သဘင့်ဥသျှောင် ဂရိတ်ဦးဖိုးစိန်၏ မြေး မင်းသားကြီး ကက်နက်စိန်၏သား စိန်မဟာသဘင်မျိုးဆက် ဇာတ်မင်းသားကြီး ဦးညီဝင်းစိန် (၇၅နှစ်)သည် ယမန်နေ့ ဧပြီ ၂၆ ရက် ညနေ ၆ နာရီအချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်ရှိ ၎င်း၏ နေအိမ်တွင် ကွယ်လွန်သွား ကြောင်း သိရသည်။
လေဖြတ်ရောဂါ ၃ ကြိမ် ခံစားခဲ့ရသည့် ဦးညီဝင်းစိန်သည် နေအိမ်တွင် နေထိုင်ရင်း အောက်ဆီဂျင်ကျကာ ကွယ်လွန်သွား ခြင်း ဖြစ်ကြောင်း ၎င်း၏ တူမဖြစ်သူ ပတ္တမြားကေခိုင်က ဧရာဝတီကို ပြောသည်။
“ဦးညီ မရှိတော့ဘူးဆိုတော့ စိန်မဟာသဘင်နဲ့ ပတ်သက်လို့ အားကိုးအားထားရာ ဆုံးရှုံးသွားတာပေါ့။ ကျမ လုပ်ခဲ့တဲ့ ပွဲတွေမှာ ဦးညီနဲ့ တိုင်တိုင်ပင်ပင် လုပ်ခဲ့တာတွေက အမှတ်တရပဲ။ ပါတော်မူဇာတ်ဆိုရင် ကျမ အဖေ (ဦးရဲစိန်) က ကင်းဝန်မင်းကြီး ဦးကောင်း နေရာမှာ ကခဲ့တယ်။ ကျမ ပွဲပြန်လုပ်တော့ ဖေဖေ့နေရာမှာ ဦးညီ ကခဲ့တယ်။ အဲဒီတခုက အမှတ်တရပါပဲ” ဟု ပတ္တမြားကေခိုင်က ဦးညီဝင်းစိန်နှင့် အမှတ်တရကို ပြန်လည် ပြောပြသည်။
ဦးညီဝင်းစိန် ဖျော်ဖြေခဲ့သော “ပါတော်မူ” ဇာတ်ထုပ်သည် အထူးနာမည်ကြီးပြီး အဆိုပါ ဇာတ်တွင် ဦးညီဝင်းစိန်က သီပေါမင်းနေရာတွင် ပါဝင်ခဲ့သလို၊ “ပဋိက္ခရား ရွှေအိမ်စည်” ဇာတ်တွင်လည်း ပဋိက္ခရား မင်းသားနေရာ၊ “တောင်ပြုံး မင်းညီနောင်” ဇာတ်များတွင်လည်း အစ်ကိုဖြစ်သူ ဦးရဲစိန်နှင့် တွဲဖက်ကာ ကပြ ဖျော်ဖြေခဲ့သည်။
တခေတ်တခါက စိန်မဟာသဘင်တွင် ရဲစိန်၊ ညီဝင်းစိန် ဟူ၍ ညီအစ်ကိုနှစ်ဦး တွဲဖက်ကပြ ဖျော်ဖြေသည့် ညီအစ်ကို ပြဇာတ်များကို ပရိသတ်များက အထူးနှစ်ခြိုက် အားပေးခဲ့ကြသည်။
ဇာတ်မင်းသားကြီး ဦးညီဝင်းစိန်ထံတွင် အသက် ၁၇ နှစ်အရွယ်ကတည်းက ဇာတ်သဘင်ပညာ လေ့လာ ဆည်းပူးခဲ့သည့် ဂီတမှူး ဦးစိုးကလည်း ၎င်း၏ အစ်ကို ဆရာဖြစ်သူ ဦးညီဝင်းစိန် ကွယ်လွန်မှုအတွက် မဖော်ပြတတ်အောင် ကြေကွဲ ဝမ်းနည်း ခံစားရသည်ဟု ဆိုသည်။
“ကျနော့် ရင်ထဲမှာ ဖော်မပြနိုင်လောက်တဲ့ ဝမ်းနည်းကြေကွဲမှု၊ ဆုံးရှုံးမှုကြီးတခု ခံစားလိုက်ရပါတယ်။ အဲဒီ ခံစားမှုဟာ အင်မတန်မှပဲ ကြေကွဲဖို့ ကောင်းတယ်။ သို့သော်လည်း ကျနော့်ဆရာ ဦးညီဝင်းစိန်သည် သက်တမ်းစေ့ နေနိုင်သွား တယ်လို့ စိတ်ထဲမှာ ခံစားပြီး ဖြေသိမ့်ရပါတယ်။ ဆုံးရှုံးမှုကတော့ ဖော်မပြနိုင်လောက်အောင်ပါပဲ” ဟု ဂီတမှူး ဦးစိုးက ပြောသည်။
၎င်းသည် စိန်မဟာသဘင်၏ မျိုးဆက် ဦးညီဝင်းစိန်ထံမှ ဇာတ်သဘင်ပညာ အမွေအနှစ်များစွာ ရရှိခဲ့ပြီး ၎င်းအမွေအနှစ် များကို ကျန်ရှိနေသည့် စိန်မဟာသဘင် မျိုးဆက် မြစ်များအထိ ဆက်လက် လက်ဆင့်ကမ်း ထိန်းသိမ်းသွားမည်ဟု ပြောသည်။
ဂီတမှူး ဦးစိုးက “ဇာတ်သဘင်ပညာနဲ့ ပတ်သက်ပြီး ပြောဟန်ဆိုဟန် ဆိုပေါက်တွေ ကျနော်ပဲအမွေ အများဆုံး ရလိုက် တာ။ စိန်မဟာသဘင်ရဲ့ အမွေတွေကို ဆက်လက်ပြီး တတ်နိုင်သလောက် ဖော်ထုတ်လို့ ရရင် ဖော်ထုတ်မယ်။ ထိန်းသိမ်း မယ်လို့ သန္နိဋ္ဌာန် ချထားပါတယ်။ အထူးသဖြင့် ဆိုဟန်၊ ကဟန်၊ ပြောဟန်တွေ ကျနော် အများကြီး ရလိုက်ပါတယ် စိန်မဟာသဘင်ရဲ့ မြစ်တွေဖြစ်တဲ့ မျိုးဆက်တွေနဲ့ လက်တွဲပြီးတော့ အနုပညာတွေကို ကျနော် တတ်နိုင်သလောက် အသက်ဆုံးတဲ့အထိ ဆက်ထိန်းသိမ်းပါမယ်။ ဆရာ့အမွေတွေကို လက်ဆင့်ကမ်းပေးပါမယ်” ဟု ပြောသည်။
ကွယ်လွန်သူ ဦးညီဝင်းစိန်၏ ကြွင်းကျန်ရစ်သော ရုပ်ကလာပ်ကို မနက်ဖြန် ဧပြီလ ၂၈ ရက်၊ နေ့လယ် ၁၂ နာရီအချိန်၊ သန်လျင်မြို့ အမိုးနီ သုဿာန်တွင် မီးသင်္ဂြိုဟ်သွားမည်ဟု သိရသည်။
ဇာတ်မင်းသားကြီး ဦးညီဝင်းစိန်သည် ကွယ်လွန်ချိန်တွင် သားနှစ်ဦးနှင့် သမီးနှစ်ဦး ကျန်ရစ်ခဲ့ပြီး သားနှစ်ဦး ဖြစ်သူ နိုင်ဝင်းစိန်နှင့် နိုးနိုးလပြည့်တို့က ဇာတ်သဘင် အနုပညာအမွေများ ဆက်ခံ၍ အနုပညာ အလုပ်များ ဆက်လက် လုပ်ကိုင်လျက်ရှိသည်။