NUG ကာကွယ်ရေးဝန်ကြီးဌာနက “ဝ” ဒေသ ငြိမ်းချမ်းရေးတည်ဆောက်မှု ၃၃ နှစ်ပြည့်အတွက် ပို့သောသဝဏ်လွှာ တွင် “ဝ” ပြည်နယ်ဟု ရေးသားထားခြင်းမှာ လေးစားသမှုပြသခြင်းဖြစ်ကြောင်း NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ဧရာဝတီသို့ ပြောသည်။
ပြီးခဲ့သည့် ဧပြီ ၁၇ ရက်နေ့က ကျရောက်သည့် ဝ ဒေသ ငြိမ်းချမ်းရေးတည်ဆောက်မှု ၃၃ နှစ်ပြည့်သို့ NUG ကာကွယ် ရေး ဝန်ကြီးဌာနက ပို့သည့် ယင်းသဝဏ်လွှာတွင် “ဝ” ပြည်နယ်၏ ရရှိပြီးသော ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်မှု နှင့် လူမှုစီးပွားကဏ္ဍပေါင်းစုံ တိုးတက်ဖွံ့ဖြိုးမှုများ အဓွန့်ရှည် တည်တံ့ခိုင်မာစေရန် “ဝ” အမျိုးသားခေါင်းဆောင်များနှင့် “ဝ” ပြည်သူများ ဆထက်ထမ်းပိုး ကြိုးပမ်းနိုင်ပါ စေကြောင်း ဆုတောင်းထားသည်။
ဦးကျော်ဇောက “လေးစားသမှု ပြတာပါ။ အခုကာလက စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့ ကြိုးပမ်းနေ တဲ့ကာလပေါ့။ စစ်အုပ်ချုပ်ရေး၊ စစ်အာဏာရှင်စနစ် ကျဆုံးအောင် တိုက်ဖျက်ပြီးတော့၊ အမြစ်ပြတ်ကျဆုံးပြီးတော့ ငြိမ်း ချမ်းသာယာဝပြောတဲ့ ပြည်ထောင်စုအသစ်ကြီးတခု တည်ဆောက်နေတဲ့အခါမှာ ကျနော်တို့အနေနဲ့ ဝ အပါအဝင် တိုင်းရင်းသားအဖွဲ့အစည်း အားလုံးနဲ့ လက်တွဲပြီးတော့ အတူတကွလုပ်ဆောင်နိုင်ဖို့အတွက် ကျနော်တို့ NUG အစိုးရ က တစိုက်မတ်မတ် လုပ်ဆောင်နေပါတယ်” ဟု ပြောသည်။
NUG ၏ သဝဏ်လွှာတွင် ဝ ခေါင်းဆောင်များကိုလည်း အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ် အုတ်မြစ်ချ ထူထောင်ရာ၌ အမြော်အမြင်ကြီးမားစွာ ဦးဆောင်ပါဝင်နိုင်စေရန်လည်း တိုက်တွန်းထားသည်။
သို့သော် NUG တွင် တရားဝင်မူဝါဒ အနေဖြင့် UWSA ထိန်းချုပ်ဒေသကို ဝ ပြည်နယ်အဖြစ် သတ်မှတ်ထားခြင်း မရှိသေးကြောင်း ဦးကျော်ဇောက ပြောသည်။
ယခုအချိန်သည် ကြားကာလဖြစ်ပြီး တော်လှန်ရေး အမြန်ဆုံးအောင်မြင်ရန် ကြိုးစားနေရသည့်အချိန်ဖြစ်ကြောင်း၊ ပြည်နယ်များ အတည်ပြုသတ်မှတ်နိုင်ရေးသည် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) က ကြားကာလ အခြေခံဥပဒေရေးဆွဲပြီးနောက် ပြည်သူ့ညီလာခံမှတဆင့် အတည်ပြုပြီးသည့်အခါမှသာ ရုပ်လုံးပေါ်လာမည် ဖြစ် ကြောင်း ၎င်းက ရှင်းပြသည်။
“ကျနော်တို့ မြန်မာနိုင်ငံသမိုင်းကို ကြည့်လိုက်ရင် တခါမှမကြုံဖူးတဲ့ အတူတကွ လူမျိုးပေါင်းစုံ၊ အဖွဲ့ပေါင်းစုံ လက်တွဲ ပြီးတော့ နိုင်ငံရေးအခင်းအကျင်းမှာ လက်တွဲဆောင်ရွက်ဖို့ ကြိုးစားနေတာကို တွေ့ရပါလိမ့်မယ်။ NUCC ကနေ ပြီးတော့ ကြားကာလအခြေခံဥပဒေဆွဲထားပြီးတော့ ပြည်သူ့ညီလာခံက အတည်ပြုပြီးတဲ့အခါမှာ ကျနော်တို့တွေက အကောင်အထည်ဖော်ရမယ်။ အဲဒီအခါမှ ကျနော်တို့ရဲ့ ပြည်နယ်တွေဟာ အကောင်အထည်ပေါ်လာမှာ ဖြစ်ပါတယ်။ အခုအချိန်ကတော့ ပြောဖို့စောပါသေးတယ်” ဟု ဦးကျော်ဇောက ဆိုသည်။
လက်ရှိတွင် NUG အနေဖြင့် UWSA အပါအဝင် မြန်မာနိုင်ငံအတွင်းရှိ EAOs (တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ) နှင့် အလွတ်သဘော ဆွေးနွေးပြောဆိုမှုများ ရှိနေကြောင်း ၎င်းက ပြောသည်။
ဝ ဒေသကို NUG ကာကွယ်ရေးဝန်ကြီးဌာနက ဝ ပြည်နယ်ဟု ခေါ်ဆိုလိုက်ခြင်းနှင့် ပတ်သက်၍ UWSA ၏ သဘော ထားကိုသိရှိနိုင်ရန် UWSA ၏ လားရှို့မြို့ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းအား ဧရာဝတီက ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းက ဗဟိုကော်မတီ၏သဘောထား မသိရသေးသဖြင့် မှတ်ချက်မပေးလိုသေးကြောင်း ဆိုသည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ရှမ်းပြည်နယ် အတွင်းရှိ ဟိုပန်၊ မိုင်းမော၊ ပန်ဝေ၊ နားဖန်း၊ မက်မန်း၊ ပန်ဆန်း စသည့် ဒေသ ခြောက်ခုကို “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း အဖြစ် ဖွဲ့စည်းထားသည်။
ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ) နှင့် တိုက်ပွဲဝင်ခဲ့သည့် “ဝ” တပ်ဖွဲ့သည် ၁၉၈၉ ခုနှစ် ဧပြီ ၁၇ ရက်တွင် ဗကပထံမှ အာဏာသိမ်းယူခဲ့ပြီးနောက် “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ (United Wa State Party -UWSP) ကို ထူထောင်ခဲ့ကာ အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့သည်။
UWSP ၏ လက်နက်ကိုင်တပ်ဖွဲ့မှာ UWSA ဖြစ်ပြီး လက်ရှိ ပြည်တွင်းတိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များအနက် အင်အားအကြီးဆုံး ဖြစ်သည်။
UWSA က ရှမ်းပြည်နယ်အတွင်းရှိ ဝ နယ်ကို တောင်ပိုင်းနှင့် မြောက်ပိုင်းအဖြစ် ပိုင်းခြားအုပ်ချုပ်ပြီး ဌာနချုပ်ကို ဝ နယ်မြောက်ပိုင်းရှိ ပန်ခမ်းတွင် ဖွင့်ထားကာ ဝ နယ်မြောက်ပိုင်းကို မိုင်းမောခရိုင်၊ မိုင်းလင်းခရိုင်၊ မိုင်းပေါက်ခရိုင် ဆိုသည့် ခရိုင် ၃ ခု အပါအဝင် ပန်ခမ်းအထူးမြို့နယ်၊ နမ့်တစ်အထူးမြို့နယ်ဆိုသည့် အထူးမြို့နယ် ၂ ခုဖြင့် ဖွဲ့စည်းထား သည်။
ဝ နယ်တောင်ပိုင်းသည် ထိုင်း- မြန်မာနယ်စပ်ရှိ မိုင်းဆတ်ခရိုင်တွင် တည်ရှိပြီး အဆိုပါဒေသကို UWSA က ၁၇၁ စစ်ဒေသဟု သတ်မှတ်ကာ အုပ်ချုပ်ပြီး အဆိုပါ ဝ နယ်မြောက်ပိုင်းနှင့် တောင်ပိုင်းကိုစုပေါင်းကာ ဝ အာဏာပိုင်များက ဝ ပြည်နယ်ဟု ခေါ်ဝေါ်သုံးစွဲသည်။
ပြီးခဲ့သည့် ၃ နှစ်က ပန်ခမ်းတွင် ကျင်းပသည့် ဝ ပြည်နယ် ငြိမ်းချမ်းရေးတည်ဆောက်မှု နှစ် ၃၀ ပြည့် အခမ်းအနား တွင် ဝ ဒေသကို တည်ဆောက်ဆဲ ဝ ပြည်နယ်ဟု ဝ အာဏာပိုင်များက သုံးနှုန်းခဲ့သည်။
နိုင်ငံရေးလေ့လာသူတဦးကမူ NUG ဘက်က ဝ ဒေသအား ဝ ပြည်နယ်ဟု ခေါ်ဝေါ်သုံးစွဲလိုက်သဖြင့် UWSA အနေဖြင့် တစုံတရာ သဘောကျနိုင်သော်လည်း အဆိုပါ ခေါ်ဆိုချက်သည် UWSA အတွက် ပြီးပြည့်စုံသည့် အာမခံချက်တခု မဟုတ်ကြောင်း ဆိုသည်။
လက်ရှိကာလတွင် UWSA သည် ၎င်း၏ ထိန်းချုပ်ဒေသအတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပြည့်အဝရှိသည့် ကွန်ဖက် ဒရေးရှင်း အဆင့်အတန်းကို တောင်းဆိုနေသည့်သဘောဖြစ်ပြီး အာဏာသိမ်းစစ်ကောင်စီနှင့်သာမက NUG နှင့်ပါ ထိတွေ့ဆက်ဆံနေသည့် အနေအထားဖြစ်ကြောင်း ၎င်းက ပြောသည်။
“လောလောဆယ်မှာ NUG က လူထုကို ကိုယ်စားပြုတာက အပိုင်းတပိုင်းပဲ။ စစ်တပ်ကလည်း Defecto အာဏာ ရနေတာ တပိုင်းပေါ့။ သူက နှစ်ဖက်စလုံးနဲ့ဆက်ဆံမှာပဲ ဒါက ဝ မှ မဟုတ်ဘူး။ ကျန်တဲ့ EAO တွေလည်း ဒီလိုမျိုး ဖြစ်မှာပဲ။ NUG က အသိအမှတ်ပြုရုံနဲ့ ဝ ပြည်က ငြိမ်းချမ်းမှာမှမဟုတ်တာ စစ်တပ်က အသိအမှတ် မပြုလို့ တိုက်မယ် ဆိုရင် စစ်တပ်နဲ့ တိုက်နေရမှာပေါ့။ NUG ကလည်း သူ အသိအမှတ်ပြု ကာကွယ်ပေးနိုင်မှာလား ဆိုရင် ကာကွယ်ပေး နိုင်မှာ မဟုတ်ဘူး။ အဲဒီအနေအထားမှာ သူက နှစ်ဖက်စလုံးနဲ့ ဆက်ဆံမှာပဲ” ဟု မြန်မာနိုင်ငံအခြေစိုက် နိုင်ငံရေး လေ့လာသူတဦးက သုံးသပ်ပြောဆိုသည်။
ထို့ပြင် NUCC ၌လည်း UWSA တာဝန်ရှိသူများ ပါဝင်လာခြင်း မရှိသေးသဖြင့် NUCC အနေဖြင့် ဝ နယ်ကို ပြည်နယ် အဖြစ် သတ်မှတ်နိုင်ရေးသည်လည်း တရားဝင် မဖြစ်နိုင်သေးကြောင်း ၎င်းက ဆိုသည်။
UWSA သည် ရှမ်းပြည်နယ်အတွင်းရှိ ရှမ်းလက်နက်ကိုင်အဖွဲ့ဖြစ်သော RCSS နှင့် မကြာသေးသည့် ကာလ အတွင်း တိုက်ပွဲဖြစ်ထားပြီး စစ်ရေးတင်းမာမှုများ ရှိသည်။
ဧပြီ ၅ ရက်ကလည်း ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းထ (မုံးထ) မြို့နယ်ထဲ၌ UWSA တောင်ပိုင်းတပ်နှင့် RCSS တို့ကြား တိုက်ပွဲဖြစ်ခဲ့ပြီး RCSS ဘက်မှ တပ်ဖွဲ့ဝင် ၅ ဦး ကျဆုံးကာ UWSA ဘက်မှ တပ်ဖွဲ့ဝင် ၁ ဦး ကျဆုံးခဲ့သည်။
UWSA သည် အစိုးရနှင့်နိုင်ငံရေးဆွေးနွေးရန် မြန်မာနိုင်ငံမြောက်ပိုင်းအခြေစိုက် EAOs ၆ ဖွဲ့ဖြင့် ပူးပေါင်းကာ ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးရေးကော်မတီ (FPNCC) ကို ဖွဲ့စည်းထားသည်။
RCSS အဖွဲ့ကမူ အပစ်ရပ်လက်မှတ်ထိုး EAO များနှင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်ကော်မတီ (PPST) တွင် ယခင်က ယာယီခေါင်းဆောင်အဖြစ် ပါဝင်ခဲ့သော်လည်း မကြာသေးမီက ၎င်း၏ ပါဝင်မှုအဆင့်ကို လျှော့ ချထားသည်။
UWSA ၏ လက်ရှိ စစ်အင်အားမှာ ၃၀၀၀၀ ကျော်ရှိပြီး UWSA သည် မြန်မာ့နိုင်ငံရေးအခြေအနေကို မျက်ခြေ မပြတ် လေ့လာစောင့်ကြည့်နေသည့် အခြေအနေရှိကြောင်း နိုင်ငံရေးလေ့လာသူများက ပြောသည်။
You may also like these stories:
အာဏာသိမ်းအလွန် မြန်မာစစ်ပွဲ ‘ဝ’ ကနဦး အနိုင်ရနေ
UWSA နှင့် RCSS တို့ကြား တိုက်ပွဲဖြစ်