ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူး (ကိုဗစ်ကာကွယ်ဆေးထိုးနှံရေး အဖွဲ့ခေါင်းဆောင်) ဒေါက်တာထားထားလင်းကို စစ်ကောင်စီ၏ မန္တလေးတိုင်းတရားလွှတ်တော်က အဂတိ လိုက်စား မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ အရ အလုပ်နှင့်ထောင်ဒဏ် ၃ နှစ် ချလိုက်သည်။
ဒေါက်တာထားထားလင်းကို စစ်ကောင်စီခန့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က တရားလိုပြုလုပ်၍ ၂၀၂၁ ဒီဇင်ဘာအတွင်းက မန္တလေးတိုင်းတရားလွှတ်တော်တွင် တရားစွဲဆိုခဲ့ရာ ရာဇဝတ်ကြီးမှုအမှတ် ၃၆/၂၀၂၁ ဖြင့် လက်ခံ စစ်ဆေးခဲ့ပြီးနောက် ယခု ဧပြီ ၂၀ ရက်၌ အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။
“ဒေါက်တာထားထားလင်းကို အဂတိတိုက်ဖျက်ရေးဥပဒေ ၅၆ နဲ့ ထောင် ၃ နှစ် အမိန့်ချလိုက်တာ မှန်ပါတယ်။ သူနဲ့ အတူ ဒေါက်တာစိုးဦးကိုလည်း ၂ နှစ် ချပါတယ်။ အစကတည်းက အခုလို အမိန့်ချမယ်ဆိုတာ ကြိုသိထားတဲ့အတွက် ဘာ မှတ်ချက်မှ မပေးချင်ပါဘူး” ဟု အကျိုးဆောင်အဖြစ် လိုက်ပါဆောင်ရွက်ခဲ့သည့် ရှေ့နေအဖွဲ့က ပြောသည်။
ဒေါက်တာထားထားလင်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အစိုးရလက်ထက်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေး အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး စစ်တပ်က အာဏာသ်ိမ်းပြီးနောက် ကမ္ဘာ့ကျန်း မာရေးအဖွဲ့ (WHO) နှင့် ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) တို့က ထောက်ပံ့ထားသည့် ကျပ်သန်း ၁၆၉၀၀ အနက် လက်ကျန်ငွေ ၁၆၈ ဒသမ ၁၉၈ သန်းကို ပြန်အပ်လိုက်သဖြင့် နိုင်ငံဘဏ္ဍာငွေဆုံးရှုံးသည်ဆိုသော စွပ်စွဲချက်ဖြင့် စစ်ကောင်စီက တရားစွဲခဲ့ခြင်း ဖြစ်သည်။
အဆိုပါ လက်ကျန်ရန်ပုံငွေများကို ဒေါက်တာထားထားလင်းက အာဏာသိမ်းပြီး ၁၀ ရက်အကြာတွင် ပြန်အပ်ခဲ့ခြင်းဖြစ်ပြီး “ကာကွယ်ဆေးထိုးလုပ်ငန်းကို ကျမတို့နိုင်ငံကို စစ်အာဏာရှင်များရဲ့ စစ်ဖိနပ်အောက် ရောက်သွားစေမယ့် လက်နက်အဖြစ် အသုံးချခွင့် မပြုနိုင်ပါဘူး” ဟုလည်း ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် အသိပေးရေးသားခဲ့သည်။
ထို့နောက် ဒေါက်တာထားထားလင်းသည် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ခဲ့ပြီး ၂၀၂၁ ဇွန်လအတွင်း၌ ရန်ကုန်မြို့တွင် ခင်ပွန်း၊ ၇ နှစ်အရွယ် သားဖြစ်သူတို့နှင့်အတူ စစ်ကောင်စီ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။
စစ်ကောင်စီခန့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က သတင်းထုတ်ပြန်ရာတွင် စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေး တွေ့ရှိချက်အရ ဒေါက်တာထားထားလင်းသည် GAVI HSS2 Grant (Global Alliance for Vaccines and Immunization-Health System Strengthening 2) ဖြင့် ဆောင်ရွက်သော လုပ်ငန်းများအား စီမံချက်မန်နေဂျာ အဖြစ်ဆောင်ရွက်စဉ် ညွှန်ကြားချက်ကို လိုက်နာဆောင်ရွက်ခြင်းမရှိသဖြင့် နိုင်ငံတော်၏ ဘဏ္ဍာငွေကျပ် ၁၆၁ ဒသမ ၁၉၈ သန်းကို နစ်နာဆုံးရှုံးစေခဲ့ခြင်းကြောင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ တရားစွဲခဲ့ခြင်း ဖြစ်သည်ဟု ဆိုထားသည်။
ထ်ို့အတူ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦးသည်လည်း GAVI HSS2 Grant ဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများကို တာဝန်ယူကြီးကြပ်ပြီး စီမံခန့်ခွဲရသူဖြစ်သော်လည်း ဒေါက်တာထားထားလင်း၏ ဆောင်ရွက်မှုများကို ကြီးကြပ်စစ်ဆေးရန် ပျက်ကွက်ခြင်း၊ စီမံခန့်ခွဲရန် ပျက်ကွက်ခြင်းတို့ကြောင့် နိုင်ငံတော်ဘဏ္ဍာငွေများ နစ်နာဆုံးရှုံးရန်အတွက် အားပေးကူညီမှု ဖြစ်စေသဖြင့်ဟုဆိုကာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆/၆၃ ဖြင့် တရားစွဲခံရပြီး ဧပြီ ၂၀ ရက်တွင် အလုပ် နှင့်ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်ခံခဲ့ရသည်။
လက်ရှိတွင် နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်နှင့်တိုင်း ဝန်ကြီးချုပ်နှင့်ဝန်ကြီးများ၊ ဌာန ဆိုင်ရာဝန်ထမ် များနှင့် ပါတီထိပ်ပိုင်းခေါင်းဆောင်များကို အာဏာသိမ်း စစ်ကောင်စီက အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေများဖြင့် တရားစွဲဆို ထောင်ချလျက် ရှိသည်။
You may also like these stories:
UNICEF ထံ ကာကွယ်ဆေးရန်ပုံငွေ ပြန်အပ်သည့် ဒေါက်တာထားထားလင်း အဂတိဖြင့် အမှုဖွင့်ခံရ
ကျန်းမာရေးအရာရှိ၏ ၇ နှစ်အရွယ် သားငယ်ကို စစ်ကောင်စီ ဖမ်းထား
CDM ဆရာဝန်ကြီးများ နိုင်ငံတော် ပုန်ကန်မှုဖြင့် အရေးယူ