သတင်း

စစ်ကောင်စီကို ပြန်တိုက်ရန် ဗိုလ်စလုံးဦးဆောင်သည့် DKBA ၃၀၀ ခန့် KNDO နှင့် ပူးပေါင်း

အာဏာသိမ်း စစ်ကောင်စီကို အတူတကွ တိုက်ရန်ဟုဆိုကာ ဒီမိုကရေစီ အကျိုးပြု ကရင့် တပ်မတော် (DKBA) မှ ဗိုလ်မှူး ဗိုလ်စလုံး ဦးဆောင်သည့် တပ်ဖွဲ့ဝင် အင်အား ၃၀၀ ခန့်သည် လက်နက်ပစ္စည်း အပြည့်အစုံဖြင့် ကရင် အမျိုး သား ကာကွယ်ရေးတပ်ဖွဲ့ (KNDO) ထံ ဧပြီလ ၂၅ ရက်တွင် ပူးပေါင်းလာကြောင်း KNDO ခေါင်းဆောင် ဗိုလ်မှူးချုပ် စောနယ်ဒါးမြက ဧရာဝတီကို ပြောသည်။

ဗိုလ်မှူးချုပ် စောနယ်ဒါးမြက “အရင်တုန်းက သူတို့က DKBA ကလို့ထူးဘောပေါ့။ အခုကတော့ သူတို့ ပြန်လာပြီ။ KNDO အထဲမှာလည်း သူတို့ ပြန်ပေါင်းပြီပေါ့။ အခုဆို သူတို့ တံဆိပ်တွေလည်း လဲပြီးပြီပေါ့။ KNDO တံဆိပ်တွေပေါ့။ သူတို့ ပြောတာက အခုက ရန်သူကို အတူတူ လက်တွဲ တိုက်ဖို့ လိုတယ်။ အခုကတော့ အချိန်တိုင်ပြီလေ။ ကျနော်တို့ ကရင်အဖွဲ့ အစည်းတွေ အားလုံးလက်တွဲပြီးတော့ ညီညီညွတ်ညွတ် ရန်သူကို တိုက်ဖို့ အချိန်ကတော့ ရောက်နေပြီလို့ ပြောပါတယ်။ ရည်မှန်း ချက်ကတော့ စစ်ကောင်စီကို သူတို့ အပြတ် ဖြိုဖို့ပဲ” ဟု ဆိုသည်။

ပူးပေါင်းလာသည့် DKBA တပ်ဖွဲ့ဝင်များကို KNDO ၏ ကွန်မန်ဒို တပ်ရင်း ၁ အနေနှင့် ရပ်တည်လှုပ်ရှားစေမည် ဖြစ်ပြီး ယခုကဲ့သို့ DKBA တပ်ဖွဲ့ဝင်များ ပူးပေါင်းလာသည့်အပေါ် ဝမ်းသာ ကြိုဆိုကြောင်း ဗိုလ်မှူးချုပ် စောနယ်ဒါးမြက မှတ် ချက်ပေးသည်။

ဧပြီလ ၂၆ ရက်နေ့ ရက်စွဲဖြင့် KNDO ထောက်ခံသူအချို့ You Tube စာမျက်နှာ၌ တင်လာသည့် ရုပ်သံ ဗွီဒီယိုတွင် လည်း တောတွင်းတနေရာ၌ ဗိုလ်စလုံး ဦးဆောင်သည့် DKBA တပ်ဖွဲ့ဝင် ရာဂဏန်းခန့်ကို ဗိုလ်မှူးချုပ် စောနယ်ဒါးမြက ဦးဆောင်ကာ ကြိုဆို လက်ခံနေကြောင်း တွေ့ရသည်။

အဆိုပါ ရုပ်သံတွင် ဗိုလ်စလုံးက ၎င်း၏ တပ်သားများအား KNDO ထံသို့ ပူးပေါင်းလာရသည့် အကြောင်းအရင်းကို ရှင်းလင်း ပြောကြားနေသည်။

ဗိုလျစလုံးက “ငါကတော့ အာဏာရှင်ကို တိုက်ချင်တယ်။ မင်းတို့ တိုက်ချင်လား။ DKBA လက်အောက်မှာ မင်းတို့ တိုက်လို့ရလား။ ငါတို့က ပြည်သူလူထုကို ချစ်တယ်။ ပြည်သူလူထုကို ကာကွယ်တယ်။ ဒါပေမယ့် ငါတို့ လူကြီးတွေက ငါတို့ အနောက် ကို ပိတ်တယ်။ ဒါကြောင့် ငါတို့ KNDO ကရင်တို့ရဲ့ မိဘ အဖူးနယ်ဒါးမြဆီကို နေရာပြန်ရွေးပြီးတော့ အဖေ၊ အမေဆီကို ပြန်လာတယ်။ ရလား။ ဒီကနေ့မှာ အဲဒီ (DKBA) ဘက်တံဆိပ်က အပုပ်နံတယ်။ ပြည်သူလူထုလည်း မကြိုက်ဘူး။ ငါတို့လည်း ပြည်သူလူထု ထမင်းစားတယ်။ ပြည်သူလူထု အလိုကို လိုက်ရမယ်။ ဒီကနေ့ ကျနော်တို့ရဲ့ DKBA ရာထူး တွေကို အဖူးလက်ထဲ အပ်လိုက်မယ်။ ကျနော်တို့ DKBA မဟုတ်တော့ဘူး။ KNDO ဖြစ်သွားပြီ” ဟု ပြောဆို ထားသည်။

KNDO သို့ ပူးပေါင်းလာသည့် ဗိုလျစလုံးဦးဆောငျသညျ့ DKBA အဖွဲ့ဝင်များ (ဓာတ်ပုံ- KNDO)

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၄ ရက်ကလည်း အာဏာသိမ်း စစ်ကောင်စီတပ်သည် ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဖလူးလေးရွာရှိ ဗိုလ်မှူး ဗိုလ်စလုံး၏ DKBA လုံခြုံရေး စခန်းငယ်ကို စစ်ရဟတ်ယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ အမြောက်ဖြင့် ပစ်ခတ်ခြင်းနှင့် ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) ပါဝင်သည့် ပူးပေါင်း တပ်အင်အားများဖြင့် တိုက်ခိုက်သိမ်းယူခြင်း ပြုလုပ်ခဲ့သည်။

ဗိုလ်စလုံး စခန်းကို သိမ်းယူစဉ်တွင် စစ်ကောင်စီတပ်သည် ဖမ်းဆီးရမိသည့် ပြည်သူ့ ကာကွယ်ရေးတပ် (PDF) အဖွဲ့ဝင် လူငယ် ၄ ဦးကို သတ်ဖြတ်ကာ သောင်ရင်းမြစ်ထဲ စွန့်ပစ်ခဲ့ပြီး လူငယ် ၈ ဦးကို ထိန်းသိမ်းခဲ့ကြောင်း PDF နှင့် နီးစပ် သည့် သတင်းရင်းမြစ်များက ပြောသည်။

ထိုသို့ စစ်ကောင်စီတပ်၏ တိုက်ခိုက်မှု ခံလာရပြီးနောက်တွင် ဗိုလ်မှူး ဗိုလ်စလုံး ဦးဆောင်သည့် DKBA တပ်ဖွဲ့ဝင် ၃၀၀ ခန့်သည် KNDO ထံ ဘက်ပြောင်း ပူးပေါင်းလာခြင်း ဖြစ်သည်။

မတ်လ အတွင်းကလည်း ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့်ပူးပေါင်းကာ စစ်ကောင်စီ၏ မြဝတီမြို့နယ်ရှိ မော်ခီးစခန်း တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သည့် DKBA တပ်မှူး ၃ ဦးကို DKBA ဌာနချုပ်က ထုတ်ပယ်ပစ်ခဲ့သည်။

DKBA ဌာနချုပ်က မတ် ၂၄ ရက် ရက်စွဲဖြင့် ထုတ်ပြန်သည့်စာအရ ထုတ်ပယ်ခံရသည့် တပ်မှူးများမှာ အမှတ် (၉၀၈) တပ်ရင်းမှ ဒုတိယ ဗိုလ်မှူးကြီး စောဖူးခလဲ့၊ ကလို့ထူးဘော ဗဟိုစစ်ကွပ်ကဲရေး လုံခြုံရေးတပ်ရင်းမှ ဒုတိယ ဗိုလ်မှူးကြီး စောဝေကလယ်မူးနှင့် ဗိုလ်မှူး စောကော် အဲ့ဒိုတို့ ဖြစ်ကြောင်း သိရသည်။

KNDO သို့ ပူးပေါင်းလာသည့် ဗိုလျစလုံးဦးဆောငျသညျ့ DKBA အဖွဲ့ဝင်များ (ဓာတ်ပုံ- KNDO)

လက်ရှိတွင် KNDO တပ်များနှင့် စစ်ကောင်စီတပ်များအကြား ကရင်ပြည်နယ်တွင် စစ်ရေး တင်းမာနေပြီး အချိန်မရွေး တိုက်ပွဲဖြစ်နိုင်သည့် အခြေအနေ ရှိနေကြောင်း KNDO ထံမှ သိရသည်။

KNDO ခေါင်းဆောင် ဗိုလ်မှူးချုပ် စောနယ်ဒါးမြက “အခုကတော့ သူတို့ (စစ်ကောင်စီတပ်) က မဆုတ်ရင်တော့ စစ် ရေး တင်းမာမှုက ရှိမှာပဲ။ ကျနော်တို့ နယ်မြေထဲက ရန်သူစခန်းတွေကတော့ ပြန်ဆုတ်ရမယ်။ သူတို့ ပြန်မဆုတ်ရင် တော့ ကျနော်တို့က တာဝန် မယူတော့ဘူး။ အခုကတော့ သူတို့ မဆုတ်ရင်တော့ တိုက်ပွဲတွေက ရှိလာမှာပဲ” ဟု ဧရာဝတီသို့ ပြောသည်။

ဧပြီလ၂၅ ရက်တွင် KNDO တပ်ရင်း- ၄ က ကရင်အမျိုးသား အစည်းအရုံး (KNU) နယ်မြေ တောင်ငူခရိုင် အတွင်းရှိ ကျီးချောင်း စစ်စခန်းနှင့် ၄၈ မိုင် ကိုးဒေး စစ်စခန်းများ ၁၅ ရက်အတွင်း ရုပ်သိမ်း ထွက်ခွာသွားကြရန် သတိပေးထားပြီး သတ်မှတ်ရက်ထက် ကျော်လွန်ကာ ဆက်လက် တပ်စွဲနေပါက နောက်ဆက်တွဲ ကိစ္စရပ်များအား တာဝန်ယူမည် မဟုတ်ကြောင်းလည်း ပြောထားသည်။

KNDO အနေဖြင့် ယခုကဲ့သို့ စစ်ကောင်စီ တပ်စခန်းများအား ရုပ်သိမ်း ထွက်ခွားရန် သတိပေးမှုမှာ ဒုတိယအကြိမ် ဖြစ်ပြီး ပြီးခဲ့သည့် ဧပြီ ၂၀ ရက်ကလည်း KNU တပ် မဟာ-၁ နယ်မြေရှိ လေးကေစစ်စခန်းနှင့် ဝင်းတာပန် စစ်စခန်း များအား ၃ ရက်အတွင်း ဆုတ်ခွာသွားကြရန် KNDO တပ်ရင်း-၂ က သတိပေးသော်လည်း ဆုတ်ခွာခြင်း မရှိသည့် အတွက် ယင်းညနေ ၆ နာရီခန့်တွင် ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)၊ KNDO ပူးပေါင်း တပ်များက ဘီးလင်းမြို့နယ်အတွင်း တည်ရှိသည့် လေးကေ စစ်စခန်းအား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

You may also like these stories:

စစ်ကောင်စီက တပ်တွင်း အရေးပေါ် သတိပေးချက် ထုတ်ပြန်ထား

တိုက်ပွဲကြောင့် ထိုင်း-မြန်မာ နယ်စပ် ထီးခီးကုန်သွယ်ရေးဂိတ် ယာယီပိတ်လိုက်ရ

အာဏာသိမ်းခေါင်းဆောင်၏ ဖိတ်ခေါ်ချက် ဘယ်သူတွေတက်မှာလဲ

Loading