စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်းတွင် ကလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် စစ်ကောင်စီတပ်များအကြား ဧပြီ ၂၄ ရက်နေ့ကစပြီး တိုက်ပွဲ အပြင်းအထန် ဆက်တိုက် ဖြစ်ပွားနေကြောင်း ကလေး PDF က အတည်ပြုသည်။
ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့မှ ကိုအိစိုးက “တိုက်ပွဲရက်ဆက်ဖြစ်တာက ၃ ရက်ရှိပြီ။ ဧပြီ ၂၅ ရက်က စည်သာရွာနားမှာ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်က နတ်ချောင်းရွာကို ဝင်လာတယ်။ စစ်ကောင်စီတပ်က အင်အား များတော့ ကျနော်တို့ ရဲဘော်တွေက နောက်ဆုတ် ပေးရတာပေါ့။ သူတို့ ရွာထဲကို ဝင်တာနဲ့ တောက်လျောက် မီးရှို့ တယ်။ ကျနော်တို့ဘက်ကလည်း မီးငြှိမ်းရင်းနဲ့ သူတို့ နောက်ကို လိုက်တယ်။ သူတို့ ရွာကနေ ထွက်တာနဲ့ တခါ ကျနော်တို့ မိုင်းခွဲ တိုက်ခိုက်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဧပြီလ ၂၄ ရက်ကလည်း ကလေးမြို့ကနေ စစ်ကား ၆ စီးနှင့်အတူ အင်အား ၁၅၀ ဝန်းကျင်ခန့်ဖြင့် ထွက်လာသော စစ်ကောင်စီတပ် စစ်ကြောင်းကို စည်သာရွာနှင့် နတ်မြောက်ရွာကြားတွင် ကလေး PDF အဖွဲ့က အသင့်စောင့်ဆိုင်း မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကား ၁ စီး လမ်းဘေး ထိုးကျပြီး စစ်ကောင်စီ တပ်သား ၅ ဦး သေဆုံးကြောင်း ဧပြီလ ၁၅ ရက်နေ့ ရက်စွဲဖြင့် ကလေး PDF အဖွဲ့မှ သတင်း ထုတ်ပြန်ထားသည်။
အဆိုပါ စစ်ကောင်စီ စစ်ကြောင်းသည် ဧပြီလ ၂၄ ရက်က ရှေ့မတိုင်းနိုင်ဘဲ နတ်ချောင်းရွာတွင် တပ်စွဲ ညအိပ်ခဲ့ရပြီး ဧပြီလ ၂၅ ရက် မနက်ပိုင်းက နတ်ချောင်းရွာကနေ ဆက်လက် ထွက်ခွာလာစဉ် ချောင်းခွကျေးရွာအနီး၌ ကလေး PDF ပူးပေါင်းတပ်ဖွဲ့တို့ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၈ ဦး သေဆုံးပြီး ကလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ၁ ဦး ကျဆုံးကာ၂ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်းလည်း ကလေး PDF အဖွဲ့၏ ထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုသို့ တိုက်ပွဲဖြစ်ပွားနေသည့် တချိန်တည်းမှာပင် နတ်ချောင်းရွာနှင့် ချောင်းခွရွာဘက်မှ အောင်ချမ်းသာရွာဘက်သို့ ဖောက်ထွက်ပြီး မောင်းနှင်လာသော စစ်ကား ၁ စီးနှင့် ဆိုင်ကယ်များအား ပန်မွန်ချောင်းတံတားအနီးတွင် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ဆိုင်ကယ် ၁၅ စီး ထိမှန်ပြီး စစ်ကောင်စီတပ်သားများ သေဆုံး မှုများ ရှိကြောင်းလည်း ကလေး PDF အဖွဲ့က သတင်း ထုတ်ပြန်သည်။
ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ကိုအိစိုးက “ဧပြီ ၂၅ ရက်က မိုင်းဆွဲတိုက်ခိုက်တဲ့ ဖြစ်စဉ်မှာတော့ စစ် ကောင်စီ တပ်သားတွေ တော်တော် ထိတယ်။ အလောင်းတွေ မကောက်နိုင်ဘဲ လမ်းဘေးမှာ ရှိနေတယ်။ မနေ့ မနက် ကလည်း အောင်ချမ်းသာရွာနဲ့ ချောင်းခွရွာနားမှာ တိုက်ပွဲဖြစ်နေတယ်။ ထိခိုက်မှု အခြေအနေကိုတော့ မသိရသေး ဘူး။ ကျနော်တို့ တပ်ဖွဲ့ဝင်တွေ နယ်မြေ ရှင်းလင်းရေး လုပ်နေတုန်းပဲ ရှိသေးတယ်ဗျ” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ ၃ ရက်တာ တိုက်ပွဲဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်သားများသည် နတ်ချောင်းရွာနှင့် ချောင်းခွကျေးရွာရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည့်အတွက် ဒေသခံများမှာ ကျေးရွာအတွင်းရှိ ဘုန်းကြီးကျောင်းများနှင့် အနီးဝန်းကျင် ကျေးရွာများမှ ဆွေမျိုးသားချင်းများ ရှိရာသို့ သွားရောက် ခိုလှုံနေရကြောင်းလည်း သိရသည်။
စစ်ကောင်စီ တပ်သားများသည် ကလေးမြို့ပေါ်ရှိ လမ်းဆုံလမ်းခွများရှိ လမ်းသွားလမ်းလာများကို ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်ခဲ့သလို မြို့ပေါ်ရှိ အရပ်ဘက်လူမှုအဖွဲ့အစည်းဝင် တချို့ကိုလည်း ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း ကလေးမြို့ခံ တဦးက ပြောသည်။
ကလေးမြို့ခံတဦး “မြို့ပေါ်မှာတော့ ဒီနေ့ တိုက်ပွဲဖြစ်တာ မရှိပေမယ့် ကျနော်တို့ မြို့ခံတွေလည်း မအေးချမ်းဘူး။ စစ်ကောင်စီတွေက မြို့ပြင်မှာ တိုက်ပွဲဖြစ်ပြီး အထိနာရင် မြို့လူထုကို ပြဿနာ ရှာတယ်။ ဒီနေ့ မြို့ပေါ်က သပိတ်ခေါင်း ဆောင် တယောက်ကို ဖမ်းသွားတယ်။ သူနဲ့ ဆက်စပ်တဲ့ လူတွေကိုလည်း ရှာဖွေ ဖမ်းဆီးမှုတွေ လုပ်တဲ့အတွက် လူတွေက ဈေးဝယ်ဖို့တောင် အပြင် မထွက်ရဲကြတော့ဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ကလေးမြို့နယ်သည် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းတောင်တန်းတို့နှင့် ကူးလူး ဆက်သွယ်မှုတွင် စစ်ရေးအရ အချက်အခြာကျသလို ဒေသ ကာကွယ်ရေးတပ် (PDF) များ အားကောင်းသည့် နယ်မြေ ဖြစ်သည့်အတွက် စစ် ခေါင်းဆောင်များက ကလေးမြို့နယ်အတွင်းရှိ PDF တပ်များကို ဧပြီလအတွင်း အပြတ်ချေမှုန်းရန် အမိန့်ပေးထား ကြောင်းလည်း ဒေသတွင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။
You may also like these stories:
ထားဝယ်- ထီးခီး လမ်းပိုင်း ပကာရီရွာအနီး စစ်ရေး တင်းမာနေ
ဝန်းသိုမြို့နယ်၌ နှစ်ရက်အတွင်း ရွာ ၉ ရွာ မီးရှို့ခံရ
မန္တလေးတွင် NLD ပါတီဝင်အချို့ ဖမ်းဆီးသတ်ဖြတ်ခံနေရ