စစ်ကိုင်းတိုင်း ဝန်းသိုမြို့နယ်တွင် စစ်ကောင်စီတပ်များက ဧပြီလ ၂၃နှင့် ၂၄ ရက် နှစ်ရက်အတွင်း ကျေးရွာ ၉ ရွာ မီးရှို့ခဲ့ပြီး သံဃာတပါးနှင့် ဒေသခံနှစ်ဦးကို သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။
မီးရှို့ခံရသည့် ကျေးရွာများမှာ စိန်လည်၊ သပြေသာ၊ ရှမ်းစု၊ ဥသျှစ်ခုံ၊ ကျောက်ပေါက်ခုံ၊ အလယ်ခုံ၊ အောင်းကုန်း၊ ရွှေတောင် ကုန်း၊ ကျိုင်းခွင်ကျေးရွာများဖြစ်ပြီး စိန်လည်၊ သပြေသာ၊ အောင်းကုန်း၊ ရှမ်းစု ကျေးရွာများမှာ မီးလောင် ပြာကျခဲ့ကြ ကြောင်း သိရသည်။
“ဝန်းသိုနဲ့ ကောလင်းနယ်ထဲမှာ သူတို့ သေတာများတော့ ရွာတွေကို မီးရှို့ ဖျက်ဆီးနေတာ။ အခုက ကျနော်တို့မှာ ကိုယ့် အိမ်ကိုယ့်ယာကို မီးရှို့နေတာ သိသိကြီးနဲ့ ထိုင်ကြည့်နေရတဲ့ ဘ၀တွေ။ ခွေးတွေ မရှိတော့မှ ပြန်ဝင်ရဲကြတာဆိုတော့ ပြာကျပြီး ဘာမှ မကျန်တော့တဲ့ အဖြစ်တွေပါ” ဟု စိန်လည် ကျေးရွာဒေသခံ တဦးက ပြောသည်။
အင်အား ၈၀ ခန့် ပါသော ဝန်းသိုအခြေစိုက် ခမရ ၁၁၁ တပ်သည့် ဝန်းသိုနယ်အတွင်းသို့ စစ်ကြောင်းထိုးနေရာ အောင်း ကုန်း၊ ဥသျှစ်ခုံ၊ သပြေသာ၊ စိန်လည်၊ ရှမ်းစု၊ ကျိုင်းခွင်ကျေးရွာများဘက်သို့ ရောက်ရှိလာပြီးနောက် ဧပြီ ၂၃ ရက် ညပိုင်းတွင် စိန်လည်ကျေးရွာအနီး၌ စစ်ကောင်စီတပ်နှင့် ဒေသပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ် ကောင်စီ တပ်သား ၅ ဦး သေဆုံးခဲ့ကြောင်း Wuntho Revolution က သတင်း ထုတ်ပြန်ထားသည်။
ထိုသို့ တိုက်ပွဲဖြစ်ပွားပြီးနောက် ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် ဝင်ရောက်ပြီးနောက် ရွာစဉ်ဆက်၍ မီးရှို့နေခြင်းဟု သိရသည်။
Wuntho Revolution အဖွဲ့ဝင်တဦးက “မနက်အစောပိုင်း စိန်လည်ရွာနားမှာ တိုက်ပွဲဖြစ်တယ်၊ ပြီးတော့ ရွာတွေကို လက် နက်ကြီးတွေနဲ့ထု ဝင်စီးပြီး မီးတိုက်သွားတာပဲ။ ရွာသားတွေကတော့ လွတ်ရာကို ရှောင်နေကြရတာပေါ့၊ အဲဒီမှာ ကံဆိုးစွာပဲ စိန်လည်က အမျိုးသမီးတဦးကတော့ မီးထဲ ပါသွားတယ်။ သပြေသာရွာမှာ သီတင်းသုံးနေတဲ့ ဘုန်းကြီးက မီးမရှို့ဖို့ တား တာကို ပစ်သတ်သွားတယ်။ အဲဒီရွာကပဲ အမျိုးသမီးတဦးကိုလည်း ပစ်သတ်သွားသေးတယ်” ဟု ဧရာဝတီကို ပြောသည်။
ထို့ပြင် ကျိုင်းခွင်ကျေးရွာမှ ဦးမြင့်ဝေနှင့် စိန်လည်ကျေးရွာမှ ဦးထွန်းနိုင်၊ အောင်းကုန်းကျေးရွာမှ အမျိုးသား ၂ ဦးကိုလည်း လူသားဒိုင်းအဖြစ် အသုံးပြုရန် ဖမ်းဆီးခေါ်ဆောင်သွားပြီး ယနေ့အထိ ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးဟု သိရ သည်။
ထိုသို့ ကျေးရွာ ၉ ရွာအား မီးရှို့ခဲ့သော်လည်း မီးလောင် ဆုံးရှုံးသွားသည့် နေအိမ်အရေအတွက်ကိုမူ လတ်တလော မသိရသေးကြောင်း၊ အချို့ ကျေးရွာများအတွင်း၌ အစောင့်အဖြစ် ကျန်ရစ်ခဲ့ကြသော ဒေသခံပြည်သူအချို့ ပိတ်မိနေခြင်းများ ရှိနေသလို ယင်းကျေးရွာများမှ ဒေသခံ ၁ သောင်းကျော်ထိ စစ်ဘေးရှောင်နေရကြောင်း ဒေသခံများထံက သိရသည်။
“စိန်လည်ရွာကနေ စပြီး မီးရှို့လာလိုက်တာ အဲဒီကနေ သပြေသာ၊ ရှမ်းစု ရွာစဉ် ဆက်ပြီး မီးရှို့ခဲ့တာ၊ အချို့နေရာတွေက ဖုန်း လိုင်းတောင် မမိတော့ဘူး။ အင်တာနက်လိုင်းကတော့ မရတာ ကြာပြီ။ မီးလောင်ဆုံးရှုံးတဲ့ စာရင်းအတိအကျတော့ မသိရ သေးဘူး၊ လက်ရှိမှာတော့ နေစရာအိမ်မှ မရှိတော့ ဖြစ်သလိုပဲ နေနေရတယ်။ အချို့က အခြားရွာတွေက ဆွေမျိုးတွေ အိမ် မှာ ကပ်နေကြတယ်။ အချို့ကတော့ လယ်တွေထဲမှာ တဲထိုးပြီး နေတယ်၊ တချို့ကလည်း လယ်ထဲမှာပဲ စုပြုံပြီး နေနေကြ တယ်” ဟု စစ်ဘေးရှောင်များအား ကူညီနေသူတဦးက ပြောသည်။
ယနေ့ ဧပြီ ၂၅ ရက်တွင်လည်း ဝန်းသိုမြို့နယ်ရှိ အလုံတောင်အနီးတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေပြီး နှစ်ဖက် အထိအခိုက် အကျအဆုံးကို မသိရသေးပေ။
ထို့အတူ ကောလင်းမြို့အရှေ့ဘက်သို့ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးလာပြီး လက်နက်ကြီးများ ပစ်ခတ်နေသဖြင့် တဇူး၊ တောင်မော်၊ အင်ပင်သာ၊ မြေနီကျေးရွာများမှ ဒေသခံများလည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
ယခုအခါ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်အစပ် ကျေးရွာများအနီးတွင် စစ်ကောင်စီတပ်နှင့် ဒေသပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့ တိုက်ပွဲများ ဖြစ်ပွားနေပြီး ဧပြီလ၂၁ ရက်က ဂျိုတောင်ကျေးရွာအနီး တိုက်ပွဲတွင် စစ်ကောင်စီတပ်က ထိခိုက် သေဆုံးမှု များပြားခဲ့သဖြင့် ဝန်းသို၊ ကောလင်းနယ်မှ ကျေးရွာများအား မီးရှို့နေခြင်းဟုလည်း ဒေသခံများက ပြောသည်။
ထိုသို့ အခြေအနေများကြောင့် ကောလင်း၊ ဝန်းသိုမြို့နယ်တွင် စစ်ဘေးရှောင်နေရသည့် ကျေးရွာပေါင်း ၄၀ ကျော်၊ အိုးအိမ် စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေရသော စစ်ရှောင်၊ မီးဘေးသင့်ပြည်သူ ၃ သောင်းခန့် ရှိနေကြောင်း သိရသည်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်များက ကျေးရွာများအား မီးရှို့နေမှုကြောင့် နေအိမ်ဆုံးရှုံးရမှုများကို မှတ်တမ်းပြုစု ထုတ်ပြန်ပေးနေသည့် Data For Myanmar အဖွဲ့၏ စာရင်းများအရ ဧပြီ လ ၁၃ ရက်အထိ နေရာပေါင်း ၂၅၄ နေရာမှ နေအိမ်ပေါင်း နေအိမ် ၉၁၈၇ လုံး မီးလောင် ဆုံးရှုံးခဲ့ရကြောင်း သိရသည်။
You may also like these stories:
တောင်သာတွင် စစ်တပ်နှင့် ပျူစောထီးများ ကျူးလွန်သည့် မုဒိမ်းမှုများ တိုင်ကြားခွင့်မရ
တိုက်ပွဲကြောင့် ထိုင်း-မြန်မာ နယ်စပ် ထီးခီးကုန်သွယ်ရေးဂိတ် ယာယီပိတ်လိုက်ရ