သတင်း

စက်သုံးဆီများ ထုတ်ရောင်းရန် လုပ်ငန်းရှင်များကို စစ်ကောင်စီ ခြိမ်းခြောက်ဖိအားပေး

စစ်ကောင်စီ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြည်တွင်း စက်သုံးဆီလုပ်ငန်း ရှင်များကို ယနေ့ အွန်လိုင်းမှ တဆင့် အစည်းအဝေးခေါ်ယူကာ စက်သုံးဆီများကို သတ်မှတ်ဈေးနှုန်းဖြင့် ရှိသမျှ ရောင်းချပေးရန် ဖိအားပေး ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။

ထို့အတွက် ယနေ့ ညနေပိုင်းမှစတင်ကာ ပြည်တွင်းရှိ စက်သုံးဆီဆိုင်တချို့က စက်သုံးဆီများ အကန့်အသတ်မရှိ ရောင်းချပေးနေပြီ ဖြစ်ကြောင်း ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် ကြေညာလာခြင်းဖြစ်သည်။

ပြည်တွင်း စက်သုံးဆီတင်သွင်းရောင်းချနေသော ကုမ္ပဏီတခုမှ တာဝန်ရှိသူတဦးက “သတ်မှတ်ဈေးနှုန်းတွေနဲ့ အကုန် လုံး ထုတ်ရောင်းလိုက်ရပြီ။ ကျမ အပါအဝင်ပေါ့။ ဧပြီ ၄ ရက်နောက်ပိုင်းသွင်းတဲ့ သင်္ဘောတွေမှာ စာရွက်စာတမ်း ခိုင် လုံရင် ဒေါ်လာရောင်းပေးမယ်။ သူတို့က ချက်ချင်းပဲဖုန်းဆက်ပြီးတော့ ကိုယ့်ဆိုင်တွေကို ညွှန်ကြားပေးပါ။ သတ်မှတ် ဈေးနှုန်းနဲ့ ရောင်းချပေးပါ့မယ်ဆိုပြီး ချက်ချင်းအစည်းအဝေးမှာ ဖုန်းဆက်ပြီးတော့ ပြောခိုင်းတာ အစည်းဝေး အကျဉ်း ချုပ် က မရောင်းလို့ မရဘူး” ဟု ဧရာဝတီသို့ အတည်ပြု ပြောဆိုသည်။

သို့သော် စစ်ကောင်စီက သွင်းကုန်သမားများအား အမေရိကန် ၁ ဒေါ်လာလျှင် ၁၈၅၃ ကျပ်နှုန်းဖြင့် ရောင်းချပေးမည် ဆိုသော ကတိမျိုး တိတိကျကျပေးခြင်း မရှိကြောင်း၊ လိုင်စင်မှန်ကန်ပြီး စာရွက်စာတမ်းမှန်ကန်ပါက ရောင်းပေးမည် ဟုသာ ဆိုခြင်းဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ၎င်းက “လမ်းပိတ်ဆို့မှုတွေဖြစ်တာ၊ ခရီးသွားကြန့်ကြာတွေဖြစ်တာ စစ်ကောင်စီက မမြင်ချင်ဘူး။ နိုင်ငံအ တွက် အဆင်မပြေဘူးတဲ့။ ဒါကြောင့် သူတို့လည်း တဖက်တလမ်းကနေ စီစဉ်ဆောင်ရွက်နေတာ ဖြစ်တဲ့အတွက် ဒေါ် လာကို ရောင်းပေးမယ်။ ဒီကိစ္စအတွက် ထိတ်လန့်စိုးရိမ်မနေပါနဲ့။ အဲဒီအတွက် အခု ဆီဆိုင်တွေမှာ ရောင်းနေတဲ့ ဈေး နှုန်းကို ချပြီးရောင်းပေးကြပါ။ ကား ၁ စီး ကျပ် ၃ သောင်း၊ ၂ သောင်းဖိုးဆိုပြီး မကန့်သတ်ကြပါနဲ့တဲ့” ဟု ပြောဆိုခဲ့ သည်ဟုလည်း ဆိုသည်။

စစ်ကောင်စီက နိုင်ငံခြားငွေလဲလှယ်နှုန်းကို သတ်မှတ်ထိန်းချုပ်မှုကြောင့် ပြည်ပမှ စက်သုံးဆီတင်သွင်းမှု ရပ်တန့်သွား ပြီး ပြည်တွင်းရှိ လက်လီစက်သုံးဆီဆိုင်များတွင် ခွဲတမ်းနှင့်သာ ရောင်းချနေသည့် အခြေအနေသို့ ရောက်ရှိခဲ့မှုအပေါ် စစ်ကောင်စီက လုပ်ငန်းရှင်များအား ဖိအားပေးပြီး ရောင်းချခိုင်းခြင်း ဖြစ်သည်။

လုပ်ငန်းရှင်များဘက်မှလည်း လက်ရှိ စက်သုံးဆီရောင်းဈေးနှင့် ၎င်းတို့ ပြန်လည်ဝယ်ယူရမည့် ဈေးနှုန်းမှာ ကွာခြားမှု ရှိနေခြင်းကြောင့် ထပ်မံဝယ်ယူရေးအတွက် အခက်အခဲရှိနေကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။

ပြီးခဲ့သည့် ဧပြီလဆန်းပိုင်းမှ စတင်၍ နိုင်ငံခြားငွေစာရင်းများ အားလုံးကို မြန်မာကျပ်ငွေနှင့် တရက်အတွင်း သတ်မှတ် နှုန်းဖြင့် ရောင်းချရန် ကန့်သတ်လိုက်ခြင်း၊ သွင်းကုန်များ တင်သွင်းရာတွင် ဒေါ်လာအသုံးပြုမှုများကို စစ်ကောင်စီက ခွင့်ပြုမှသာ သုံးခွင့်ရှိမည်ဟူသော စည်းကမ်းချက်ကြောင့် လက်ရှိ စက်သုံးဆီတင်သွင်းရာတွင် စာရွက်စာတမ်းများ တင် ထားဆဲသာဖြစ်ခြင်း စသည့် အခြေအနေများကြောင့် တင်သွင်းမှုများ ရပ်တန့်ပြီး ဆီလက်ကျန်နည်းပါးကာ ဈေး ကွက်အတွင်း ဂယက်ရိုက်နေခြင်း ဖြစ်ကြောင်း လုပ်ငန်းရှင်များက ရှင်းပြသည်။

ယနေ့ စစ်ကောင်စီနှင့် စက်သုံးဆီတင်သွင်းသည့် လုပ်ငန်းရှင်များ အစည်းအဝေးအပြီးတွင် အားလုံး သတ် မှတ် ဈေးဖြင့် ရောင်းချပေးရမည်ဟု ဖိအားပေးခဲ့သလို မနက်ဖြန်တွင်လည်း အစည်းအဝေး ထပ်ရှိသေးကြောင်း ယင်းအစည်းအဝေးသို့ တက်ရောက်ခဲ့သူများထံမှ သိရသည်။

Best Oil Company – BOC Ltd က စက်သုံးဆီ အကန့်အသတ်ရောင်းချပေးမည်ဆိုသည့် ကြေညာချက်

ပြည်တွင်း စက်သုံးဆီတင်သွင်းရောင်းချနေသော ကုမ္ပဏီတခုမှ တာဝန်ရှိသူတဦးက “ဆီပြတ်တဲ့ အနေအထားတော့ မဟုတ်သေးပါဘူး။ နည်းနည်း နည်းလာတာပေါ့။ ဒေါ်လာကိစ္စ ကန့်သတ်လိုက်တော့ လောလောဆယ်မှာ ရပ်သွား တာတော့ မဟုတ်ဘူး တန့်သွားတာပေါ့။ ပြီးတော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ မနေ့က သီလဝါမှာ သန်လျင်ဘက်ကနေ ရန်ကုန်ဘက်သွားတဲ့ တညင်တံတားရော၊ ကုလားဝဲတံတားရော တနေကုန်နီးပါး ပိတ်သွားတယ်။ အဲဒီတော့ ဆိုင်တွေ ကို အချိန်မီမရောက်ဘူး။ ရှေ့မှာလည်း ပိတ်ရက်တွေကခံထားတော့ ဆီဘောက်ဆာတွေက ဆိုင်တွေမရောက်၊ ဆိုင်တွေမှာလည်း နည်းနေတော့ သဘောသဘာဝအရ ထိန်းပြီးရောင်းရတာပေါ့။ အဲဒီကနေ စသွားတာပဲ” ဟု လက်ရှိ စက်သုံးဆီဆိုင်များ ခွဲတမ်းဖြင့် ရောင်းချနေရသည့် အခြေအနေကို ရှင်းပြသည်။

ဆက်လက်၍ ၎င်းက “အခုလို အကန့်အသတ်မရှိ စက်သုံးဆီ ရောင်းချခိုင်းတယ်ဆိုရင်တော့ ဒုက္ခရောက်ကြမှာ။ ဘာ လို့ဆို အခုပဲ ကျနော် အပြင်ကပြန်လာတာ ကားတန်းတွေက မြင်မကောင်းဘူး။ လူတွေကလည်း မရတော့ရင်ဆိုတဲ့ စိတ်နဲ့ ရှိကြတာဆိုတော့ အဲဒီလိုသာ အားရပါးရ ကြိုက်သလောက်ထည့်ကြဆိုရင် ခဏလေးနဲ့ ဆီလက်ကျန်က ကုန်သွားမှာ” ဟု သုံးသပ်ပြောဆိုသည်။

စစ်ကောင်စီ၏ နိုင်ငံခြားငွေ ကန့်သတ်ချက် အဆင်ပြေသွားမည်ဆိုပါက စက်သုံးဆီမှာလည်း ပုံမှန်ပြန်လည်ပတ်နိုင် မည် ဖြစ်ကြောင်း၊ တချို့ လက်လီစက်သုံးဆိုင်များမှာ ဒေါ်လာဈေး မသတ်မှတ်ခင်က အမြင့်ဈေးဖြင့် တင်သွင်းထား ရခြင်းဖြစ်ရာ စစ်ကောင်စီက ဒေါ်လာနှုန်းထား ရုတ်တရက် ကန့်သတ်လိုက်ချိန်တွင် အရှုံးပေါ်ရခြင်း ဖြစ်ကြောင်း လုပ်ငန်းရှင်များက ဆိုသည်။

ရန်ကုန်မြို့တွင်း အငှားယာဉ်မောင်းတဦးက “ဆီခွဲတမ်းနဲ့ရောင်းတာ ဆိုင်တိုင်းလိုလိုဖြစ်နေပြီ။ Max ဆီဆိုင်တို့ ဘာတို့ က ဆီတော့ပေးတယ်။ ဒါပေမဲ့ တန်းစီရင် ၂ နာရီလောက် တန်းစီရမှာ။ တချို့ ဆိုင်တော်တော်များများလည်း ပိတ်နေ ပြီ။ ကျနော်ထည့်တဲ့ဆိုင်ဆိုရင် သွားတဲ့အချိန်မှာပဲ ဆီကပြတ်တော့မယ်။ နောက်ကားတွေကို တန်းစီချင်စီ၊ မစီလည်း ပြန်ဆိုပြီး ပြောတယ်။ ကျနော်လည်း မထူးဘူးဆို တန်းစီထည့်လိုက်တာ သူတို့ဆိုင် ဈေးနှုန်းတောင် ဒီနေ့ ကပ်မထား ဘူး။ အလုံလမ်းနဲ့ ကမ်းနာလမ်းထောင့်ကပဲ” ဟု ယနေ့ နေ့လယ်ပိုင်း အခြေအနေကို ဧရာဝတီသို့ ပြောသည်။

ပုံမှန်အားဖြင့် ရန်ကုန်မြို့တွင်း မနက်မှ ညနေအထိ ပြေးဆွဲသည့် အငှားယာဉ်တစီးလျှင် တရက်တာ စက်သုံးဆီ ကျပ် ၁ သောင်းမှ ၂ သောင်းခွဲဖိုး ကုန်ကျမှုရှိပြီး လက်ရှိတွင် စက်သုံးဆီဈေးနှုန်းများမှာလည်း ယမန်နေ့နှင့် နှိုင်းယှဉ်လျှင် ၁ လီတာ ကျပ် ၃၀၀ နီးပါးအထိ မြင့်တက်မှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

စစ်ကောင်စီ၏ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ရေနံထွက်ပစ္စည်းကြီးကြပ်ရေးဦးစီးဌာနကမူ လူမှုကွန်ရက်စာမျက်နှာ တွင် ပျံ့နှံ့နေသော သီလဝါစက်သုံးဆီ သိုလှောင်ကန်များအတွင်း ဆီလက်ကျန် လျော့နည်းနေသည် ဟူသည့် သတင်း များနှင့် ပတ်သက်၍ ဓာတ်ဆီ ဂါလံသန်းပေါင်း ၄၅ သန်းခန့်နှင့် ဒီဇယ်ဂါလံ သန်းပေါင်း ၇၀ ခန့် ရှိကြောင်း၊ ဆိပ် ကမ်းရောက်ပြီး သင်္ကြန်ပိတ်ရက်ကြောင့် ဆီမချရသေးသည့် သင်္ဘော ၂ စီးလည်း ရှိသေးကြောင်း၊ ထို့ကြောင့် ပြည် တွင်း စက်သုံးဆီပြတ်လပ်မှု လုံးဝ မဖြစ်နိုင်ကြောင်း ယနေ့ ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံအနေဖြင့် ၁ နှစ်လျှင် စက်သုံးဆီတန်ချိန် ၆ သန်းခန့် တင်သွင်းလျက်ရှိပြီး အဓိကအားဖြင့် စင်ကာပူနှင့် မလေးရှားနိုင်ငံတို့မှ တင်သွင်းကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းအရ သိရသည်။

You may also like these stories:

မြန်မာနှစ်ဆန်း ရွှေနှင့် စက်သုံးဆီ လက်ကားဈေးကွက် မဖွင့်နိုင်သေး

ဒေါ်လာငွေတွေ ၁ ရက်ပဲ သိမ်းထားလို့ ရတော့မယ့်နောက်

စက်သုံးဆီ တင်သွင်း ရောင်းချသူများကို သတ်မှတ်ဈေးအတိုင်း ရောင်းရန် ဖိအားပေးနေ

Loading