လောင်စာဆီအခက်အခဲကြောင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ အပါအဝင် စားသောက်ဆိုင် လုပ်ငန်းများ၊ စက်မှု ကုန်ထုတ်လုပ်ငန်းများနှင့် စားသုံးသူများမှာ ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ခံနေရပြီး လူမှုဘဝများလည်း ခက်ခဲကျပ်တည်း လာကြောင်း သိရသည်။
စစ်ကောင်စီက နိုင်ငံခြားငွေလဲလှယ်နှုန်းကို သတ်မှတ်ထိန်းချုပ်လိုက်ပြီးနောက် ပြည်ပမှ စက်သုံးဆီတင်သွင်း မှု ရပ်တန့်သွားရာ ပြည်တွင်းရှိ လက်လီစက်သုံးဆီဆိုင်များတွင် ခွဲတမ်းနှင့်သာ ရောင်းချသည့်အခြေအနေ လက်ရှိ ဖြစ်ပေါ်နေသည်။
ယမန်နေ့ (ဧပြီ ၁၉ ရက်) မှစတင်ပြီး ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးများတွင် စက်သုံးဆီဆိုင်များ၌ ကားတန်း ရှည်ကြီးများ၊ ဆိုင်ကယ်များစွာဖြင့် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းဝယ်ယူနေကြရသလို လိုချင်သလောက်ဝယ် ယူ၍ မရဘဲ အကန့်အသတ်ဖြင့်သာ ရောင်းချခြင်းနှင့် တချို့ဆီဆိုင်များမှာ ယာယီပိတ်ထားခြင်းများ ရှိနေကြောင်း စား သုံးသူများထံမှ သိရသည်။
မြန်မာနိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးနေလင်းက “မီးကလည်း မမှန်ဘူး။ တော်တော်များများ က မီးစက်နဲ့ပဲ သုံးနေရတာ။ အခု ဒီဇယ်က ဝယ်ရတာခက်သွားတဲ့အတွက် တချို့လည်း ဧည့်သည်တွေကို တောင်းပန် ပြီးတော့ မီးလာတဲ့အချိန်မှ ဖွင့်ပေးတာတွေ လုပ်နေကြရတာပေါ့။ ဒါကတော့ တော်တော်ခက်ခဲတဲ့ အခြေအနေပေါ့။ ဆီ ကလည်း အခုချိန်ထိ ဝယ်လို့က အဆင်မပြေသေးဘူး။ နောက်ပြီးတော့ ဒီဇယ်ကိုလည်း အရင်ကတော့ ကျနော်တို့ ပုံး နဲ့ထည့်ပြီး ဝယ်လို့ရတယ်။ အခုကျတော့ ပုံးနဲ့ထည့်မပေးပြန်ဘူးဆိုတော့ တော်တော်လေးတော့ အဆင်မပြေဖြစ်ကြ တာ” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိတွင် စက်သုံးဆီ လိုသလောက် ဝယ်ယူ၍မရသေးသည့်အပြင် ပုံးများနှင့်လည်း ရောင်းချခြင်း မရှိသေး သဖြင့် စားသောက်ဆိုင်များတွင် လက်ကျန် စက်သုံးဆီနှင့်သာ လည်ပတ်နေရသဖြင့် တချို့အချိန်များ တွင် စားသုံးသူကို တောင်းပန်ပြီး ဝန်ဆောင်မှုလျော့ချ ပေးနေရသည့် အခြေအနေဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
ကုန်ကြမ်းရောင်းချသည့် လုပ်ငန်းများ၊ သယ်ယူပို့ဆောင်ရေးခများ အပါအဝင် ကွင်းဆက်အားလုံးသည် စက်သုံး ဆီ ဈေးနှုန်းပေါ်တွင် မှီခိုနေသောကြောင့် စက်သုံးဆီပြတ်လပ်ပါက စားသုံးသူများအပေါ် ဆိုးရွားစွာ ထိခိုက်သွား နိုင်ကြောင်း ၎င်းက ဆိုသည်။
“လောင်စာဆီ မရဘူးဆိုရင် ဈေးတွေတက်လာမယ်။ ဥပမာ ရှမ်းပြည်ကလာတဲ့ အသီး အရွက်တွေ၊ ခရမ်းချဉ်သီးတွေ၊ တခြားနေရာကလာတဲ့ ကုန်စည်တွေကိုပဲ မှီခိုနေရတာ။ အဲဒီအချိန်မှာ ကားတွေက မထွက်နိုင်ဘူး။ ဆီဈေးတက်တယ် ဆိုရင် စားသောက်ကုန် ကုန်ကြမ်းတွေက ဈေးတက်သွားမှာပဲ။ အဲဒီလိုဆိုရင် ကျနော်တို့ ထုတ်တဲ့ဟင်းပွဲတွေ အားလုံး ကလည်း ဈေးတက်သွားမှာပဲ။ ဒါတွေအားလုံးက စားသုံးသူပေါ်ပဲ ရောက်သွား မှာ။ စားသုံးသူလည်း ဈေးကြီးပေးစားရ မယ်” ဟု သူကရှင်းပြသည်။
လျှပ်စစ်မီး ရရှိမှုမှာလည်း မမှန်သောကြောင့် စားသောက်ဆိုင်အကြီးတဆိုင်ဆိုလျှင် အနည်းဆုံး တရက်ကို မီးစက် ၈ နာရီခန့် မောင်းရပြီး စက်သုံးဆီ ပျမ်းမျှ ၈ ဂါလန်နီးပါး ကုန်သောကြောင့် တရက်အတွက် စက်သုံးဆီဖိုး ငွေကျပ် ၇ သောင်းမှ ၈ သောင်း နီးပါးအထိ ကုန်ကျမှုရှိကြောင်း သိရသည်။
လက်ရှိတွင် စစ်ကောင်စီ၏ ဖိအားပေးမှုကြောင့် စက်သုံးဆီကို အကန့်အသတ်မရှိ ရောင်းပေးမည်ဟု ကြေညာ ထား သော်လည်း ယနေ့ (ဧပြီ ၂၀ ရက်) နေ့လယ်ပိုင်းအထိ လိုသလောက် ဝယ်ယူ၍ မရသေးကြောင်း ဈေးကွက် အတွင်းမှ သိရသည်။
ရန်ကုန်မြို့တွင်း အငှားယာဉ်မောင်းတဦးက “ဒီနေ့လည်း တန်းစီရတာပဲ။ အခု ဓာတ်ဆီ ၉၂ တလီတာ ၁၉၄၀ ကျပ် ဖြစ်သွားပြီ။ ဒီနေ့တော့ ၁ နာရီလောက် တန်းစီလိုက်ရတယ်။ အခုလည်း အကန့်အသတ်နဲ့ပဲ ကျပ် ၃ သောင်း ဖိုးလောက်ပဲ ဝယ်လို့ရတယ်။ ကျနော်ထည့်တာတော့ တာမွေမြို့နယ်က မြတ်မေတ္တာမွန်ဆီဆိုင်က ဖြစ်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ပြည်တွင်းစက်သုံးဆီ ဈေးနှုန်းများမှာ ယမန်နေ့က ဓာတ်ဆီ ၉၂ တလီတာ ၁၈၉၀ ကျပ်၊ ၉၅ တလီတာ ၁၉၇၅ ကျပ် နှင့် ဒီဇယ် တလီတာ ၂၁၈၀ ကျပ်ထိရှိခဲ့ပြီး ယနေ့ (ဧပြီ ၂၀ ရက်) တွင် ဓာတ်ဆီ ၉၂ တလီတာ ၁၉၄၀ ကျပ်၊ ၉၅ တလီ တာ ၁၉၈၅ ကျပ်နှင့် ဒီဇယ်တလီတာ ၂၃၁၀ ကျပ် ဖြစ်သောကြောင့် ပျမ်းမျှ တလီတာလျှင် ကျပ် ၄၀ နှင့် ၅၀ နီးပါး ဈေးတက်နေကြောင်း ဈေးကွက်အတွင်း ဈေးနှုန်းဖော်ပြချက်များအရ သိရသည်။
မြန်မာနိုင်ငံ စက်သုံးဆီလုပ်ငန်းရှင်များအသင်းအတွင်းရေးမှူး ဦးဝင်းမြင့်ကမူ “ပိတ်ထားတဲ့ ဆိုင်တွေလည်း ပြန်ဖွင့် လိုက်ပြီ။ ကျနော်တို့ ရောင်းတာလည်း လိုသလောက်ရောင်းပေးတဲ့စနစ်နဲ့ ပြန်လုပ်ပေးလိုက်ပြီ။ မနေ့ကတော့ ကျနော် တို့ အကျိုးအကြောင်းလည်း တင်ပြတယ်လေ။ အုပ်ချုပ်တဲ့သူဘက်ကလည်း ဒေါ်လာဈေးကျတော့ ဈေးတွေမတက် စေချင်ဘူးပေါ့။ အဲဒီဈေးနှုန်းနဲ့ ရောင်းပေးဖို့ပြောတော့ ကျနော်တို့ ကြိုးစားပြီး ရောင်းပေးနေပါတယ်။ ဒါပေမဲ့ တအား ရှုံးတော့ ရောင်းရတာ အခက်အခဲ ဖြစ်လာတာပေါ့” ဟု ပြောဆိုထားသည်။
ကိုဗစ်-၁၉ ကပ်ရောဂါ၏ ရိုက်ခတ်မှု အပါအဝင် စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ကုန်ဈေးနှုန်းကြီးမြင့်မှု၊ လျှပ်စစ်မီး မမှန်ခြင်း၊ လောင်စာဆီရရှိမှု ခက်ခဲသွားခြင်း စသည့် အကျပ်အတည်းများကို စီးပွားရေးလုပ်ငန်းတခုလုံး ခံစားနေရသ လို ယင်းနှင့်တိုက်ရိုက်ဆက်စပ်နေသည့် စားသုံးသူပြည်သူများမှာလည်း ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို ထပ်ခါထပ်ခါ ကြုံတွေ့ခံစားနေရသည်။
စားသုံးသူအရေး ဆောင်ရွက်နေသူ ပညာရှင်တဦးကလည်း “လောင်စာဆီ မလောက်ဘူးဆိုရင် လမ်းခရီးကို စိတ်ချ လက်ချ မသွားရဲတော့ဘူး။ အခုက တန်ဖိုးပေးနိုင်ရင်တောင်မှ လွတ်လွတ်လပ်လပ် ရနိုင်ပါ့မလား။ ပေးတဲ့တန်ဖိုး မရ နိုင်တဲ့အတွက် နောက်ထပ်ခရီးဆက်ဖို့က ခက်သွားပြီ။ အဲဒီအတွက် ကုန်ထုတ်စွမ်းအားရော၊ ကုန်စည်စီးဆင်းမှုရော အကုန်ထိသွားတယ်။ နောက်ပြီး လူတွေက သုံးချင်တော့ ကြိုဝယ်ထားတာတို့၊ လှောင်ထားတာတို့လုပ်ရင် ပိုရှားသွား မယ်။ ဒါကြောင့် လောင်စာဆီ အခုအခက်အခဲက တော်တော်လေးကို ထိခိုက်နေတယ်” ဟု သုံးသပ်ပြောဆိုသည်။
ထို့ပြင် စက်သုံးဆီ ဈေးနှုန်းကြီးမြင့်ခြင်း၊ လုံလောက်စွာဝယ်ယူ၍မရခြင်း စသည့် အခြေအနေများကြောင့် ကုန်စည် သယ်ယူပို့ဆောင်ရေးလုပ်ငန်းဖြစ်သော ကုန်ကားများမှာလည်း ရပ်တန့်ရမည့် အခြေအနေများဖြင့် ထပ်မံ ရင်ဆိုင်နေရ ပြီ ဖြစ်ကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။
You may also like these stories:
ဒေါ်လာငွေတွေ ၁ ရက်ပဲ သိမ်းထားလို့ ရတော့မယ့်နောက်
စက်သုံးဆီများ ထုတ်ရောင်းရန် လုပ်ငန်းရှင်များကို စစ်ကောင်စီ ခြိမ်းခြောက်ဖိအားပေး
စက်သုံးဆီ တင်သွင်း ရောင်းချသူများကို သတ်မှတ်ဈေးအတိုင်း ရောင်းရန် ဖိအားပေးနေ
မြန်မာနှစ်ဆန်း ရွှေနှင့် စက်သုံးဆီ လက်ကားဈေးကွက် မဖွင့်နိုင်သေး