သတင်း

မန္တလေးတွင် NLD ပါတီဝင်အချို့ ဖမ်းဆီးသတ်ဖြတ်ခံနေရ

မန္တလေးမြို့ပေါ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် အချို့ ကို အမည်မသိ လက်နက်ကိုင် တဖွဲ့က ဖမ်းဆီးသတ်ဖြတ်ပြီး ရုပ်အလောင်းများကို လမ်းဘေးစွန့်ပစ်ထားမှုဖြစ်ပွားခဲ့သည်။

ချမ်းအေးသာစံမြို့နယ်မှ စိန်ဝင်းဝင်း လက်ဖက်ရည်ဆိုင်ပိုင်ရှင် ဦးခင်မောင်သိန်းနှင့် ဇနီးဖြစ်သူ ဒေါ်ခခ၊ ဦးခင်မောင်သိန်း၏ ညီဖြစ်သူ ဦးတင် တို့ကို ယမန်နေ့ညက ဖမ်းဆီးခဲ့ပြီး ယနေ့မနက်ပိုင်းတွင် ရုပ်အလောင်းများကို လမ်းဘေးတွင် ပစ်ချသွားခြင်းဖြစ်ကြောင်း မန္တလေးခရိုင် NLD ပါတီ သတင်းရင်းမြစ်များထံမှ သိရသည်။

စိန်ဝင်းဝင်း လက်ဖက်ရည်ဆိုင်ပိုင်ရှင် ဦးခင်မောင်သိန်းနှင့် ဇနီး ဒေါ်ခခ တို့ ကို ယနေ့မနက် အစောပိုင်းတွင် မန္တလေး ခရိုင် NLD ပါတီရုံးရှေ့တွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဦးခင်မောင်သိန်းမှာ သေနတ်ကျည်ဖောက်ဝင်ရာ၊ ဓားဒဏ်ရာ၊ ဖူးရောင်ဒဏ်ရာများနှင့် သေဆုံးနေပြီး ဇနီးဖြစ်သူမှာလည်း စိုးရိမ်ဒဏ်ရာများဖြင့် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

ဦးခင်မောင်သိန်း၏ ညီဖြစ်သူ ဦးတင် ၏ ရုပ်အလောင်းကိုတော့ ကမ်းနားလမ်း၊ စံပယ်တန်ဖိုးနည်း အိမ်ရာအနီးတွင် သေနတ်ဒဏ်ရာများဖြင့် သေဆုံးလျက် တွေ့ရှိခဲ့ရခြင်းဖြစ်ပြီး သေဆုံးသူများ၏ ကိုယ်ပေါ်တွင် “သွေးသောက်အဖွဲ့ ‘‘ ၊ “အနီရောင်စစ်ဆင်ရေး (MDY)‘‘ ဆိုသည့် လည်ဆွဲကတ်ပြား ထားခဲ့သည်ကိုတွေ့ရသည်။

ဖမ်းဆီး သတ်ဖြတ်ခံရသူများမှာ NLD ပါတီဝင်များဖြစ်ကြောင်း သိရသည်။

မန္တလေးခရိုင် NLD ပါတီဝင် တဦးက “စိန်ဝင်းဝင်း ပိုင်ရှင်လင်မယားကို ညပိုင်း ဖမ်းဆီးပြီး ညှဉ်းပန်းနှိပ်စက်ပြီးမှ အရှေ့မြို့ပတ်လမ်းပေါ်က NLD ရုံးရှေ့မှာ ချထားခဲ့တာ။ ညဘက်ကြီး ချထားခဲ့တဲ့ ပုံစံပဲ။ ဒီနေ့ မနက်ပိုင်းက လူနာတင်ကားက လာခေါ်သွားတယ်လို့ သိရတယ်။ ပိုင်ရှင် အမျိုးသားကတော့ သေဆုံးနေတာ တွေ့တယ်။ အမျိုးသမီးမှာလည်း ဖူးယောင်ဒဏ်ရာတွေနဲ့ စိုးရိမ်ရတဲ့ အခြေအနေ ရှိတယ်လို့ သိရတယ်” ဟု ဧရာဝတီကို ပြောသည်။

စိန်ဝင်းဝင်း လက်ဖက်ရည်ဆိုင် အတွင်းသို့ ဧပြီ ၂၄ ရက် ညဦးပိုင်းက အရပ်ဝတ် လက်နက်ကိုင် လူတစုက သေနတ်တချက် ပစ်ဖောက်ဝင်ရောက်ပြီး ပိုင်ရှင် ဦးခင်မောင်သိန်း၊ ဇနီးဖြစ်သူ ဒေါ်ခခနှင့် ညီဖြစ်သူ ဦးတင် တို့ကို ဖမ်းဆီး ခေါ်ဆောင်သွားခြင်း ဟု သိရသည်။

ထိုသို့ ဖမ်းဆီးသွားပြီးနောက် ယနေ့ နံနက်ပိုင်းတွင် ဦးခင်မောင်သိန်းသည် ထိုးသွင်းဒဏ်ရာ ၁ ချက်၊ ဦးခေါင်း သေနတ် ဒဏ်ရာတို့ဖြင့် သေဆုံးခဲ့ပြီး ရုပ်အလောင်း၌ လက်နှစ်ဖက် ကြိုးတုပ်ထားပြီး မျက်လုံးကိုလည်း အဝတ်စည်းထား ကြောင်း၊ အလားတူ ဇနီးဖြစ်သူ ဒေါ်ခခ သည်လည်း ဦးခေါင်း၊ လည်ပင်းတို့တွင် စိုးရိမ်ရသည့် ဓားဒဏ်ရာများအပြင် ကျည်ဖောက်ဝင် ဒဏ်ရာ ရရှိထားကြောင်း သိရသည်။

‘‘သွေးသောက်အဖွဲ့’’ ဟု အမည်ပေးထားသည့် အဖွဲ့သည် ၎င်းတို့၏ တယ်လီဂရမ် စာမျက်နှာထက်တွင် မနေ့ညက ဖမ်းဆီးခဲ့သူ ၃ ဦး၏ ပုံကိုတင်ကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် NLD ထောက်ပံ့သူများကို ရှင်းလင်းခဲ့ကြောင်း ကြေညာထားသည်ကိုတွေ့ရသည်။

ထိုအဖွဲ့သည် ၎င်းတို့ အနေဖြင့် စစ်တပ်၊ ရဲနှင့် ပျူစောထီးအဖွဲ့များဖြင့် မပတ်သက်ကြောင်း ရေးသားထားသော်လည်း မန္တလေးမြို့ပေါ်က NLD ပါတီဝင်များနှင့် တက်ကြွလှုပ်ရှားသူများကမူ အာဏာသိမ်းမှုအပေါ် ဆန့်ကျင်နေသည့် ပြည်သူများ ကြောက်လန့်စေရေးအတွက် အကြမ်းဖက် သတ်ဖြတ်မှုများဖြင့် တုန့်ပြန်ရန် အာဏာသိမ်း စစ်ကောင်စီက မွေးထုတ်ထားသည့် အဖွဲ့ဖြစ်နိုင်ကြောင်း သုံးသပ်နေကြသည်။

ပြီးခဲ့သည့် ဧပြီ ၁၈ ရက်ကလည်း မန္တလေးခရိုင် NLD ဒုဥက္ကဋ္ဌ၏ ဇနီး ဒေါ်စိုးစိုးကို ဓားစာခံအဖြစ် ရိုက်နှက် ဖမ်းဆီးသွား ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောရေးတွင် သတ်ဖြတ်ပြီး ရုပ်အလောင်း အား မန္တလေးမြို့လယ် ၃၅ လမ်းက ဂေါ်ရာကွင်း(မင်္ဂလာဈေးယာယီဈေးသစ်)အနီး အရံမီးသတ်ရုံး ရှေ့တွင် စွန့်ပစ်ထား သောကြောင့် ရပ်ကွက်မှ သင်္ဂြိုဟ် ပေးခဲ့ရသေးသည်။

You may also like these stories:

တောင်သာတွင် စစ်တပ်နှင့် ပျူစောထီးများ ကျူးလွန်သည့် မုဒိမ်းမှုများ တိုင်ကြားခွင့်မရ

မန်းခရိုင် NLD ဒုဥက္ကဌ၏ဇနီး သတ်ဖြတ်ခံရပြီး အလောင်းပါစွန့်ပစ်ခံရ

Loading