သတင်း

တရုတ်ကြေးနီစီမံကိန်းများ ဆက်လုပ်ပါက တိုက်ခိုက်မည်ဟု PDF များ သတိပေး

စစ်ကောင်စီနှင့် ပူးပေါင်းလုပ်ကိုင်နေသည့် စစ်ကိုင်းတိုင်း၊ ယင်းမာပင်-ဆားလင်းကြီးဒေသက တရုတ် ကြေးနီးစီမံကိန်းများ ပြန်လည်ပတ်ပါက နည်းမျိုးစုံဖြင့် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ဒေသတွင်း ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ (PDF) ၁၆ ဖွဲ့က ဧပြီ ၂၀ ရက်က ထုတ်ပြန်သတိပေးလိုက်သည်။

အဆိုပါသတိပေးချက်တွင် အာဏာသိမ်း စစ်ကောင်စီအတွက် ဘဏ္ဍာရေး အရင်း အမြစ်များ ဖယ်ရှားရှင်းလင်းနေချိန်တွင် ယာယီရပ်နားထားသည့် အာဏာရှင်ထိပ်သီးများနှင့် စစ်ခရိုနီများ၏ ခါးပိုက်ဆောင် စီမံကိန်းဖြစ်သော ကြေးနီစီမံကိန်းများ အား ပြန်လည်ပတ်ရန်လုပ်ဆောင်သည့် မည်သူ့ကိုမဆို တိုက်ခိုက်ရှင်းလင်းသွားမည်ဟု ဖော်ပြထားသည်။

“စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေး အတွက် ဘဏ္ဍာ ရေသောက်မြစ် လက်တက်တခုကို ဆွဲနုတ်ဖယ်ရှားရန် မည်သည့် တိုက်ခိုက်ရေး နည်းလမ်းများကိုမဆို စတင်ကျင့်သုံးတော့မည် ဖြစ်ကြောင်းကို ဒေသတွင်းကြေးနီစီမံကိန်းများနှင့် ပတ်သက် သူအားလုံးအား အသိပေးလိုက်သည်” ဟု ဆားလင်းကြီး-ယင်းမာပင်ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက ဆိုထားသည်။

အဆိုပါ ကြေးနီးစီမံကိန်းများသည် အမှတ် (၁) သတ္တုတွင်းဌာန၊ တရုတ်နိုင်ငံပိုင် ဝမ်ပေါင်ကုမ္ပဏီနှင့် အာဏာသိမ်း စစ်တပ်ပိုင် ဦးပိုင်လီမိတက်တို့ ဖက်စပ်လုပ်ကိုင်နေသည့် စီမံကိန်းများဖြစ်ပြီး စစ်ကောင်စီအတွက် ဝင်ငွေအမြောက်အမြား ရရှိစေသည့် စီမံကိန်းများ ဖြစ်သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ယင်းစီမံကိန်းရှိ ဝန်ထမ်းများ ပြည်သူ့အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) နှင့် သပိတ်မှောက်ဆန္ဒပြမှုများကြောင့် ၂၀၂၁ ဒီဇင်ဘာလခန့်မှ စတင်ကာ လုပ်ငန်းများ ယာယီရပ်ဆိုင်းထားခဲ့သော် လည်း စီမံကိန်းအတွင်းမှ ကြေးနီများအား ကားများဖြင့် သယ်ဆောင်ရယူနေသည့်အပြင် ယခုအခါ အလုပ်သမား ပြန်လည် ခေါ်ယူမှုများ ပြုလုပ်နေသည့်အတွက် သတိပေးချက် ထုတ်ပြန်ရခြင်း ဖြစ်ကြောင်း နယ်စည်းမခြား ဇာမဏီပြောက်ကျား တပ်ဖွဲ့မှ ဗိုလ်စံဖဲက ပြောသည်။

၎င်းက “စစ်တပ်ရဲ့ ပင်မထောက်တိုင်ဖြစ်တဲ့ ဦးပိုင်ကုမ္ပဏီရှယ်ယာ ပါဝင်နေတာကြောင့် ကုမ္ပဏီလည်ပတ်ခဲ့ရင်တော့ ဒေသတွင်းအဖွဲ့အစည်းတွေနဲ့ အခြားအဖွဲ့အစည်းတွေ ချိတ်ဆက်ပြီးတော့ နည်းလမ်းမျိုးစုံ တိုက်ခိုက်သွားမှာပါ” ဟု ဆိုသည်။

စစ်ကောင်စီအား ဝင်ငွေအမြောက်အမြား ရရှိစေသည့် တရုတ်ကြေးနီးစီမံကိန်းများ ပြန်လည်ပတ်လုပ်ကိုင်ရန် ကြိုးပမ်းမှု များမှာ ပြည်သူများ၏ သဘောဆန္ဒအား မျက်ကွယ်ပြုနေခြင်းသာဖြစ်ပြီး ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့များ၏ ဆန္ဒ သဘောထားနှင့် တထပ်တည်းဖြစ်ကြောင်း ယင်းမာပင်မြို့နယ် ဒေသခံတဦးက ပြောသည်။

“အခုက စီမံကိန်းလုပ်ငန်းတွေ ပြန်လုပ်မယ်ဆိုရင် အလုပ်ပြန်ခေါ်နေတာ ရှိတယ်။ လုံခြုံရေးအရ သူတို့ အတွင်းမှာပဲ လနဲ့ချီ ထားမယ်ပေါ့။ စီမံကိန်းပြန်လုပ်မယ်ဆိုတာက ပြည်သူတွေရဲ့ဆန္ဒကို မျက်ကွယ်ပြုတာလို့ပဲ မြင်တယ်။ ဒေသခံတဦးအနေနဲ့ လည်း စီမံကိန်းပြန်မလုပ်ဖို့ကို သတိပေးတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ သဘောထား ထပ်တူထပ်မျှပါပဲ” ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် အစိုးရအဆက်ဆက်ကတည်းက တရုတ်ကြေးနီစီမံကိန်းများ၏ ပွင့်လင်းမြင်သာမှု အားနည်းခြင်းနှင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများကြောင့် ဒေသခံအများအပြား ဆန့်ကျင်ကန့်ကွက်ခဲ့ကြသော်လည်း စစ်တပ်နှင့် ရဲ အင်အားသုံးကာ ဆန္ဒပြသူများအား အကြမ်းဖက်ဖြိုခွင်းမှုများ ပြုလုပ်ခဲ့ပြီး စီမံကိန်းများကို အကာအကွယ်ပေးခဲ့သည်။

လက်ရှိတွင် တရုတ်ကြေးနီးစီမံကိန်းများ၌ စစ်ကောင်စီအဖွဲ့ဝင် အင်အား ၃၀၀ ခန့်ဖြင့် လုံခြုံရေးယူပေးထားပြီး ပြည်သူ များအား ခြောက်လှန့်ပစ်ခတ်မှုအချို့ ပြုလုပ်ခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရမှု မရှိသေးသည့်အတွက် စောင့်ကြည့်နေကြောင်း နှင့် တစုံတရာ ထိခိုက်ဒဏ်ရာရမှု ရှိလာပါက ကုမ္ပဏီထိခိုက်ပျက်စီးသည်အထိ တိုက်ခိုက်သွားမည် ဖြစ်ကြောင်း ဒေသ တွင်း PDF တပ်ဖွဲ့များက ပြောဆိုသည်။

တဖက်တွင်လည်း စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းကြား အကာအကွယ်ပြု ရပ်တည်ပေးသည့် တရုတ်နိုင်ငံ၏ သဘောထားကြောင့် မြန်မာပြည်သူများ၏ တရုတ်ဆန့်ကျင်ရေးလှုပ်ရှားမှုများ မြင့်တက် ခဲ့ပြီး ၎င်းတို့၏အကျိုးစီးပွားနှင့် လုပ်ငန်းများအပေါ် ခြိမ်းခြောက်မှုများ ရှိခဲ့သည်။

ပြီးခဲ့သည့် ဇန်နဝါရီအတွင်း တရုတ်အစိုးရပိုင်ကုမ္ပဏီက ဖက်စပ်လုပ်ကိုင်နေသည့် တကောင်းနီးကယ်စက်ရုံကို ဓာတ် အားပေးနေသော လျှပ်စစ်တာဝါတိုင် မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် ရန်ကုန်မြို့ရှိ တရုတ်သံရုံးက အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ထံ ဆက်သွယ်ကာ တရုတ်ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများနှင့် စီမံကိန်းများအား မတိုက်ခိုက်ရန် ပြောဆိုခဲ့သည်။

တရုတ်နိုင်ငံကမူ အာဏာသိမ်း စစ်ကောင်စီအား ထောက်ခံပြသည့်အနေဖြင့် ပြီးခဲ့သည့် မတ်လကုန်ပိုင်းတွင် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်အား တရုတ်နိုင်ငံသို့ဖိတ်ခေါ်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိက လက်ခံ တွေ့ဆုံခဲ့သည်။

အဆိုပါ တွေ့ဆုံမှုနှင့် ပတ်သက်၍ မြန်မာပြည်သူများ၏ ဝေဖန်ကန့်ကွက်သံများ ကျယ်ကျယ်လောင်လောင် ပြန်လည် ထွက်ပေါ်လာခဲ့ပြီး စစ်ကောင်စီကို အသိအမှတ်မပြုသည့် ပြည်သူ့ဆန္ဒအား လေးစားရန်လည်း တရုတ်နိုင်ငံအား သတင်း စကားပါးခဲ့ကြသည်။

စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်ခေါင်းဆောင်တဦးဖြစ်သည့် ဒေါက်တာတေဇာဆန်းက “အကြမ်းဖက် စစ်ကောင် စီဟာ မြန်မာလူထုကို လုံးဝ၊ လုံးဝ ကိုယ်စားမပြုဘူး။ စစ်အုပ်စုဟာ ပြည်သူရဲ့ဘုံရန်သူပဲ ဖြစ်တယ်။ တရုတ်နိုင်ငံအနေနဲ့ သူ့ရဲ့ အမျိုးသားအကျိုးစီးပွားကို တကယ် ထိန်းသိမ်းကာကွယ်ချင်တယ်ဆိုရင် စစ်ကောင်စီက ဘယ်လိုမှ ဆောင်ကြဉ်းပေး နိုင်မယ့် အဖွဲ့အစည်းမဟုတ်ဘူးဆိုတာ ပြောလိုပါတယ်” ဟု ပြောဆိုထားသည်။

စစ်ကောင်စီအား ဝင်ငွေရရှိစေသည့် စီးပွားရေးလုပ်ငန်းများ ရပ်တန့်ရေးနှင့် နိုင်ငံတကာ စီးပွားရေးလုပ်ငန်းများ အနေဖြင့် လည်း စစ်ကောင်စီနှင့် ပူးပေါင်းကာ လုပ်ငန်းများ ဆက်လက်မလုပ်ဆောင်ရေး၊ စစ်တပ်ပိုင်လုပ်ငန်းများအား ပိတ်ဆို့အရေး ယူရေးတို့ကိုလည်း ပြည်သူများက အစဉ်တစိုက် တိုက်တွန်းလျက်ရှိသည်။

သယံဇာတတူးဖော်ရေးလုပ်ငန်းများ ပွင့်လင်းမြင်သာမှုနှင့်တာဝန်ခံမှုရှိရေး စည်းရုံးလှုံ့ဆော်နေသည့် ဩစတေးလျအခြေ စိုက် Publish What You Pay အဖွဲ့၏ ယမန်နှစ်နိုဝင်ဘာက ထုတ်ပြန်သည့် အစီအရင်ခံစာအရ ၂၀၂၀-၂၀၂၁ အတွင်း တရုတ်ကုမ္ပဏီများ ဖက်စပ်လုပ်ကိုင်နေသည့် လက်ပံတောင်းတောင်ကြေးနီးစီမံကိန်း၊ စံပယ်တောင်နှင့် ကြေးစင်တောင် ကြေးနီးစီမံကိန်းများမှ အမေရိကန် ဒေါ်လာ ၆၀၄ သန်းခန့် ဘဏ္ဍာငွေပေးဆောင်ခဲ့ကြောင်း ခန့်မှန်းဖော်ပြခဲ့သည်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီအနေဖြင့်လည်း ၎င်းကြေးနီစီမံကိန်းများမှ ဝေစုရရှိသည့် ကတ်သုတ် ကြေးနီများအား လန်ဒန်သတ္တုအိတ်ချိန်း (LME) ဈေးကွက်ပေါက်ဈေးဖြင့် တင်ဒါခေါ်ရောင်းချမှုအား ၃ ကြိမ်ထက် မနည်း ပြုလုပ်ခဲ့ပြီးဖြစ်ပြီး အမေရိကန်ဒေါ်လာ သန်းနှင့်ချီဝင်ငွေများ ရရှိခဲ့သည်။

ထိုသို့ စစ်ကောင်စီအား ဝင်ငွေရရှိစေသည့် လုပ်ငန်းများအား နိုင်ငံတကာမှ ပိတ်ဆို့အရေးယူမှုများ ဆောင်ရွက်ရာတွင် အမှတ် (၁) သတ္တုတွင်းလုပ်ငန်းကို ဥရောပသမဂ္ဂ (EU) က အရေးယူပိတ်ဆို့စာရင်းတွင် ထည့်သွင်းခဲ့သည်။

ထို့နောက် အာဏာသိမ်းစစ်တပ်နှင့် တရုတ်ကုမ္ပဏီများ ဖက်စပ်လုပ်ကိုင်နေသည့် စီမံကိန်းများမှထွက်ရှိသည့် ကြေးနီများ အား လန်ဒန်သတ္တုဈေးကွက်တွင် ရောင်းဝယ်ခွင့်မပြုတော့ကြောင်း လန်ဒန်သတ္တုအိတ်ချိန်း (LME) က ကြေညာခဲ့ပြီး မေ ၂၄ ရက်မှစတင်ကာ ယင်းကြေးနီးများအား ရောင်းဝယ်ရန် အာမခံမပေးသကဲ့သို့ ဂိုထောင်၌ ထားခွင့်မပြုကြောင်းလည်း ဆို ထားသည်။

ထို့ပြင် အာဏာသိမ်း စစ်ကောင်စီနှင့် ပူးပေါင်းပြီး ကြေးနီနှင့်သတ္တုတူးဖော်ရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံ ဝမ်ပေါင်ကုမ္ပဏီနှင့် လက်အောက်ခံကုမ္ပဏီ ၂ ခုအား ပြီးခဲ့သည့်နှစ် ဇူလိုင်လအတွင်းက အမေရိကန်နိုင်ငံမှ ပိတ်ဆို့အရေး ယူခဲ့သည့်အပြင် စစ်တပ်ပိုင် ဦးပိုင်လီမိတက်ကိုလည်း အမေရိကန်နှင့် ဗြိတိန်နိုင်ငံတို့က ပိတ်ဆို့ဒဏ်ခတ်စာရင်း သွင်းခဲ့သည်။

You may also like these stories:

အမေရိကန် ဒေါ်လာသန်း ၅၀ ကျော်တန်ဖိုးရှိ သတ္တုပစ္စည်းများ စစ်ကောင်စီထုတ်ရောင်း

ကြေးနီနှင့် ကျွန်းသစ်ရောင်းပြီး စစ်ကောင်စီ ငွေရှာဦးမည်

ဦးပိုင်နှင့် တရုတ်ဝမ်ပေါင် ဖက်စပ်ကုမ္ပဏီက ပို့ကုန်ရငွေ ဒေါ်လာသန်း ၁၀၀ ကျော် စာရင်းရှင်းရန် ပျက်ကွက်

Loading