မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို စစ်ကောင်စီက စွဲဆိုထားသည့် အဂတိအမှုများအတွက် တရားခံပြ သက်သေအဖြစ် ပါဝင်နေသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းထိန်တို့ အနေဖြင့် သက်သေထွက်ဆိုရန် အခက်အခဲများ ရှိလာနိုင်ကြောင်း လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေအဖွဲ့က ပြောသည်။
ရှေ့နေအဖွဲ့က “သူတို့နှစ်ယောက်ကို စစ်ဖို့ရာက အလွယ်တကူနဲ့ရနိုင်ဖို့ မဖြစ်နိုင်ဘူး။ ဦးဝင်းထိန်နဲ့ ဒေါ်စုက အရေးကြီးတဲ့ပုဂ္ဂိုလ်တွေ ဖြစ်နေတာဆိုတော့ အလွယ်တကူ ထုတ်ပေးဖို့ဆိုတာ မဖြစ်နိုင်ဘူး။ စိစစ်ပြီး အထက်ကို တင်ပြနိုင်ရင်တောင် မလွယ်နိုင် ဘူး။ လူကိုယ်တိုင်မလာနိုင်လို့ အွန်လိုင်းကနေ Video Conferencing နဲ့ စစ်မယ်ဆိုရင်လည်း သူတို့ (စစ်ကောင်စီ) ခွင့်ပြုပေးဖို့လိုတော့ အခက်အခဲတွေ ရှိလာနိုင်တယ်” ဟု ဆိုသည်။
စစ်ကောင်စီခန့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ဒေါက်တာဇော်မြင့်မောင် အနေဖြင့် ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်စဉ်ကာလအတွင်း ဆေးကုသစရိတ်နှင့် ပါတီရုံး မြေနေရာကိစ္စ၊ စီမံကိန်းဧရိယာနှင့် ဆက်စပ်လက်ယာမြေများ ကို အခြားနည်းသုံးစွဲခွင့်ရရှိရေးနှင့် စီမံကိန်းလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နိုင်ရေး ဆောင်ရွက်ချက်များတွင် အဂတိ လိုက်စားမှု ရှိခဲ့သည်ဟုစွပ်စွဲပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် အမှု ၅ မှု စွဲဆိုထားခြင်း ဖြစ်သည်။
အဆိုပါ အမှု ၅ မှုနှင့် ပတ်သက်၍ စစ်ကောင်စီ လက်အောက်ခံ မန္တလေးတိုင်းတရားလွှတ်တော်က လက်ခံစစ်ဆေးနေ ပြီး ဒေါက်တာဇော်မြင့်မောင် ထိုင်းနိုင်ငံသို့ သွားရောက်ဆေးကုသစဉ် လာဘ်စားခဲ့သည်ဆိုသော အဂတိအမှု ၃ မှုကိုမူ ဧပြီ ၂၀ ရက်က အိုးဘိုအကျဉ်းထောင်တွင်း သီးသန့်တရားရုံးတွင် စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ရုံးချိန်းတွင် ဒေါက်တာဇော်မြင့်မောင်၏ဇနီး ဒေါက်တာယုယုမေ အပါအဝင် တရားခံပြသက်သေ ၂ ဦး လာရောက် ထွက်ဆိုခဲ့ကြောင်း သိရသည်။
“တိုင်းအဂတိသုံးမှုက တရားခံပြသက်သေတွေကို စစ်တယ်။ ဒေါက်တာဇော်မြင့်မောင်ရဲ့မိန်းမ ဒေါက်တာယုယုမေနဲ့ စဉ့်ကူး ဘက်က နယ်တာဝန်ခံကို စစ်ခဲ့တယ်။ ထိုင်းနိုင်ငံကို ဆေးကုသွားတဲ့အခါမှာ ဆေးဝါးကုသစရိတ်တွေကို အဂတိအဖြစ်နဲ့ ရ ယူတယ်ဆိုပြီး စွဲတဲ့အမှုတွေဖြစ်တော့ ဒေါ်ယုယုမေကတော့ ငြင်းဆိုတာပေါ့။ ထွက်ဆိုသွားတာကတော့ ဆေးကုသစရိတ် ကို မိသားစုရဲ့ငွေကြေးနဲ့ သုံးစွဲကုသခဲ့တာလို့ ထွက်ဆိုသွားတယ်” ဟု ရှေ့နေအဖွဲ့က ပြောသည်။
ဒေါက်တာဇော်မြင့်မောင်အား စွဲဆိုထားသည့် အဂတိအမှုများအတွက် တရားခံပြသက်သေ ၁၀ ဦး တင်ပြထားပြီး လာမည့် မေလကုန်ပိုင်း၌ အပြီးသတ် အမိန့်ချနိုင်ဖွယ်ရှိကြောင်း သိရသည်။
“လက်ရှိမှာက တရားခံပြသက်သေက ၂ ယောက်ပဲ စစ်ပြီးသေးတယ်။ ပုံမှန်အတိုင်းသွားရင်တောင် ရုံးချိန်းတပတ်မှာ ၂ ယောက်လောက်ပဲ စစ်နိုင်မှာ။ အဲဒီလိုသွားနေရင်တောင် အမှုတွေ အပြီးသတ်အမိန့်ချဖို့က မေလကုန်၊ ဇွန်လဆန်း လောက်ထိ ရောက်သွားနိုင်တယ်။ အဲဒီလို ပြီးဖို့ဆိုတာက သက်သေတွေကို မပျက်မကွက်ခေါ်ပေးမှ ကျနော်တို့ ခန့်မှန်း ထားသလိုဖြစ်မှာ” ဟု ရှေ့နေအဖွဲ့က ဆိုသည်။
ဒေါက်တာဇော်မြင့်မောင်အား စွဲဆိုထားသည့် အဂတိအမှုများအပြင် ရွေးကောက်ပွဲဆိုင်ရာ ကိစ္စများနှင့် ပတ်သက်၍ စစ်ကောင်စီခန့် မန္တလေးတိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဒုညွှန်ကြားရေးမှူး ဦးကျော်ကျော်စိုးက တရားလို ပြုလုပ်ပြီး အမရပူရမြို့နယ်တရားရုံးတွင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၇၁ (စ)၊ အောင်မြေသာစံမြို့နယ်တရားရုံးတွင် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၃၀ (က) ဖြင့် တရားစွဲဆိုထားခြင်းများကိုလည်း စွဲချက်တင် အမိန့်ချထားသည်။
ထို့ပြင် အောင်မြေသာစံမြို့နယ်တရားရုံးက ဒေါက်တာဇော်မြင့်မောင်ကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (ခ) နှင့် သဘာ ဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅/၃ ၀(က) တို့ဖြင့် ထောင်ဒဏ် ၄ နှစ် ကျခံစေရန်နှင့် ပုဒ်မ ၅၀၅ (ခ) အတွက် ချုပ်ရက်ခံစားခွင့် မရှိကြောင်း ၂၀၂၁ ဒီဇင်ဘာ ၈ ရက်က အမိန့်ချမှတ်ထားသည်။