စစ်ကောင်စီက တနိုင်ငံလုံးမှ ၎င်းတို့တပ်များအတွက် အရေးပေါ် သတိပေးချက် ထုတ်ပြန်လိုက်ပြီး ထိုသို့ လုပ်ဆောင်ခြင်းသည် ခုခံရေးတိုက်ခိုက်မှုများအတွက် ပြင်ဆင်နေခြင်းဖြစ်ကြောင်း ပြည်သူ့ဘက်ပြောင်းလာသူများက ပြောသည်။
စစ်ကောင်စီ၏ ထိုသတိပေးချက်ကို ပြီးခဲ့သည့် ဧပြီလ ၁၂ ရက်က ဖုန်းမှတဆင့် တနိုင်ငံလုံးသို့ ထုတ်ပြန်ခဲ့ကြောင်း ခုခံရေးအင်အားစုများနှင့် ပူးပေါင်းလိုက်သော ဗိုလ်ကြီးဟောင်း လင်းထက်အောင်က ဧရာဝတီ သတင်းဌာနသို့ ပြောသည်။
ပုံမှန်အားဖြင့် စစ်တပ်သည် အမိန့်များကို ထုတ်ပြန်ရာတွင် လျှို့ဝှက်ကြေးနန်းဖြင့်သာ ထုတ်ပြန်လေ့ရှိကြောင်း သူက ပြောသည်။
ထိုအမိန့်တွင် တပ်များလှုပ်ရှားမှုကို ကန့်သတ်လိုက်ပြီး တိုက်ခိုက်မှုများအတွက် အသင့်ပြင်ထားရန် ညွှန်ကြားကြောင်း သိရသည်။
စစ်ကောင်စီတပ်များသည် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ကဲ့သို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့်အတူ တိုက်ပွဲဝင်နေသည့် ခုခံရေးအင်အားစုများနှင့် တိုက်ပွဲများ ပြင်းထန်သောကြောင့် ထိခိုက်သေဆုံးမှု အများအပြား ခံစားနေရပြီး အထူးသဖြင့် စစ်ကိုင်းတိုင်း၊ ကရင်နှင့် ကယားပြည်နယ်များတွင် အထိနာနေသည်။
KNLA နှင့် မဟာမိတ်များနှင့် ဧပြီလ ပထမ နှစ်ပတ်အတွင်း ဖြစ်ပွားသည့် တိုက်ပွဲ ၂၀၀ ကျော်တွင် စစ်ကောင်စီတပ်မှ စစ်သား ၁၆၀ ကျော်သေဆုံးကြောင်း ထိုအဖွဲ့ကကြေညာသည်။
စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ၎င်းတို့သည် စစ်ကောင်စီတပ်များကို ထိုးစစ်ဆင်ရန် ပြင်ဆင်နေကြောင်း ယခုလအတွင်းက ကြေညာထားသည်။ စင်ပြိုင်အစိုးရ၏ ပြည်သူ့ကာကွယ်ရေး တပ်များကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ တပ်မှူးများက ဦးဆောင်နေသည်။
ထိုသို့ စစ်ကောင်စီက သတိပေးချက် ထုတ်ပြန်ခြင်းသည် ရှေ့တန်းတပ်များကို အင်အားဖြည့်တင်းရန် ပြင်ဆင်ခြင်းဖြစ်ကြောင်း ပြည်သူ့ဘက်သို့ ကူးပြောင်းလာသူ အခြားတဦး ဖြစ်သည့် ဗိုလ်ကြီး ညီသုတ ပြောသည်။
“ဒီအမိန့်က တပ်မှူးတွေကနေ တပ်သားအဆင့်အထိနဲ့ သက်ဆိုင်တယ်။ သူတို့တွေ အချိန်ပြည့် အသင့်ပြင်ထားရမယ်” ဟု သူကပြောသည်။
ထိုအမိန့်တွင် အချိန်ကန့်သတ်ချက် မပါသောကြောင့် ထူးခြားကြောင်း အထက်ပါ CDM လာသည့် ဗိုလ်ကြီးဟောင်း နှစ်ဦးလုံးက ပြောသည်။
ထိုသို့သော သတိပေးမှုများကို ပုံမှန်အားဖြင့် မတ်လ တော်လှန်ရေးနေ့နှင့် တပ်မှူးများ သုံးလပတ် အစည်းအဝေး မတိုင်မီ တပတ်အလိုတွင် ထုတ်ပြန်လေ့ရှိကြောင်း ၎င်းတို့က ပြောသည်။
ထိုသို့ လှုပ်ရှားမှုမျိုး မရှိဘဲ ရုတ်တရက် သတိပေးချက် ထုတ်ပြန်သောကြောင့် ထူးခြားကြောင်းလည်း ၎င်းတို့က ပြောသည်။
ထိုသတိပေးချက်က လက်နက်ကိုင်တပ်များ ခံစစ်အတွက် ပြင်ဆင်ထားရန်နှင့် တိုက်ခိုက်မှု ဖြစ်လာလိမ့်မည်ဟု မျှော်လင့်ထားရန် ညွှန်ကြားသည်။
“တိုက်ခိုက်မယ့် အစီအစဉ်ကို တုံ့ပြန်ဖို့နဲ့ ကြိုတင်ပြင်ဆင်ဖို့ အချိန်ရအောင် စစ်ကောင်စီက လုပ်နေတာ ဖြစ်ပုံရတယ်” ဟု ဗိုလ်ကြီးဟောင်း ညီသုတက ပြောသည်။
စစ်ကောင်စီ ခေါင်းဆောင်က ခုခံရေးအင်အားစုများကို ချေမှုန်းမည်ဟု ပြောဆိုနေသော်လည်း ထိုသတိပေးချက်သည် စစ်ကောင်စီ၏ အားနည်းချက်ကို ပြနေကြောင်း ဗိုလ်ကြီးဟောင်း လင်းထက်အောင်ကလည်း ပြောသည်။
“သူတို့ကိုယ် သူတို့ ခုခံကာကွယ်ဖို့ လုပ်တာ သက်သက်ပဲ။ ခုခံရေးအင်အားစုကို ချေမှုန်းဖို့က နောက်မှလာနိုင်တယ်” ဟု သူက ပြောသည်။
တပြိုင်တည်းတွင် စစ်အာဏာသိမ်းခေါင်းဆောင်သည် တိုင်းရင်းသားလက်နက်ကိုင်တပ်များအား “ငြိမ်းချမ်းရေး” ဆွေးနွေးရန် လူကိုယ်တိုင်တွေ့မည်ဟု ပြောဆိုဖိတ်ကြားနေသည်။
You may also like these stories:
အာဏာသိမ်းခေါင်းဆောင်၏ ဖိတ်ခေါ်ချက် ဘယ်သူတွေတက်မှာလဲ
စစ်ကောင်စီ လက်နက်စက်ရုံတွေကြားက ပြည်သူ့တော်လှန်ရေးတပ်များ
ကျောက်တန်း PDF အဖွဲ့ဝင်တဦး ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခံရ
နိုင်ငံသားအဖြစ်မှ ရပ်စဲခြင်းဖြင့် တော်လှန်စိတ်ကို ရပ်၍မရ
တပ်တွင်းမပြိုကွဲရေး အာရုံစိုက်နေရသည့် စစ်ခေါင်းဆောင်များ