အင်တော- ကျောက်ဂူ တိုက်ပွဲနောက်ပိုင်း နှစ်လခန့်အတွင်း ရှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီ (RCSS) တပ်ဖွဲ့ဝင် ၃၀၀ ကျော် လာရောက်ပူးပေါင်းကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး စိုင်းဆုက ပြောသည်။
ရှမ်းလက်နက်ကိုင် နှစ်ဖွဲ့အကြား နယ်မြေပိုင်ဆိုင်မှုအတွက် ၇နှစ်ခန့် တိုက်ပွဲများဖြစ်နေရာ ပြီးခဲ့သည့် ဖေဖေါ်ဝါရီ လ အတွင်း ရှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ်ရှိ အင်တော-ကျောက်ဂူဒေသ တိုက်ပွဲတွင် RCSS တပ်မဟာမှူး တဦး လက်နက်ခဲယမ်းများနှင့် ဖမ်းမိပြီးနောက် ထိုသို့ ဒုဗိုလ်မှူးကြီးအဆင့်၊ တပ်ရင်းမှူး၊ တပ်ခွဲမှူးအဆင့်နှင့် တပ်သား အဆင့်ရှိ RCSS တပ်ဖွဲ့ဝင်များ ပူးပေါင်းလာခြင်း ဖြစ်ကြောင်း သိရသည်။
“ကျနော်တို့ဘက်ကို ပြောင်းလာရတဲ့ အဓိကအကြောင်းအရင်းက ကျနော်တို့က ရှမ်းပြည်မှာ ရှမ်းလူမျိုးတခုတည်းကို အခြေမခံဘဲ လူမျိုးပေါင်းစုံ အတူယှဉ်တွဲနေထိုင်ရေးလမ်းစဉ်နဲ့ လူမျိုးပေါင်းစုံတဖွဲ့နဲ့တဖွဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ မရှိ ဘူး။ သူတို့ဘက်မှာကျတော့ တခုခု အတွေးအမြင် လွဲချော်နေတာ ရှိတယ်ဆိုတော့။ သူတို့ရဲ့ လမ်းစဉ်ကိုပေါ့။ မနှစ် သက်လို့ သူတို့က ကျောခိုင်းပြီး ထွက်လာတာပေါ့။ သူတို့က ရှမ်းအချင်းချင်းပစ်ခတ်တာတွေကို မလိုလားဘူး။ အဲဒါကြောင့် လာတာပေါ့” ဟု ဗိုလ်မှူးကြီး စိုင်းဆုက ပြောသည်။
ဧပြီလဆန်းပိုင်းကပင် RCSS ၏ အမှတ် ၆၀၆ တပ်မဟာ လုံခြုံရေးတပ်ရင်းမှ တပ်ရင်းမှူးဖြစ်သူ စိုင်းပီနှင့် တပ်ခွဲမှူး ဖြစ်သူ ကုမာရတို့ SSPP ထံ ပူးပေါင်းဝင်ရောက်လာခဲ့ကြောင်း SSPP ဘက်က သတင်းထုတ်ပြန်ထားသည်။
SSPP ၏ လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ပြန်ထားသည့် ရုပ်သံအင်တာဗျူး၌လည်း RCSS တပ်ဖွဲ့အတွင်း အထက် အောက် ခွဲခြားဆက်ဆံမှုများ ရှိနေသဖြင့် RCSS အဖွဲ့မှ စွန့်ခွာလာခြင်းဖြစ်ကြောင်း တပ်ရင်းမှူးဖြစ်သူ စိုင်းပီက ရှမ်းဘာသာစကားဖြင့် ပြောဆိုထားသည်။
ထို့အပြင် ၎င်း၏ ဆွေမျိုးများမှာ SSPP တပ်ဖွဲ့ဝင်များဖြစ်ရာ RCSS က ၎င်းအပေါ် မယုံကြည့်တော့သည့်အတွက် နေ၍ မဖြစ်သဖြင့် RCSS အဖွဲ့အား စွန့်ခွာလာခဲ့ခြင်း ဖြစ်ကြောင်းလည်း ပြောဆိုသည်။
SSPP အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး စိုင်းဆုကမူ SSPP ထံ ရောက်လာသည့် RCSS တပ်ရင်းမှူးသည် ၎င်း၏ ဆွေ မျိုးများအား SSPP က အန္တရာယ်ပြုမည်ကို စိုးရိမ်သောကြောင့် ပူးပေါင်းဝင်ရောက်လာခြင်း ဖြစ်ကြောင်း ပြောသည်။
“အခု သူတို့ရဲ့ မွေးရပ်မြေကလည်း ကျနော်တို့ နယ်မြေထဲမှာဆိုတော့ သူတို့အမျိုးတွေ လုံခြုံမှုရှိအောင်လည်း ပါ တာပေါ့။ သူတို့ စိုးရိမ်ချက်တွေပါ။ အမှန်တကယ်က ကျနော်တို့က ဘာမှမလုပ်ပါဘူး” ဟု ၎င်းက ဆိုသည်။
ဗိုလ်မှူးကြီးစိုင်းဆုက SSPP ထံ ပူးပေါင်းလာသည့် RCSS တပ်ဖွဲ့ဝင်များသည် ၎င်းတို့ ဇာတိမြေထံပြန်ပြီး မိသားစုနှင့် အတူ အေးချမ်းစွာ နေထိုင်လိုကြသည်က များပြားကြောင်း၊ အချို့လည်း SSPP တပ်ဖွဲ့ထဲတွင် ဆက်လက် တာဝန် ထမ်းဆောင်လိုကြခြင်း ရှိကြောင်း ဧရာဝတီသို့ ရှင်းပြသည်။
၎င်းက “အိမ်ပြန်သွားချင်တာပေါ့။ လွတ်လွတ်လပ်လပ်နဲ့ အလုပ်လုပ်ချင်တယ်။ မိသားစုနဲ့ နေချင်တယ်။ လုံခြုံရေးအရ သူတို့လည်း အန္တရာယ်မရှိအောင် ကျနော်တို့ရဲ့ သက်ဆိုင်ရာ နယ်မြေခံအုပ်ချုပ်ရေးပိုင်း၊ တပ်ပိုင်း အဲဒီလိုမျိုးလာပြီး လက်မှတ်ထိုးပြီး သူတို့အိမ်ပြန်ကြတာ ဖြစ်တယ်။ ကျနော်တို့ကလည်း အတတ်နိုင်ဆုံး လမ်းစားရိတ် ကူညီပေးတာ ရှိပါ တယ်။ တချို့တွေလည်း အိမ်မပြန်ချင်ဘူး။ အဖွဲ့မှာ ပြန်ပြီးတာဝန်ထမ်းချင်တယ် ဆိုတဲ့ဟာလည်း ရှိတာပေါ့။ အဲဒီလို အခါမှာလည်း ကျနော်တို့က သူတို့ နဂိုရှိထားတဲ့တာဝန်ကို ထမ်းဆောင်ဖို့အတွက် သူတို့ရဲ့ တာဝန်၊ သူတို့ရဲ့ရာထူးကို ပြန်ပေးမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။
RCSS ကို စွန့်ခွာပြီး SSPP ထံ အသွင်ကူးပြောင်းလာသော တပ်ဖွဲ့ဝင်များကိစ္စနှင့် ပတ်သက်၍ ပိုမိုသိရှိနိုင်ရန် RCSS အတွင်းရေးမှူး (၂) ဗိုလ်မှူးခမ်းစံထံ ဧရာဝတီက ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း ဖုန်းမကိုင်ခဲ့ပေ။
SSPP သည် ရှမ်းပြည်နယ်တောင်ပိုင်း (သို့မဟုတ်) အလယ်ပိုင်းဟုခေါ်သော မိုင်းရှူးမြို့နယ် ဝမ်ဟိုင်းတွင် ဌာနချုပ်ဖွင့် ထားပြီး RCSS သည် ထိုင်း-မြန်မာနယ်စပ်ရှိ လွယ်တိုင်းလျှန်းတွင် ဌာနချုပ်ဖွင့်ထား သည်။
၂၀၁၅ ဒီဇင်ဘာမှစ၍ RCSS သည် ရှမ်းပြည်နယ်မြောက်ပိုင်း၌ အခြေစိုက်လှုပ်ရှားသည့် တအာင်း (ပလောင်) အမျိုး သားလွတ်မြောက်ရေးတပ် (TNLA)၊ SSPP တို့နှင့် နမ့်ဆန်၊ နမ္မတူ၊ သီပေါ၊ ကျောက်မဲ မြို့နယ်တို့တွင် နယ်မြေအငြင်း ပွားမှုများကြောင့် ပဋိပက္ခများ စတင်ခဲ့သည်။
TNLA နှင့် SSPP မဟာမိတ်တပ်များသည် ဝ ပြည်သွေးစည်းညီညွတ်ရေးတပ် (UWSA) ၏ အကူအညီကို ရယူကာ RCSS ကို ပူးပေါင်းတိုက်ခိုက်ခြင်းများ ပြုလုပ်ပြီး တိုက်ပွဲများမှာ RCSS ဘက်က နယ်မြေကျော်လွန် လှုပ်ရှားခြင်းနှင့် တပ်ဖြန့်ကျက်ခြင်းကြောင့် ဖြစ်ရသည်ဟု ပြောဆိုထားသည်။
RCSS ဘက်ကလည်း ရှမ်းတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ဖြစ်သဖြင့် ရှမ်းပြည်နယ်အတွင်း မည်သည့်နေရာမဆို လှုပ်ရှားခွင့်ရှိပြီး အချို့နယ်မြေများသည် ၎င်းတို့ ယခင်က လှုပ်ရှားဖူးသည့် နယ်မြေဟောင်းများ ဖြစ်သည်ဟု ပြောဆို သည်။
SSPP သည် မဟာမိတ်များဖြစ်သည့် တအာင်းနှင့် ဝ တပ်များ၏ အကူအညီကို ရယူကာ ရှမ်းပြည်နယ်မြောက်ပိုင်းသို့ နယ်မြေစိုးမိုးလာသည့် (RCSS) တပ်များအား ၂၀၂၁ ဇွန်လတွင် အပြင်းအထန် တိုက်ခိုက်ခဲ့သည်။
တိုက်ပွဲများတွင် အရေးနိမ့်ပြီး ရှမ်းပြည်နယ်တောင်ပိုင်းသို့ ဆုတ်ခွာလာသည့် RCSS တပ်များကို ပြီးခဲ့သည့် ဖေဖော်ဝါ ရီ ဒုတိယပတ်အတွင်း ရပ်စောက်မြို့ဝန်းကျင်အထိ SSPP ဘက်က လိုက်လံတိုက်ခိုက်မှုများ ရှိခဲ့သည်။
လတ်တလောတွင် SSPP နှင့် RCSS ကြား အပြင်းအထန်တိုက်ခိုက်မှု မရှိတော့ဘဲ နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP ဘက်က RCSS ထံ ကမ်းလှမ်းထားကြောင်း၊ RCSS ဘက်မှ တစုံတရာ အကြောင်းပြန်လာမှု မရှိသေးကြောင်း SSPP ဘက်က ပြောသည်။
You may also like these stories :
စစ်ကောင်စီ၏ နိုင်ငံရေးဆွေးနွေးရန် ဖိတ်ခေါ်ချက် RCSS ကြိုဆို
PPST တွင် ပါဝင်မှု အဆင့် RCSS လျှော့ချ
RCSS တပ်မဟာမှူးနှင့် လက်နက်ခဲယမ်းများ SSPP ဖမ်းဆီး