တနင်္သာရီတိုင်း၊ ထားဝယ်- ထီးခီး လမ်းပိုင်းရှိ အချက်အချာကျသည့် ပကာရီ ရဲစခန်းကို ဧပြီ ၂၄ ရက်က ပြည်သူ့ကာကွယ်ရေးတပ် (PDF) များ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး နောက်ပိုင်း စစ်ကောင်စီက ထီးခီးနယ်စပ် ကုန်သွယ်ရေးဂိတ် (မြန်မာဘက်ခြမ်း) ကို ယနေ့မှစ၍ ပိတ်လိုက်ကြောင်း သိရသည်။
ထို့ပြင် ထားဝယ်-ထီးခီး လမ်းပေါ်တွင် အာဏာသိမ်း စစ်ကောင်စီတပ်များ သွားလာလှုပ်ရှားနေခြင်း၊ တပ်အင်အား၊ လက်နက်အင်အား ဖြည့်တင်းခြင်း၊ စားနပ်ရိက္ခာများ သယ်ယူပို့ဆောင်နေခြင်းကြောင့် ပြည်သူ့ကာကွယ်ရေး တပ် များနှင့် အချိန်မရွေး ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလာနိုင်သောကြောင့် ပြည်သူများအနေနှင့် ထားဝယ်-ထီးခီး လမ်းပေါ် တွင် ဖြတ်သန်းသွားလာခြင်း၊ ကူးသန်း ရောင်းဝယ်ခြင်းများကို ယာယီ ရပ်ဆိုင်းထားရန် အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)၊ ထားဝယ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ကလည်း ဧပြီလ ၂၄ ရက်တွင် အသိပေး ထုတ်ပြန်ထားသည်။
ထီးခီး နယ်စပ်ကုန်သွယ်ရေးကို ရုတ်တရက် ပိတ်လိုက်သော်လည်း ပြန်လည် ဖွင့်လှစ်မည့်နေ့ကို ကုန်သည်များသို့ ပြောဆိုခြင်းမျိုး မရှိကြောင်း၊ လက်ရှိတွင် စစ်ကောင်စီ၏ ဌာနဆိုင်ရာ ဝန်ထမ်းများက ဧပြီလ ၂၄ ရက်အထိသာ ကုန် သွယ်မှုကို လက်ခံ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းကို အစည်းဝေးလုပ်ကာ ကြေညာခဲ့သည်ဟု ဒေသခံကုန်သည် များထံက သိရသည်။
လက်ရှိတွင် ထီးခီးနယ်စပ် ကုန်သွယ်ရေး လမ်းကြောင်း ပိတ်ထားသဖြင့် အခြား လမ်းကြောင်းပြောင်း၍ ကုန်စည် တင်ပို့မှုများ လုပ်ဆောင်နေကြရကြောင်း ကုန်သည်များက ဆိုသည်။
တနင်္သာရီတိုင်း ဒေသကြီး ကုန်သည်တဦးက “အခု မနက်တော့ ထီးခီးကို သွားတဲ့ ကြက်သွန်နီကားတွေက မော တောင်ဘက်ကို ပြောင်းပြီး သွားနေတယ်။ အဓိက ဘာဖြစ်လို့လဲဆိုရင် သူတို့ ပြောတာကတော့ လုံခြုံရေးအရပေါ့နော် မောတောင်ဘက်ကို ပြောင်းသွားတယ်။ မနေ့က ကြက်သွန်နီကားတွေကလည်း ထိုင်းဘက်ကို တင်ပို့ဖို့ အများကြီး ရောက်လာကြတယ်ဗျ။ အခု ထီးခီးဘက်ကို ဆက်သွယ်ဖို့ကျတော့လည်း ဖုန်းလိုင်းတွေက အဆင်မပြေ ဖြစ်နေတယ်” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိတွင် ကုန်သည်များက ထီးခီးနယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမှသွား၍ မရသဖြင့် မောတောင်ဘက်သို့ ပြောင်း၍ သွားကြည့်နေခြင်းပြီး ကုန်သွယ်မှု အဆင်ပြေနိုင်၊ မပြေနိုင်ကို လတ်တလော ပြော၍ မရသေးကြောင်း ၎င်းက ပြောသည်။
၎င်းက ဆက်၍ “ကြက်သွန်နီကား ၁၀ စီးမှ ၁၅ စီး ဝန်းကျင် မောတောင်ဘက်ကို တက်သွားတယ်။ ဒီနေ့ သွားတာဆိုတော့ မနက်ဖြန်လောက်တော့ အခြေအနေ သိရမယ်။ ကားအသေးနဲ့ ဆိုရင်တော့ ထားဝယ်ကနေ မောတောင်ကို ၁၀ နာရီလောက် မောင်းရတယ်။ ကုန်ကားအကြီး ပစ္စည်းတွေနဲ့ဆိုတော့ နည်းနည်းတော့ ကြာမယ်။ ဟိုရောက်မှပဲ သေချာပြောလို့ ရမယ်။ အခုကတော့ နယ်မြေ လုံခြုံရေး အခြေအနေနဲ့ ဆိုတော့ ကုန်သွယ်ရေးက ဒီနေ့ အခြေအနေ ဒီနေ့ ပြောလို့ပဲ ရတယ်။ နောက်နေ့ ဘာဖြစ်မလဲဆိုတာ ကြိုပြောလို့ မရသေးဘူး” ဟု ဆိုသည်။
ထိုသို့ ထီးခီးနယ်စပ် ကုန်သွယ်ရေးဂိတ်ကို ကြိုတင် ကြေညာခြင်းမရှိဘဲ စစ်ကောင်စီက ရုတ်တရက် ပိတ်လိုက်ခြင်းမှာ KNDO နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များ စစ်ရေး အရှိန်မြင့်လာသဖြင့် နယ်မြေရှင်းလင်းမှုများ လုပ်ဆောင်ရန် အတွက် ဂိတ်ပိတ်ခြင်း ဖြစ်နိုင်သော်လည်း စစ်ကောင်စီကမူ ကုန်သည်များကို လုံခြုံရေး စိုးရိမ်ရသောကြောင့် ဂိတ်ပိတ် လိုက်ခြင်း ဖြစ်ကြောင်း ဆိုထားသည်။
ထီးခီးနယ်စပ် ကုန်သွယ်ရေး ဂိတ်သည် မြန်မာနိုင်ငံဘက်မှ ထိုင်းနိုင်ငံသို့ ရေထွက်ကုန်ပစ္စည်းများ၊ ကျောက်မီးသွေး၊ ခဲ၊ စိုက်ပျိုးရေး ထွက်ကုန်ပစ္စည်းများနှင့် ကြက်သွန်နီတို့ကို အဓိက တင်ပို့နေပြီး ထိုင်းနိုင်ငံဘက်မှ သွင်းကုန်အနေနှင့် ဒီ ဇယ်ဆီ၊ မီးဖိုချောင်သုံး ဂတ်(စ်)၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ စားသောက်ကုန်များနှင့် စက်နှင့် ဆက်စပ်ပစ္စည်းများကို တင်သွင်းကြောင်း သိရသည်။
နယ်စပ် ကုန်သွယ်ရေး ဂိတ်သည် ယခုနှစ် ဧပြီလ ၁ ရက်မှ ဧပြီလ ၁၅ ရက်အထိ ကုန်သွယ်မှု ပမာဏ အမေရိကန် ဒေါ်လာ ၅၉ ဒသမ ၄၆၀ သန်း ပြုလုပ်ထားပြီး ၂၀၂၁ ခုနှစ် ဧပြီလ ၁ ရက်မှ ၁၅ ရက်အထိ ဒေါ်လာ ၁၁၈ ဒသမ ၅၂၄ သန်း ကုန်သွယ်မှုပြုလုပ်ထား သောကြောင့် ကာလတူနှင့် နှိုင်းယှဉ်လျှင် ဒေါ်လာ ၅၉ ဒသမ ၀၆၄ သန်း ကုန်သွယ်မှု လျော့ကျနေကြောင်း စစ်ကောင်စီ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စာရင်းများအရ သိရသည်။
ထားဝယ်- ထီးခီး နယ်စပ်ကုန်သွယ်ရေး လမ်းတလျှောက်သည် တရားမဝင် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း ၅ ခု လည်း ရှိနေသောကြောင့် လမ်းကြောင်း ပိတ်ပါက ကုန်သွယ်ရေး ထိခိုက်မှုလည်း ရှိနိုင်ကြောင်း ကုန်သည်များထံက သိရသည်။
မြိတ်မြို့နယ် ကုန်သည်တဦးက “ကျနော်တို့ မောတောင်ဘက်မှာလည်း ကုန်သွယ်ရေးက ပိတ်ထားတာဗျ။ ဘယ်လိုလာ မလဲ မသိသေးဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ထားဝယ်- ထီးခီးလမ်းပိုင်းတွင် ပြီးခဲ့သည့် ဇန်ဝါရီလလယ်ပိုင်းမှ စတင်ပြီး စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရမှုများရှိခဲ့ ကာ ထိခိုက်သေဆုံးမှုများလည်း ရှိခဲ့သောကြောင့် နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရန်အတွက် ထီးခီးနယ်စပ်ကုန် သွယ်ရေးကို ရုတ်တရက် ပိတ်ခြင်းလည်း ဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ်ပြောဆိုကြသည်။
တိုက်ပွဲများကြောင့် မြဝတီ-မဲဆောက် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း ပြတ်တောက်ပြီးနောက် ယခု ထိုင်း- မြန်မာ ကုန်သွယ်ရေးတွင် အဓိကကျသည့် ထီးခီးလမ်းကြောင်းလည်း ထပ်မံ ရပ်ဆိုင်းသွားခြင်း ဖြစ်သည်။
You may also like these stories:
တရုတ်ကြေးနီစီမံကိန်းများ ဆက်လုပ်ပါက တိုက်ခိုက်မည်ဟု PDF များ သတိပေး
ငရုတ်သီးတွင် ကိုဗစ်ပိုးပါသည်ဆိုပြီး ပိတ်သဖြင့် မူဆယ်၌ ကုန်ကားရာချီ ပိတ်မိနေ