ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ထိုင်းရိုးရာ အစားအစာတမျိုးဖြစ်တဲ့ သရက်သီး ကောက်ညှင်း အုန်းနို့ဆမ်း (Mango Sticky Rice) ကို ယူနက်စကိုနှင့် ထိုင်းယဉ်ကျေးမှု အမွေအနှစ်ပစ္စည်းအဖြစ် အဆို တင်သွင်းနိုင်ကြောင်း ဧပြီ ၁၈ ရက်က ပြောကြားခဲ့သည်။
ကမ္ဘာကျော် ထိုင်းရက်ပ် အဆိုတော် Danupha “Milli” Khanatheerakul သည် ပြီးခဲ့သည့် တနင်္ဂနွေနေ့က အမေရိကန် ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားရှိ Coachella Music and Arts Festival ၌ ၎င်း၏ တိုက်ရိုက် ဖျော်ဖြေတင်ဆက်မှုတွင် သီချင်း သီဆိုရင်း ထိုင်းအစားအစာ Mango Sticky Rice ကို စားပြခဲ့သည်။
“နိုင်ငံခြားမှာ သူ့ရဲ့ Soft power ကိုသုံးဖို့ ထိုင်းနိုင်ငံအတွက် အရေးကြီးတယ်။ နိုင်ငံတကာ စင်မြင့်မှာ မြှင့်တင်နိုင်တဲ့ အရင်းအမြစ်တွေ အများကြီး ရှိပါတယ်” ဟု ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ပြောသည်။
အဆိုပါ Coachella Music and Arts Festival တွင် မီလီဖျော်ဖြေပြီးနောက် ကမ္ဘာတဝှမ်းရှိ ပရိသတ်များက ထိုင်းအစား အစာ သရက်သီးကောက်ညှင်းကို အထူး စိတ်ဝင်စားလာကြသည်။
တောင်ကိုရီးယားနိုင်ငံ၏ K-pop စီးရီးများသည် ထိုင်းလူမျိုးများကို ဆွဲဆောင်ထားသကဲ့သို့ မီလီ၏ “Soft power” လှုပ်ရှား မှုသည် ကမ္ဘာတဝှမ်းရှိ သူမ၏ ပရိသတ်များကြား ထိုင်း ယဉ်ကျေးမှုအပေါ် စိတ်ဝင်စားမှုအသစ်များ တိုးပွားလာ စေမည်ဟု ထိုင်းယဉ်ကျေးမှု မြှင့်တင်ရေးဌာန ညွှန်ကြားရေးမှူးချုပ် Chai Nakhonchai က ပြောကြားခဲ့သည်။
မီလီ၏ ဖျော်ဖြေမှုပြီးနောက် ထိုင်းနိုင်ငံရှိ သရက်သီးများကို နိုင်ငံရပ်ခြားမှ စိတ်ဝင်စားမှု မြင့်တက်လာသည်ဟု Chachoengsao ရှိ သရက်သီး စိုက်ပျိုးသူများအသင်း ဥက္ကဋ္ဌ Manop Kaeowongnukun က ပြောသည်။
အစားအသောက် ပို့ဆောင်ရေး ဝန်ဆောင်မှုပေးနေသည့် Line Man ၏အဆိုအရ မီလီ၏ ဖျော်ဖြေမှုပြီးနောက် ၂၄ နာရီ အတွင်း သရက်သီး ကောက်ညှင်း အော်ဒါ မှာယူမှု ၃ ဒသမ ၅ ဆ တိုးလာသည်ဟု ဆိုသည်။
အများစုမှာ ချင်းမိုင်၊ နွန်သဘူရီနှင့် ဘန်ကောက်ရှိ Suan Luang တို့တွင် မှာယူမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မီလီ၏ ဖျော်ဖြေမှုအပြီး သရက်သီး ကောက်ညှင်း အမှာစာများ မြင့်တက်လာခြင်း၊ ခူးဆွတ်ရာသီအတွင်း သရက်သီး တင်ပို့မှုနှင့် သရက်သီး ကောက်ညှင်းများ အရောင်းမြှင့်တင်ခြင်း စသည်တို့ကြောင့် ဖြစ်ကြောင်း Line Man Wongnai Co ၏ CEO ဖြစ်သူ Ex Saejao က ပြောသည်။
ချင်းမိုင်မြို့ရှိ သရက်သီး ကောက်ညှင်းရောင်းသူ အသက် ၄၉ နှစ်အရွယ် Kraison Chansa က ထိုင်း ရက်ပ်အဆိုတော် မီလီကြောင့် ၎င်း၏ ရောင်းအား ၅၀ ရာခိုင်နှုန်း တက်လာကြောင်း ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံ၏ သရက်သီး အချိုပွဲအတွက် ထိပ်တန်းဈေးကွက် ၁၀ ခုမှာ မလေးရှား၊ တောင်ကိုရီးယား၊ ဂျပန်၊ မြန်မာ၊ လာအို၊ စင်ကာပူ၊ ရုရှား၊ ဗီယက်နမ်၊ အာရပ်စော်ဘွားများ ပြည်ထောင်စုနှင့် တရုတ်နိုင်ငံတို့ ဖြစ်သည်။
မီလီကြောင့် သရက်သီးကောက်ညှင်းများ ရောင်းအားကောင်းစေရုံသာမက သရက်သီး စိုက်ပျိုးသူများကိုလည်း ကူညီ ပေးသည့်အတွက် ကျေးဇူးတင်ကြောင်း ဖောက်သည်တဦးဖြစ်သူ ခဝီသီဝါတိုက ပြောသည်။
အသက် ၁၉ နှစ်အရွယ် မီလီသည် ၂၀၁၉ ခုနှစ်တွင် Blackpink နှင့်အတူ ပါဝင်ဖျော်ဖြေခဲ့သည့် အဆိုတော် Lisa ၏ ခြေရာကို လိုက်ကာ Coachella ပွဲတွင် ပထမဆုံး ဖျော်ဖြေသည့် ထိုင်းတကိုယ်တော် အနုပညာရှင် ဖြစ်လာခဲ့သည်။
Bangkok Post တွင် ရေးသားထားသော Sticky rice dish moves up in world သတင်းအား ဆီလျော်အောင် ဘာသာပြန်ဆိုထားသည်။
You may also like these stories:
စစ်ကောင်စီက ရုပ်ရှင်ရုံများ ပြန်ဖွင့်ခိုင်းသော်လည်း ကြည့်ရှုသူ မရှိ