သတင်း

မတူပီမြို့နယ်အတွင်း တိုက်ပွဲကြောင့် ဒေသခံ ၂၀၀၀ နီးပါး ထွက်ပြေးနေရ

ချင်းပြည်နယ်၊ မတူပီ-ပလက်ဝ ကားလမ်း တလျှောက်၌ စစ်ကောင်စီတပ်နှင့် မတူပီ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (CDF) တို့၏ သင်္ကြန်ကာလတိုက်ပွဲများကြောင့် အနီးဝန်းကျင်မှ ဒေသခံ ကျေး ရွာသား ၂၀၀၀ နီးပါး ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

မတူပီမြို့ကနေ ပလက်ဝမြို့နယ်အတွင်းသို့ စစ်အင်အား ဖြည့်တင်းရန် သွားရောက်သော စစ်ကား ၇ စီးနှင့် တပ်ဖွဲ့ဝင် ခန့်မှန်း အင်အား ၃၀၀ ခန့် ပါသော စစ်ကြောင်းကို မတူပီပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့မှ ဧပြီလ ၁၀ ရက်မှ ၁၆ ရက် အထိ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီ တပ်သား အနီးဝန်းကျင်ရှိ ကျေးရွာများကို ဝင်ရောက် ဒုက္ခပေး သည့်အတွက် ထွက်ပြေး တိမ်းရှောင်နေရခြင်း ဖြစ်ကြောင်း မတူပီ CDF အဖွဲ့မှ ခေါင်းဆောင်တဦးက ပြောသည်။

၎င်းက “ပလက်ဝဘက်ကို စစ်အင်အား သွားဖြည့်တဲ့ စစ်ကောင်စီ စစ်ကြောင်းနဲ့ ကျနော်တို့ ကြားဖြတ်တိုက်ခိုက်တယ်။ ကျနော်တို့ ကြားဖြတ်တိုက်ခိုက်ပြီး ပြန်ဆုတ်တဲ့ အချိန် သူတို့က ရွာတွေကို ဝင်ပြီး ကြက်၊ ဝက်၊ ဆိတ်တွေကို ကားပေါ် တင်ပြီး အကုန်ယူတယ်။ ထမင်းအိုးက အစ အကုန်ယူတာ။ အဆိုးဆုံးကတော့ ဝလံပီ ကျေးရွာမှာ တရွာလုံး စားဖို့ အတွက် သိုလှောင်ထားတဲ့ စပါးကျီးတွေကိုပါ မီးရှို့ဖျက်ဆီးသွားတယ်” ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်ကို ဒေသခံ မင်းတပ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ ကြားဖြတ် မိုင်းဆွဲ တိုက်ခိုက်ခြင်း၊ ခြုံခိုတိုက်ခိုက်ခြင်း ပြုလုပ်ခဲ့ရာတွင် အပြန်အလှန် တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း မတူပီ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့မှ ၁ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သလို စစ်ကောင်စီဘက်မှလည်း ၁၀ ဦး သေဆုံးကာ ၅ ဦး ဒဏ်ရာများရရှိခဲ့ ကြောင်း မတူပီ CDF အဖွဲ့မှ ဧပြီလ ၁၆ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

မတူပီမြို့ပေါ်ရှိ အရပ်ဘက် လူမှုကူညီရေးအဖွဲ့မှ ဒေသခံတဦးက “အခု ထွက်ပြေးနေရတဲ့ ရွာတွေကတော့ မတူပီ- ပလက်ဝ ကားလမ်ပေါ်ရှိတဲ့ ရွာတွေပါ။ ရွာလုံးကျွတ် ထွက်ပြေးနေရာတဲ့ ရွာက ၆ ရွာလောက် ရှိတယ်။ ဖုန်းလိုင်းက လည်း ဖြတ်ထားတော့ အဲဒီဘက်က ရွာသားတွေနဲ့ အဆက်အသွယ် မရဘူး။ စစ်ကောင်စီတပ် လာတာနဲ့ ကြိုရှောင်တဲ့ အနေနဲ့ တောတောင်ထဲကိုပဲ ဝင်ပြေးရတာ။ သူတို့ လိုင်းမိတဲ့နေရာကို လာပြီး ဆက်သွယ်မှပဲ အဆက်အသွယ်ရမယ်။ အခုအချိန် သူတို့ကို ကူညီ ကယ်ဆယ်ပေးဖို့ ဆိုကလည်း လုံခြုံရေး စိတ်မချရတဲ့အတွက် မတူပီ မြို့ပြင်ကို ထွက်ဖို့ တောင် မလွယ်ဘူး” ဟု ဧရာဝတီသို့ ပြောသည်။

လက်ရှိအချိန်တွင် အဆိုပါ စစ်ကြောင်းသည် ပလက်ဝမြို့နယ်အထဲသို့ မရောက်ရှိသေးဘဲ မတူပီ မြို့နယ်၊ ဝလံသဲ ကျေးရွာသားများပိုင်သည့် ကျောက်တင်ယာဉ်များ၊ ဆ်ိုင်ကယ်များကို ခိုးယူကာ ပလက်ဝ မြို့နယ်အတွင်းသို့ ဆက်လက် ချီတက်နေကြောင်း၊ ဒေသခံ မတူပီ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များကလည်း အသင့်အနေအထားဖြင့် ဆက်လက် စောင့်ကြည့်နေ၍ နှစ်ဖက် စစ်ရေးတင်းမာနိုင်ကြောင်းလည်း သိရသည်။

မတူပီ- ပလက်ဝကားပေါ်တွင် တည်ရှိသော တွီရှစ်ကျေးရွာ၊ ဝလံပီကျေးရွာ၊ ကလားကျေးရွာ၊ ဝလံသဲ ကျေးရွာ စသည့် ကျေးရွာသားများသည် လတ်တလော အခြေအနေတွင် တောထဲတွင် ဖြစ်သလို နေထိုင်နေရပြီး စစ်ကောင်စီက ဖုန်း လိုင်းများ လမ်းပန်း ဆက်သွယ်ရေး လမ်းကြောင်းများကို ပိတ်ဆို့ထားသဖြင့် ဒေသခံ အရပ်ဘက် လူမှုကူညီရေး အဖွဲ့ များမှလည်း သွားရောက် ကူညီရန် အခက်ကြုံတွေ့နေရကြောင်း သိရသည်။

You may also like these stories:

ယာဉ်တန်းလုံခြုံရေးယူသည့် စစ်ကောင်စီတပ် ချင်းရွာကို မီးရှို့

လက်နက်အင်အားသာ ရှိရင်တော့ ဒီယာဉ်တန်းကို အပြတ်တိုက်ချင်တယ်

မင်းတပ်တွင် စစ်ကောင်စီတပ်များကို CDF များဝင်တိုက်

အာဏာသိမ်းတပ် စစ်လက်နက်ယာဉ်တန်း ချင်းတောင်ပိုင်းရောက်နေ

Loading