နိုင်ငံတကာလေကြောင်းလိုင်းများ ပြန်ဆင်းသက်ခွင့် ပြုလိုက်သည့်အတွက် ကမာ္ဘ့ကပ်ရောဂါ ကိုဗစ် ၁၉ နှင့် စစ်အာဏာ သိမ်းမှုကြောင့် အကျပ်အတည်း ဖြစ်ခဲ့သော ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ပြန်လည်ပတ်နိုင်တော့မည်လားဆိုသည့် မျှော်လင့်ချက်များ လုပ်ငန်းရှင်များအကြား ဖြစ်ပေါ်နေသည်။
၂ နှစ်ကျော် ရပ်နားထားသော နိုင်ငံတကာ လေကြောင်းလိုင်းများကို စစ်ကောင်စီက မြန်မာ့နှစ်ဆန်း ၁ ရက်နေ့ဖြစ်သော ဧပြီလ ၁၇ ရက်က စတင်ပြီး ပြန်လည် ဆင်းသက်ခွင့်ပေးခဲ့သည်။
လတ်တလော ပြည်တွင်းအခြေအနေနှင့် ဗီဇာ ကန့်သတ်ချက်များကြောင့် နိုင်ငံတကာ ခရီးသွားဧည့်သည်များ မျှော်လင့်၍ မရနိုင်သော်လည်း လေကြောင်းလိုင်း ခရီးစဉ်များ ပြန်လည် စတင်လာခြင်းက ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သော လုပ်ငန်းများကို အလုပ် ပြန်ရလာစေနိုင်ကြောင်း ခရီးသွား လုပ်ငန်းရှင်တဦးက ပြော သည်။
“ဒီအတိုင်း လုပ်ငန်းတွေ ရပ်နေရတာထက်စာရင် လေကြောင်းလိုင်းတွေ ပြန်စလာမယ်ဆိုတော့ အနည်းဆုံး လေယာဉ် လက်မှတ်ရောင်းတဲ့ အေးဂျင့် လုပ်ငန်းတွေအတွက် အလုပ်တွေ ပြန်ရှိလာမယ်လေ။ နိုင်ငံခြား ခရီးသွားကတော့ မျှော်လင့် လို့ ရဦးမှာ မဟုတ်ဘူး” ဟု ၎င်းက ပြောဆိုသည်။
စစ်ကောင်စီက နိုင်ငံတကာ လေကြောင်းလိုင်းများ ပြန်လည် မဖွင့်မီ နိုင်ငံပေါင်း ၁၀၀ ကို စီးပွားရေး အလုပ်အကိုင်ကိစ္စဖြင့် မြန်မာနိုင်ငံသို့ လာရောက်လိုသည့် နိုင်ငံခြားသားများကို အီလက်ထရောနစ် ဗီဇာ ထုတ်ပေးမည်ဖြစ်သလို အလည်အပတ် ဗီဇာများ လျှောက်ထားလိုသူများကို စတင် လျှောက်ထားနိုင်ကြောင်း ကြေညာခဲ့သည်။
မြန်မာနိုင်ငံသို့ လာရောက်မည့် နိုင်ငံခြားများသည် မလာရောက်မီ သီတင်းပတ် ၂ ပတ်အတွင်း ကိုဗစ် ကာကွယ်ဆေး ၂ ကြိမ် ထိုးထားရမည်ဖြစ်ပြီး နိုင်ငံသို့ ရောက်မလာခင် ၇၂ နာရီအတွင်းလည်း ကိုဗစ် ရောဂါပိုး ရှိ၊ မရှိကို RT-PRC နည်းဖြင့် စစ်ဆေးထားသည့် ဓာတ်ခွဲ အဖြေလည်း လိုအပ်မည်ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။
ထို့ပြင် မြန်မာ့ အာမခံလုပ်ငန်းက ရောင်းသော ကိုဗစ်ဆိုင်ရာ ကျန်းမာရေး အာမခံကို ဝယ်ယူရမည် ဖြစ်သလို သတ်မှတ် ထားသော ဟိုတယ်များတွင် ကွာရန်တင်း ၁ ရက် နေထိုင်ရမည် ဖြစ်သည်။
ရန်ကုန်တိုင်း ဟိုတယ် လုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဦးတင်မြင့်က “ဟိုတယ် လုပ်ငန်းတွေအတွက် လုပ်ငန်းတွေ ပြန်စဖို့ ရောင်နီသန်း လာတယ်လို့ ပြောလို့ ရတယ်။ လေကြောင်းလိုင်းတွေ မရှိရင် ဟိုတယ်တွေက ဧည့်သည် မရနိုင်ဘူးလေ” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိ စစ်ကောင်စီက သတ်မှတ်ထားသည့် ပြည်ပမှ မြန်မာနိုင်ငံသို့ ရောက်ရှိလာသူများသည် ဟိုတယ် ကွာရန်တင်း ၁ ရက် နေထိုင်ရမည် ဖြစ်ခြင်းကြောင့်လည်း ဟိုတယ်များအတွက် အလုပ်နည်းနည်း ပြန်ဖြစ်လာနိုင်ကြောင်း ၎င်းက ဆိုသည်။
ဦးတင်မြင့်က ဆက်လက်၍ “အပျော် ခရီးလာကြမယ့် ဧည့်သည်ကိုတော့ မျှော်လင့်လို့ မရဘူး။ မဖြစ်မနေ လုပ်ငန်းကိစ္စတွေ နဲ့ သွားရလာရမယ့် ဧည့်သည်တွေက ပြန်ရှိလာတော့မှာ” ဟု ပြောဆိုသည်။
ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းသည် ကမာ္ဘ့ကပ်ရောဂါ ကိုဗစ် ၁၉ စတင် ဖြစ်ပွားသော၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းမှ စတင်ပြီး နိုင်ငံခြားသားခရီးသည် ဝင်ရောက်လျော့သွားပြီး ထို့နောက် ပြည်တွင်းကူးစက်မှု စတင်ခဲ့သော ၂၀၂၀ ပြည့်နှစ်အတွင်း၌ လည်း ကျန်းမာရေးဆိုင်ရာ အကန့်အသတ်များကြောင့်လည်း လုပ်ငန်းအများအပြား ရပ်နားထားခဲ့ရသည်။
ထို့နောက် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကိုပါ ထပ်မံ ကြုံတွေ့လိုက်ရပြီး ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ကဏ္ဍမှ လုပ်ငန်း အများစုသည် ရပ်နားသွားခဲ့ရပြီး လုပ်သား သိန်းနှင့်ချီသည်လည်း အလုပ်အလက်မဲ့ ဖြစ်ခဲ့ရသည်။
You may also like this story:
မြန်မာ့ ခရီးသွားလုပ်ငန်း ၂၀၂၂ တွင်လည်း လည်ပတ်နိုင်ခြေ မရှိသေး
မြန်မာ့ခရီးသွားလုပ်ငန်း အသက်သွင်းရန် စစ်ကောင်စီ ကြိုးပမ်း
မြန်မာ့ခရီးသွားကဏ္ဍ ဆိတ်သုဉ်းသွားခြင်း