အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် လာမည့်လတွင် ကျင်းပမည့် အမေရိကန်-အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ထိပ်သီးဆွေးနွေးပွဲအတွက် အရှေ့တောင်အာရှ ခေါင်းဆောင်များကို ဝါရှင်တန်တွင် ဧည့်ခံ တွေ့ဆုံမည်ဖြစ်ကြောင်း အိမ်ဖြူတော်က ကြေညာထားသည်။
မေလလယ်တွင် ကျင်းပမည့် ထို ထိပ်သီးဆွေးနွေးပွဲသည် တောင်တရုတ်ပင်လယ်မှ တင်းမာမှုများ၊ မြန်မာမှ အာဏာသိမ်း ကာလအလွန် အကျပ်အတည်းနှင့် ပတ်သက်သည့် တုံ့ပြန်မှုအပေါ် အာဆီယံအတွင်း သဘောထား ကွဲလွဲမှုများနှင့် အနောက်နိုင်ငံများနှင့်မတူဘဲ ရုရှား၏ ယူကရိန်းစစ်ပွဲအပေါ် အဖွဲ့အတွင်း ဘုံပြစ်တင်ရှုတ်ချခြင်း မပြုနိုင်သည့် ကိစ္စများ ဖြစ်ပေါ်နေစဉ် ကျင်းပမည့် အစည်းအဝေး ဖြစ်သည်။
“သမ္မတ ဘိုင်ဒင်သည် အာဆီယံ ခေါင်းဆောင်များကို အမေရိကန် – အာဆီယံ အထူးထိပ်သီး ဆွေးနွေးပွဲအတွက် မေလ ၁၂ ရက်နေ့နှင့် ၁၃ ရက်နေ့များတွင် ဝါရှင်တန်၌ တွေ့ဆုံမည်ဖြစ်သည်” ဟု အိမ်ဖြူတော် ပြန်ကြားရေး အကြီးအကဲ ဂျန် ပါစကီက ကြေညာချက်တစောင်တွင် ပြောသည်။
အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူထားသော ကမ္ဘောဒီးယားနိုင်ငံကလည်း ထိုထိပ်သီးဆွေးနွေးပွဲ ရက်စွဲကို အတည်ပြုသည်။
“ထိုသမိုင်းဝင် ထိပ်သီဆွေးနွေးပွဲအတွင်း အာဆီယံနှင့် အမေရိကန် ပြည်ထောင်စု ခေါင်းဆောင်များသည် အာဆီယံ – အမေရိကန် ဆက်ဆံရေး အနာဂတ်လမ်းကြောင်းကို ရေးဆွဲပြီး အာဆီယံနှင့် အမေရိကန် ပြည်သူများ၏ ဘုံအကျိုးကျေးဇူးများအတွက် သေနင်္ဂဗျူဟာ ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်ရန် ကြိုးစားအားထုတ်မည် ဖြစ်သည်” ဟု ဖနွမ်းပင်က တနင်္ဂနွေနေ့တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။
အမေရိကန် – အာဆီယံ ထိပ်သီးဆွေးနွေးပွဲကိ မူလက မတ်လကုန်တွင် စီစဉ်ထားသော်လည်း ကြားဝင် ဆောင်ရွက်ရမည့် နိုင်ငံဖြစ်သည့် အင်ဒိုနီးရှားသည် အစည်းအဝေးရက်စွဲနှင့် ပတ်သက်ပြီး အာဆီယံ အဖွဲ့ဝင်များအကြား သဘောတူညီချက်ရအောင် မလုပ်နိုင်သောကြောင့် အစီအစဉ်များကို ဆိုင်ငံ့ထားခဲ့ရသည်။
လာမည့်လတွင် ကျင်းပမည့် အမေရိကန် ပြည်ထောင်စုနှင့် အာဆီယံအကြား အထူးထိပ်သီး ဆွေးနွေးပွဲသည် ၂၀၁၆ ခုနှစ်နောက်ပိုင်း ဒုတိယအကြိမ်မြောက် အစည်းအဝေးနှင့် ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမအကြိမ် လူကိုယ်တိုင် တက်ရောက်သည့် ထိပ်သီးဆွေးနွေးပွဲဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံက ဖော်ပြသည်။
“ယခုကျင်းပမည့် အစည်းအဝေးသည် ဒေသတွင်းမှ အရေးအပါဆုံးသော စိန်ခေါ်မှုများအတွက် တည်တံ့ခိုင်မြဲသော အဖြေရှာရာတွင် အာဆီယံ၏ အချက်အခြာကျသော အခန်းကဏ္ဍကို အသိအမှတ်ပြုပြီး အာဆီယံနှင့် ပတ်သက်သည့် အမေရိကန် ပြည်ထောင်စု၏ ကာလကြာမြင့်ပြီဖြစ်သော ကတိကဝတ်များကို ယခုကျင်းပမည့် ထိပ်သီးဆွေးနွေးပွဲကပြကာ အမေရိကန်-အာဆီယံ ဆက်ဆံရေး ၄၅ နှစ်ပြည့် အထိမ်းအမှတ်ကို ကျင်းပမည်ဖြစ်သည်” ဟု ပါစကီက ကြေညာချက်တွင် ဖော်ပြသည်။
ထိုထိပ်သီးဆွေးနွေးပွဲသည် တောင်တရုတ်ပင်လယ်ကိစ္စ တရုတ်နှင့်ပိုင်နက် အငြင်းပွားမှုများတွင် အမေရိကန်၏ ကာလကြာမြင့်သော ရှေ့တန်းကာကွယ်ရေး မဟာမိတ်နိုင်ငံ၏ သမ္မတအဖြစ် မစ္စတာ ရိုဒရီဂို ဒူတာတေးအား မည်သူ ဆက်ခံမည်ကို ရွေးချယ်သည့် ဖိလစ်ပိုင် ရွေးကောက်ပွဲအပြီး ရက်အနည်းငယ် အကြာကာလနှင့်လည်း တိုက်ဆိုင်နေသည်။
သို့သော် သူ၏ ၆ နှစ်နီးပါး သမ္မတ ရာထူးသက်တမ်းအတွင်း မစ္စတာ ဒူတာတေးသည် ဖိလစ်ပိုင်၏ သီးခြားစီးပွားရေးဇုန် ရေပိုင်နက်အတွင်း တရုတ်ကမ်းခြေစောင့်နှင့် အခြားသင်္ဘောများ ကျူးကျော်ဝင်ရောက်ခြင်းကို ကန့်ကွက်သော်လည်း တရုတ်နှင့် ပိုမိုနီးကပ်သော ဆက်ဆံရေးကို ပျိုးထောင်ခဲ့သည်။
အာဏာချိန်ခွင်လျှာ ညှိခြင်း
တောင်တရုတ်ပင်လယ်နှင့် အာရှ-ပစိဖိတ်ဒေသတလွှား တရုတ်သြဇာ ကြီးထွားလာခြင်းကို တန်ပြန်ရန် အမေရိကန် ပြည်ထောင်စု၏ အားထုတ်မှုများအတွက် အရှေ့တောင်အာရှသည် အရေးပါသည်ဟု အမေရိကန် ပြည်ထောင်စုက မြင်သည်။
“အရှေ့တောင်အာရှတွင် အင်အားခိုင်မာ မှီခိုအားထားလောက်သော မိတ်ဘက်အဖြစ် ထမ်းဆောင်ရေးသည် ဘိုင်ဒင်-ဟားရစ် အစိုးရ၏ ထိပ်တန်းဦးစားပေး ဖြစ်သည်။ ထိုဒေသအတွက် မိမိတို့၏ ဘုံရည်မှန်းချက်များသည် လွတ်လပ်ပွင့်လင်း၊ လုံခြုံ၊ ဆက်စပ်ပြီး ခံနိုင်ရည်ရှိသည့် အင်ဒို-ပစိဖိတ်ဒေသ ထူထောင်ရေးအတွက် မိမိတို့၏ ဘုံကတိကဝတ်ကို အလေးထားသည်” ဟုလည်း ပါစကီက ဆက်လက်ဖော်ပြသည်။
အမေရိကန် သမ္မတနှင့် စင်ကာပူ ဝန်ကြီးချုပ် လီရှန်လွန်းတို့ အိမ်ဖြူတော်တွင် တောင်တရုတ်ပင်လယ်နှင့် အခြားပြဿနာများကို ဆွေးနွေးပြီးနောက် နှစ်ပတ်ကျော်ကြာသောအခါ မစ္စတာ ဘိုင်ဒင်အစိုးရက အထူးထိပ်သီး ဆွေးနွေးပွဲ ရက်စွဲကို ထုတ်ပြန်ကြေညာခြင်းဖြစ်သည်။
“မိမိတို့၏ အမြင်အရဆိုပါက လွတ်လပ်သော ပင်လယ်ရေကြောင်း သွားလာခွင့်နှင့် နိုင်ငံတကာဥပဒေသည် အရေးပါသည်။ ကုလသမဂ္ဂ ပင်လယ်ပြင်ဥပဒေဆိုင်ရာ နိုင်ငံတကာသဘောတူညီချက် (UNCLOS) သည် အရေးပါပြီး မတော်တဆ ပဋိပက္ခ ရှောင်ရှားနိုင်အတွက် အငြင်းပွားမှု ငြိမ်းချမ်းစွာ ဖြေရှင်းရေးသည်လည်း အရေးပါသည်” ဟု မစ္စတာ လီက သမ္မတ ဘိုင်ဒင်နှင့် တွေ့ဆုံပြီးနောက် တရက်အကြာ မတ်လ ၃၀ ရက်နေ့တွင် ဝါရှင်တန်ရှိ နိုင်ငံခြားဆက်ဆံရေးကောင်စီက ကျင်းပသည့် အခမ်းအနားတခုတွင် ပြောသည်။
မြန်မာအကျပ်အတည်း
တချိန်တည်းတွင် အာဆီယံသည် အဖွဲ့ဝင် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ၁၄ လကြာ အကျပ်အတည်းကို စမ်းတဝါးဝါး ဖြေရှင်းနေရပြီး မြန်မာနိုင်ငံတွင် စစ်ကောင်စီသည် ရွေးကောက်ခံအစိုးရကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက ဖြုတ်ချခြင်းကို ခုခံမှုအား နှိမ်နင်းနိုင်ရေးအတွက် နိုင်ငံတဝှမ်း ဗုံးကြဲမှုများ၊ မီးရှို့မှုများကို ပြုလုပ်နေသည်။
စစ်ကောင်စီသည် အထူးသံတမန်ကို သက်ဆိုင်သူ အားလုံးနှင့် တွေ့ခွင့်ပေးမည်ဟု ကတိပြုထားသော်လည်း မတ်လနှောင်းပိုင်းတွင် အာဆီယံ အထူးသံတမန်၏ ၃ ရက်ကြာ မြန်မာ ခရီးအတွင်း ဖြုတ်ချခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် မပေးကြောင်း အာဆီယံ အထူးသံတမန် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ပရက်ဆိုခွန်းက ဖနွမ်းပင်သို့ ပြန်လည် ရောက်ရှိသောအခါ သတင်းထောက်များကို ပြောသည်။
လွန်ခဲ့သောနှစ် ဧပြီလက အာဆီယံ ခေါင်းဆောင်များ၏ အထူးအစည်းအဝေး အပြီးတွင် အာဏာသိမ်းမှုကို ဦးဆောင်သူ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အရှေ့တောင်အာရှနိုင်ငံများအသင်း အထူးသံတမန်ကို မြန်မာမှ သက်ဆိုင်သူအားလုံးနှင့် တွေ့ခွင့်ပေးရန် ကတိပြုထားသည်။ ထိုသို့ တွေ့ခွင့်ပေးခြင်းသည် မြန်မာမှ နိုင်ငံရေးအကျပ်အတည်းကို အဆုံးသတ်ရန် ဘုံသဘောတူညီချက် ၅ ချက်၏ တစိတ်တပိုင်းဖြစ်သည်။
မြန်မာအကျပ်အတည်းအပြင် ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ခြင်းသည်လည်း အာဆီယံ၏ ညီညွတ်မှုကို စမ်းသပ်နေသည်။ မတ်လအစောပိုင်းတွင် အာဆီယံသည် ရုရှားနှင့် ကျူးကျော်သိမ်းပိုက်မှု စသည့် စကားလုံးများကို ရှောင်ရှားပြီး အပစ်အခတ်ရပ်စဲရန် တောင်းဆိုသည့် ကြေညာချက်တစောင်ကို အဖွဲ့အစည်း တခုလုံးအနေဖြင့် ထုတ်ပြန်ခဲ့သည်။
မတ်လ ၂ ရက်နေ့တွင် ဗီယက်နမ်နှင့် လာအိုမှအပ အာဆီယံ အဖွဲ့ဝင် နိုင်ငံအများစုက မော်စကိုကို ပိုမိုပြင်းထန်စွာ အရေးယူရန် ကုလသမဂ္ဂအထွေထွေ ညီလာခံ ဆုံးဖြတ်ချက်ကို ထောက်ခံခဲ့သည်။ ဗီယက်နမ်နှင့် လာအိုတို့က ထိုဆုံးဖြတ်ချက်တွင် မဲမပေးဘဲ ကြားနေကြသည်။
ကိုးကား။ ။ Benar News သတင်း White House: Biden to host US-ASEAN summit in Washington May 12-13
You may also like these stories :
ယူကရိန်းစစ်ပွဲကြောင့် တရုတ်က စစ်ကောင်စီကို ဘက်ပြောင်းထောက်ခံ
နိုင်ငံ့လည်မြိုကို ညှစ်နေတဲ့ စီးပွားရေးအကျပ်အတည်း
ဂျပန်၏ မြန်မာနှင့် အထူးဆက်ဆံရေးက စစ်အုပ်ချုပ်ရေးကို အားပေးကူညီခဲ့
ရုရှားစစ်ပွဲက စစ်ကောင်စီ လက်နက်ရှာရ ခက်အောင်ဖန်
အာဆီယံ အထူးကိုယ်စားလှယ်နှင့် တွေ့ရန် ဒေါ်စုစုလွင် ငြင်းဆို