပြုလုပ်နေသည့် သတင်းများလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပြီး အကျဉ်းသား အခွင့်အရေး၊ လူ့အခွင့်အရေးအတွက် ထောင်အတွင်း ဆန္ဒပြ တောင်းဆိုမှုများ အပေါ်တွင်လည်း အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းမှုများ ပြုလုပ်ခဲ့သည့်အတွက် စစ်ကိုင်းတိုင်းအတွင်းရှိ ကလေးထောင်နှင့် မုံရွာထောင်တို့တွင် နိုင်ငံရေး အကျဉ်းသား အချို့ သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရမှုများလည်း ရှိခဲ့ သည်။
You may also like these stories:
နွေဦးတော်လှန်ရေးထဲက အကျဉ်းစံ ပန်ဒါ
မုံရွာထောင်တွင်း ပစ်ခတ်နှိမ်နင်းပြီးနောက် နိုင်/ကျဉ်း ၁၀၀ ခန့် ထောင်ပြောင်းခံရ