စစ်တပ်နှင့် ဆက်ပေါင်းပါက တရုတ်စီမံကိန်းများ တိုက်ခိုက်ခံရနိုင်ဟု သမ္မတ ရှီကျင့်ဖျင်ထံ စာပို့
အာဏာသိမ်း စစ်ကောင်စီနှင့် ဆက်လက် ပူးပေါင်းနေပါက ပြည်တွင်းရှိ တရုတ်စီးပွားရေး လုပ်ငန်းများ တိုက်ခိုက် ခံရနိုင်ကြောင်း မြန်မာ အရပ်ဘက်အဖွဲ့အစည်းပေါင်း ၅၀၀ ကျော်က တရုတ်သမ္မတ ရှီကျင့်ဖျင်ထံ အိတ်ဖွင့်ပေးစာ ပေးပို့လိုက်သည်။
ဧပြီလ၂၅ ရက် ရက်စွဲဖြင့် မြန်မာနိုင်ငံ အရပ်ဘက် အဖွဲ့အစည်းများ၊ သပိတ်စစ်ကြောင်းများ၊ ပညာရှင်များ၊ နိုင်ငံရေး ပါတီများ၊ အလုပ်သမားသမဂ္ဂများနှင့် ရွေးကောက်ခံ ပြည်သူ့ ကိုယ်စားလှယ် အစုအဖွဲ့များ ပါဝင်သည့် အဖွဲ့အစည်း ပေါင်း ၅၅၈ ဖွဲ့က ထိုသို့ အိတ်ဖွင့်ပေးစာပေးပို့ခဲ့ခြင်း ဖြစ်သည်။
မည်သည့်နိုင်ငံမှ ဖြစ်စေ အသစ်ရောက်လာသော စီမံကိန်းများအားလုံးကို ပြည်သူ့ကာကွယ်ရေးတပ် (PDF) များက ပစ်မှတ်ထားနိုင်သောကြောင့် တရုတ်အစိုးရအတွက် ကြီးမားသည့် ဆုံးရှုံးမှုများ ဖြစ်လာနိုင်သည်ကို စိုးရိမ်မိကြောင်း မြန်မာအဖွဲ့အစည်းများက အိတ်ဖွင့်ပေးစာတွင် ဆိုထားသည်။
မြန်မာအဖွဲ့အစည်းများ အနေနှင့် ပြည်တွင်းစစ် အလွန်ကာလ မြန်မာစစ်တပ် ရှုံးနိမ့်ပြီး စစ်တန်းလျား ပြန်ရောက် သည့်အခါမှသာ တရုတ်နိုင်ငံကို မြန်မာနိုင်ငံ ပြန်လည် တည်ဆောက်ရေးတွင် အဓိက ဇာတ်ကောင်အဖြစ် ပါဝင်ရန် ကြိုဆိုကြောင်း အိတ်ဖွင့်ပေးစာတွင် ပါရှိသည်။
အယင်းအပြင် တရုတ်နိုင်ငံအနေနှင့် မြန်မာစစ်တပ်အား ကူညီထောက်ပံ့နေခြင်းများကို ရပ်တန့်ပြီး အဆိုပါ အကူအညီ များကို မြန်မာနိုင်ငံမြောက်ပိုင်းရှိ တိုင်းရင်းသား လက်နက်ကိုင်များအား ပံ့ပိုးရန်လည်း မြန်မာအဖွဲ့အစည်းများက တောင်းဆိုထားသည်။
မြန်မာစစ်တပ်သည် တရုတ်နိုင်ငံ၏ အထောက်အပံ့များကို ပြည်သူများအား အကြမ်းဖက် ဖိနှိပ်ရာတွင် လက်နက် အဖြစ် အသုံးပြုခြင်း ဆောင်ရွက်နိုင်သဖြင့် တရုတ်နိုင်ငံသည် စစ်ရာဇဝတ် ကျူးလွန်မှုတွင် ကြံရာပါဖြစ်နိုင်ကြောင်း မြန်မာ အဖွဲ့အစည်းများက သတိပေးသည်။
အဆိုပါ အိတ်ဖွင့်ပေးစာကို တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ တရုတ်သံရုံးအပါအဝင် ရုံး ဌာနအဖွဲ့အစည်းများမှတဆင့် ပေးပို့ခဲ့ကြောင်း စာပေးပို့သည့် အဖွဲ့အစည်းများထံမှ သိရသည်။
တရုတ်သမ္မတထံ စာပေးပို့ရာတွင် ပါဝင်သည့် အဖွဲ့အစည်းတခုဖြစ်သော သွေးစွန်းငွေ ဖြတ်တောက်ရေးလှုပ်ရှားမှု အင် အားစုမှ ကိုရဲကလည်း တရုတ်နိုင်ငံအနေနှင့် မြန်မာ့အရေးတွင် ပြတ်ပြတ်သားသား ရပ်တည်စေလိုသဖြင့် ယခုကဲ့သို့ တောင်းဆိုရခြင်းဖြစ်ကြောင်း ပြောသည်။
“တရုတ်က သံတမန်ရေးအရသော်လည်းကောင်း ငွေကြေးအရသော်လည်းကောင်း စီးပွားရေးအရသော်လည်းကောင်း
ဆက်လက် ထောက်ပံ့နေမယ်ဆိုရင်တော်လှန်ရေး ပိုကြာမယ်။ တရုတ်က ပြတ်ပြတ် ဖြတ်ဖို့လိုတယ်။ တောင်းဆိုချင် တာက ပြည်သူဘက်က ရပ်ရင် ရပ်။ မရပ်ရင် ရှင်းရှင်းလင်းလင်း ကြားထဲကနေ နေ။ အဲဒီလိုနေမှ တရုတ်အစိုးရ အတွက် အလားအလာကောင်းမယ် ပြောချင်တယ်” ဟု ၎င်းက ဆိုသည်။
မန္တလေးမြို့မှ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူလည်းဖြစ်၊ ယုံကြည်ရာ အသိပညာပြန့်ပွားရေးအသင်း တည် ထောင်သူလည်းဖြစ်သည့် ကိုတေဇာစန်းကလည်း တရုတ်အစိုးရသည် အာဏာသိမ်း စစ်တပ် အာဏာတည်မြဲရေး အတွက် နောက်ကွယ်က ပံ့ပိုးပေးနေကြောင်း ပြောသည်။
“ဦးဝဏ္ဏမောင်လွင်ကို တရုတ်နိုင်ငံ ဖိတ်ပြီးတော့ အစိုးရတာဝန်ရှိသူတွေ တွေ့ခဲ့တယ်ဆိုတာ ထင်ထင်ရှားရှား သိရှိပြီး ဖြစ်တယ်။ ဒီလိုမျိုး တရုတ်အစိုးရကစစ်အုပ်စုကိုသိသိသာသာရော မသိမသာရော ထောက်ခံပံ့ပိုးနေတဲ့ လုပ်ရပ်ကို လုံး ဝ ပြစ်တင် ရှုတ်ချပါတယ်။ မြန်မာပြည်သူတွေရဲ့ သဘောထားဆန္ဒကို အလေးထားဖို့ လိုပါတယ်။ အကြမ်းဖက် အာ ဏာသိမ်း ဖက်ဆစ် ရာဇဝတ်ကောင်တွေကို ပြတ်ပြတ်သားသား ဆန့်ကျင်ဖို့ ပံ့ပိုးနေတာကို အမြန်ဆုံး ရပ်တန်းက ရပ်ဖို့ သတင်းစကား ပါးလိုပါတယ်” ဟု ၎င်းက ပြောကြားသည်။
တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိသည် ပြီးခဲ့သည့် မတ်လကုန်ပိုင်းက မြန်မာစစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို တရုတ်နိုင်ငံသို့ ဖိတ်ခေါ်ကာ ၎င်းနှင့် အဆင့်တူအဖြစ် သတ်မှတ်၍ တွေ့ဆုံဆွေးနွေးခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် နှစ်နိုင်ငံ စီးပွားရေး စီမံကိန်းတွေ ဆက်လက် အကောင်အထည် ဖော်ရန် ဆွေးနွေးခဲ့ပြီး စစ် ကောင်စီကို တရုတ်ယွမ်ငွေ သန်း ၆၅၀ ထောက်ပံ့ ကူညီသွားရန် သဘောတူခဲ့သည်။
ထိုသို့ မစ္စတာဝမ်ယိက ဦးဝဏ္ဏမောင်လွင်ကို တွေ့ဆုံခဲ့မှုသည် မြန်မာပြည်သူများကို ဒေါသထွက်စေပြီး မလျော်ကန် သည့် လုပ်ရပ်ဖြစ်ကြောင်း မြန်မာအဖွဲ့အစည်းများက အိတ်ဖွင့်ပေးစာတွင် ထောက်ပြထားသည်။
အလားတူ ပြီးခဲ့သည့် ဧပြီလ ၁၉ ရက်ကလည်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် မစ္စတာချန်ဟိုင်က စစ်ကောင်စီ လက်အောက်ခံ ရွေးကောက်ပွဲ ကော်မရှင်နှင့် တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ဆွေးနွေးခဲ့ ကြောင်း စစ်ကောင်စီ၏ မြန်မာ့အလင်း သတင်းစာက ဖော်ပြထားသည်။
စစ်ကောင်စီကို လက်နက်ကိုင် ဆန့်ကျင်မှု ပြင်းထန်သည့် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) ၁၆ ဖွဲ့ကလည်း ဆားလင်းကြီးဒေသက တရုတ် ကြေးနီးစီမံကိန်းများ ပြန်လည်ပတ် ပါက နည်းမျိုးစုံဖြင့် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ဧပြီလ ၂၀ ရက်တွင် သတိပေးချက် ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံ အခြေစိုက် နိုင်ငံရေး လေ့လာသူတဦးကမူ တရုတ်အနေနှင့် စစ်ကောင်စီနှင့် ထင်ထင်ရှားရှား ဆက်လက် ပူးပေါင်းကာ စီမံကိန်းများကို ဇွတ်အတင်း အကောင်အထည် ဖော်ပါက ဒေသခံ PDF များ၏ တိုက်ခိုက်မှုအား မလွဲ မသွေ ကြုံရနိုင်ကြောင်း သုံးသပ်သည်။
တရုတ်နိုင်ငံသည် လက်ရှိတွင် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကိုလည်း အနောက်နိုင်ငံများနှင့် နီးစပ်လွန်း သဖြင့် အပြည့်အဝ မယုံဘဲ စောင့်ကြည့်နေသည့် အနေအထား ဖြစ်နေကြောင်း ၎င်းက ဆိုသည်။
ဆက်လက်၍ နိုင်ငံရေး လေ့လာသူတဦးက ယခုကဲ့သို့ စာပို့သည့်အပေါ် “တရုတ်က သတိထား တုံ့ပြန်မယ်ထင်တယ်။ အခုထိ ဘာအသံမှ မထွက်သေးတော့ စောင့်ကြည့်ရမှာပေါ့။ တရုတ်အနေနဲ့ သူ့လုပ်ငန်းတွေ မထိခိုက်အောင် သိုသို သိပ်သိပ် လှုပ်ရှားမယ် ထင်တယ်။ နှစ်ဖက်စလုံး (စစ်ကောင်စီနှင့် PDF) ကို ချိန်ညှိ ဆက်ဆံဖို့ များပါတယ်” ဟု မှတ် ချက် ပေးပြောဆိုသည်။
You may also like these stories:
တရုတ် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြန်မြင့်တက်လာမလား
စစ်ကောင်စီကို တရားဝင်အောင် ကြိုးစားခြင်းသည် တရုတ်အတွက် ဆိုးကျိုးသာဖြစ်နိုင်