နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လာဘ်စားကြောင်း ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဟောင်း ဦးဖြိုး မင်းသိန်း၏ စွပ်စွဲထွက်ဆိုချက်နှင့် ပတ်သက်၍ အဂတိ ပုဒ်မ ၅၅ ဖြင့် တရားစွဲဆိုထားမှုအား ဧပြီလ ၂၆ ရက်တွင် အပြီးသတ် အမိန့်ချမည် ဖြစ်သည်။
အမှုအတွက် ယနေ့ နေပြည်တော် အထူးသီးသန့် တရားရုံး ရုံးချိန်းတွင် နှစ်ဖက် ရှေ့နေများ လျှောက်လဲချက်ပေးခဲ့ကြ ပြီး ဒေါ်အောင်ဆန်းစုကြည်အပေါ် စွပ်စွဲချက်များ တရားလိုဘက်က သက်သေ မပြနိုင်ခြင်းနှင့် တရားစွဲဆိုရန် ဥပဒေ အရ လုပ်ထုံးလုပ်နည်း လွဲမှားနေမှုများအား ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက ထောက်ပြ လျှောက်လဲခဲ့ကြသည် ဟု တရားရုံးနှင့် နီးစပ်သူတဦးက ပြောသည်။
၎င်းက “ဖြိုးမင်းသိန်းက ပေးတယ်ဆိုတာ ပါးစပ်က ပြောပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ဆီက ဘာမှ အထောက် အထား မတွေ့ဘူး။ မတင်ပြနိုင်ဘူး။ စွပ်စွဲချက် တခုချင်း ငြိစွန်းပါတယ် ဆိုတာတွေကို တချက်ချင်း ဖယ်ကြည့်လိုက်၊ ဒေါ်အောင်ဆန်းစုကြည်က လုံးဝ အပြစ် မရှိဘူး။ တိုင်းပြည်ရဲ့ ခေါင်းဆောင်ရဲ့ ဂုဏ်သိက္ခာကို စော်ကားတာမျိုးက မကောင်းဘူး။ ဒီအမှုက အရေးအကြီးဆုံးပဲ” ဟု ပြောသည်။
အမှုတွင် တရားလိုအနေဖြင့် ဦးဖြိုးမင်းသိန်းအား ရန်ကုန်မြို့ ကုန်းမြင့်သာ စစ်ကြောရေးစခန်း၌ ထိန်းသိမ်း စစ်ဆေးစဉ် က ထွက်ဆိုချက်ဖြင့် တိုင်ချက် ဖွင့်ခဲ့ခြင်းဖြစ်ပြီး ဦးဖြိုးမင်းသိန်းမှ ပေးခဲ့ရသည့် ရွှေ ၇ ပိဿာနှင့် ဒေါ်လာ ၆ သိန်း အား ဒေါ်အောင်ဆန်းစုကြည်ထံတွင် ရှာဖွေ တွေ့ရှိခြင်း မရှိသည့်တွက် သက်သေခံ တင်ပြနိုင်ခြင်း မရှိခဲ့ကြောင်းလည်း သိရ သည်။
အမှုနှင့် နီးစပ်သူတဦးက “တရားလိုဘက်က စွပ်စွဲတဲ့ ရွှေတွေ၊ ဒေါ်လာတွေကို သက်သေပြနိုင်ခြင်း မရှိဘူး။ ဒီအမှုမှာ ဒီပစ္စည်းတွေက အဓိကပဲလေ၊ ဒါကို သက်သေမပြနိုင်တော့ အားနည်းချက် ဖြစ်နေတယ်၊ တရားလိုဘက်က သက်သေ ပြရန် တာဝန်ပျက်ကွက်တာပေါ့” ဟု ပြောသည်။
ယင်းပြင် နိုင်ငံရေး ရာထူးတာဝန် ယူထားသူတဦးအား တရားစွဲဆိုရန် တရားစွဲဆိုခွင့် ယူရန်လိုအပ်ပြီး ယခု စွပ်စွဲ တရားစွဲဆိုမှုတွင် မည်သူထံကမှ တရားစွဲဆိုခွင့် ရယူထားသည်ကို တင်ပြနိုင်ခြင်း မရှိခဲ့ကြောင်းလည်း တရားရုံးနှင့် နီးစပ်သူတဦးက ပြောသည်။
၎င်းက “ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံရေး ရာထူး တာဝန် ထမ်းဆောင်နေတာဖြစ်လို့ သမ္မတ (သို့) ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဆီမှာ ဆန်ရှင် ယူရမယ်။ ဒါမှမဟုတ် အခု ရုံးတက်နေတဲ့ လွှတ်တော် ဥက္ကဋ္ဌလည်းရှိတယ်၊ ဘယ်သူ့ဆီ ကမှ ဆန်ရှင်ယူထားတယ် မပြနိုင်ဘူး။ ယူရင် ရတာပဲ၊ သူတို့ဝန်ထမ်းတွေက ကိုယ်တိုင်ကိုယ်က အာဏာသိမ်းထား တယ်လို့ပဲ တွေးနေတာ၊ ကိုယ်စီးတဲ့မြင်း အထီးမှန်း အမမှန်း မသိတဲ့သူတွေ အုပ်ချုပ်နေတာ” ဟု ပြောသည်။
ဥပမာအားဖြင့် ၁၉၅၉ ခုနှစ်က ဝန်ကြီးချုပ်ဟောင်း ဦးနုအား တရားစွဲရန် ကြိုးစားရာတွင် နိုင်ငံရေး ရာထူးရှိနေ သည့် အတွက် တရားစွဲဆိုခွင့် (ဆန်ရှင်) မယူဘဲ စွဲဆိုခဲ့သည့်အပေါ် ပြန်လွှတ်ပေးရသည့် သာဓကများ ရှိခဲ့ကြောင်းလည်း ရှေ့နေ တဦးက ထောက်ပြသည်။
ယခု စစ်ကောင်စီလက်ထက်၌ ဖမ်းဆီးခံရပြီး ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၂၄(က)ဖြင့် တရားစွဲဆိုခံရကာ အင်းစိန် အကျဉ်းထောင်အတွင်း ချုပ်နှောင် တရားရင်ဆိုင်ခဲ့ရသူ တဦးမှာလည်း တရားစွဲဆိုခွင့်(ဆန်ရှင်) ရယူထားခြင်း မရှိ သည့်အတွက် စွဲချက် လျှောက်လဲချက် အဆင့်တွင်ပင် ပြန်လည် လွတ်မြောက်ခဲ့ကြောင်းလည်း ရှေ့နေတဦးထံက သိရ သည်။
ထို့ပြင် ယနေ့ ရုံးချိန်းတွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအား မြေနေရာချထားပေးမှုများနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်း စုကြည်၊ နေပြည်တော် မြို့တော်ဝန် ဒေါက်တာ မျိုးအောင်၊ ဦးရဲမင်းဦးနှင့် ဦးမင်းသူတို့အား အဂတိမှုများဖြင့် တရားစွဲဆို ထားသည့် အမှု ၄ မှုကိုလည်း ရုံးထုတ် စစ်ဆေးခဲ့ပြီး တရားလိုပြသက်သေ ၄ ဦးအား စစ်ဆေးခဲ့ကြကြောင်း သိရသည်။
ယနေ့ ရုံးချိန်းသို့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လေးဦးစလုံး တက်ရောက်ခဲ့ကြပြီး ကျန်းမာရေး ကောင်းမွန်ကြ ကြောင်းလည်း တရားရုံးနှင့် နီးစပ်သူ တဦးထံက သိရသည်။
You may also like these stories:
ဒေါ်အောင်ဆန်းစုကြည်အပေါ် အဂတိစွပ်စွဲချက် ၅ မှု ချေဖျက်ပေးရန် လျှောက်ထားမှု ပယ်ချခံရ
ဒေါ်အောင်ဆန်းစုကြည်ကို ယုံတဲ့ သူရဦးအောင်ကို
ဒေါ်အောင်ဆန်းစုကြည် ကိုဗစ်ကူးစက်ခံရမှု မရှိသဖြင့် ရုံးချိန်းပြန်တက်
လာဘ်ပေးခဲ့ကြောင်း ဦးဖြိုးမင်းသိန်း စွပ်စွဲချက် ဒေါ်အောင်ဆန်းစုကြည်ကို အပြီးသတ် စစ်ဆေး