သတင်း

ပုဂံမှ ရှားပါး ကျောက်ဆစ်လက်ရာများ ခိုးယူခံရ

ယူနက်စကိုမှ ကမ္ဘာ့အမွေအနှစ် ဒေသအဖြစ် အသိအမှတ်ပြုထားသည့် ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေရှိ ရှားပါး ကျောက်ဆစ်လက်ရာများ ခိုးယူခံခဲ့ရကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။

ပုဂံဘုရား အမှတ် ၄၁၈ နှင့် ၆၁၇ တွင်ရှိသော ၁၁ ရာစု ပုဂံခေတ်လက် ရာ ရှားပါး ကျောက်ဆစ်လက်ရာများ ပျောက်ဆုံးနေခြင်း ဖြစ်သည်။

ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက် ဦးစီးဌာနက တာဝန်ရှိသူ တဦးက “ကျောက်နဲ့ ထွင်းထုထားတဲ့ ဗြဟ္မာ ဦးခေါင်း ရုပ်ထုကျောက်ဆစ် လက်ရာပေါ့ ဘုရားအမှတ် ၄၁၈ ကပါ။ နောက်တနေရာမှာကတော့ ဘာမှ မတွေ့ ခဲ့ဘူး။ မြေစာတွေ ပြန့်ကျဲနေတာ၊ ကြွေကျထားတာတွေ တွေ့တယ်။ နဂိုက ရှိခဲ့လား ဘာပုံလဲ ဆိုတာကို မှတ်တမ်း ဟောင်း တွေ ရှာပြီးတော့ စုံစမ်းနေတုန်းပါပဲ” ဟု ပြောသည်။

ထိုကဲ့သို့ စစ်ဆေးမှုများ ပြုလုပ်နေသကဲ့သို့ ယဉ်ကျေးမှု အမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေး ဥပဒေနှင့်အညီ သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်းပြီး အရေးယူ ဆောင်ရွက်မှုများ လုပ်ဆောင်ရန် နေပြည်တော်ရှိ ယဉ်ကျေးမှု ဝန်ကြီးဌာနသို့ တင်ပြထားကြောင်း ၎င်းက ဆိုသည်။

ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းရေး ပညာရှင် ဒေါ်ဥမ္မာမျိုးက “၁၁ ရာစု ကျောက်ဆစ်လက်ရာ၊ ဘယ်လောက် တန်ဖိုး ရှိမလဲဆိုတာ စဉ်းစားကြည့်ပေါ့။ ဗြဟ္မာ ဦးခေါင်းကို ၃ ဖက် မြင်တဲ့ ဦးခေါင်းမျိုးပုံစံ ထုထွင်းထားတာကလည်း အင် မတန် ရှားပါး ပါတယ်။ ရှားပါးတဲ့ ၁၁ ရာစုရဲ့ ကျောက်ဆစ်လက်ရာ ဖြစ်တယ်။ တန်ဖိုးဖြတ်လို့ မရပါဘူး” ဟု ဆို သည်။

ခိုးယူခံလိုက်ရသည့် ဦးခေါင်း ၃ လုံးပါ ဗြမ္ဗာမင်း ကျောက်ဆစ်လက်ရာ (ဓာတ်ပုံ-Zay Myo Lin)

အဆိုပါ ယဉ်ကျေးမှု အမွေအနှစ်များကို ပြောင်ပြောင်တင်းတင်း ရောင်းဝယ်ဖောက်ကားမှု မလုပ်ဆောင်နိုင်စေရန် နယ်စပ်ဖြတ်ကျော် မှုခင်းဌာန (Interpol) နှင့်လည်း အလျင်အမြန် ချိတ်ဆက် ဆောင်ရွက်သင့်ကြောင်း ရှေးဟောင်း အမွေအနှစ်ထိန်းသိမ်းရေး ပညာရှင် ဒေါ်ဥမ္မာမျိုးက အကြံပြုသည်။

အမွေအနှစ် ပစ္စည်းများ ပြည်ပကို ခိုးထုတ်သွားမည် ဆိုပါက ချက်ချင်း အရေးယူ ဆောင်ရွက်နိုင်စေရန် နိုင်ငံတကာ ဥပဒေဖြစ်သည့် တရားမဝင် ယဉ်ကျေးမှု အမွေအနှစ်များ ပစ္စည်းများ ခိုးယူရောင်းချခြင်း၊ မှောင်ခိုရောင်းခြင်းမှ ကာ ကွယ်ရေး ဆိုသည့် သဘောတူညီချက်ကို လက်မှတ် ရေးထိုးထားသည့် မြန်မာနိုင်ငံ အပါအဝင် တခြားသော နိုင်ငံ များကို အသိပေးအကြောင်းကြားထားသင့်ကြောင်း ၎င်းက ဆိုသည်။

ဒေါ်ဥမ္မာမျိုးက “နိုင်ငံတကာ ဥပဒေကြောင်းအရ အရေးယူ ဆောင်ရွက်တာတွေ လုပ်ထားမယ်ဆိုရင် ဘယ်နိုင်ငံကမှ တရားဝင် ပိုင်ဆိုင်ခွင့် မရဘူး။ ဘယ်သူကမှ တရားဝင် ပိုင်ဆိုင်ခွင့် မရှိတော့ဘူး” ဟု ပြောသည်။

ယခုကဲ့သို့ ပျောက်ဆုံးမှုသည် ကမာ္ဘ့အမွေအနှစ် တန်ဖိုးရှိ ပစ္စည်းများကို လုံခြုံရေး တိုးမြှင့်ဆောင်ရွက်ပြီး ပိုမို ထိန်း သိမ်းသင့်သည်ကို ပြသနေပြီး ဘုရားစေတီများ၌ တံခါး မရှိခြင်း၊ စောင့်ရှောက်မှု အကာအကွယ် မရှိခြင်းတို့ကြောင့် အဆိုပါ ရှားပါး ကျောက်ဆစ် ရုပ်ထုများ ခိုးယူခံရခြင်းဖြစ်ပြီး ထို့အတွက် ဘုရားများတွင် တံခါးများတပ်ရန် လိုအပ်ပြီး ပိုမိုစောင့်ရှောက်ရန် လိုအပ်ကြောင်း ပညာရှင်များက ထောက်ပြပြောဆိုသည်။

ရှားပါးကျောက်ဆစ်လက်ရာတချို့ (ဓာတ်ပုံ- Zay Myo Lin)

ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ စုဝေးရာ ပုဂံတွင် ပြီးခဲ့သည့် အောက်တိုဘာလအတွင်းကလည်း မိုးဆက် တိုက်ရွာသွန်းမှုကြောင့် စေတီပုထိုးများ ပြိုကျပျက်စီးမှု ဖြစ်ပေါ်ခဲ့သည်။

အရပ်သားအစိုးရထံမှ စစ်တပ်က အာဏာလုပြီးနောက် နိုင်ငံအဝှမ်းတွင် မငြိမ်သက်မှုများ ဖြစ်ပွားနေခြင်းနှင့် အတူ ကမာ္ဘ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင် ပုဂံဒေသတွင်း အဖြစ်အပျက်များကို ယခင်ကဲ့သို့ အလေထား စောင့်ကြည့်နိုင်မှု အားလည်း လျော့ကြလာခဲ့ခြင်း ဖြစ်သည်။

ကမာ္ဘ့အမွေ အနှစ်စာရင်းဝင်အဖြစ် ပုဂံရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ် ဒေသကို ၂၀၁၉ ဇူလိုင် ၆ ရက်က အသိအမှတ်ပြု ခံထားရသည်။

You may also like these stories :

ပုဂံကို လျစ်လျူရှု မထားဖို့ လိုသည်

မြန်မာ့ခရီးသွားလုပ်ငန်း အသက်သွင်းရန် စစ်ကောင်စီ ကြိုးပမ်း

မန္တလေး နန်းမြို့ရိုးနှင့်ကျုံးသည် အာဏာရှင် အဆက်ဆက် အသုံးချခံ မဟုတ်

မိုးများ၍ ပုဂံဘုရား ၁၄ ဆူ ထိခိုက်ပျက်စီး

မန္တလေးနန်းမြို့ရိုးဘေး အပန်းဖြေစီမံကိန်းလုပ်ခြင်း အမွေအနှစ် ထိခိုက်မှုသာ ဖြစ်လာနိုင်

Loading