စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် စစ်အုပ်စုခေါင်းဆောင်များ ရယူထားသည့် နေအိမ်များနှင့် အခြားပိုင်ဆိုင်မှုများကို စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြန်လည်သိမ်းယူပြီး စစ်ကောင်စီ ဆန့်ကျင်ရေး တော်လှန်ရေးအတွက် ရန်ပုံငွေရှာရန် ရောင်းချမည်ဖြစ်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က ထိုအစီအစဉ်ကို ပြီးခဲ့သည့် စနေနေ့ကကျင်းပသည့် စင်ပြိုင်လွှတ်တော်သို့ ဝန်ကြီးဌာန၏ နှစ်ပတ်လည်အစီရင်ခံစာ တင်သွင်းရာတွင် အသိပေး အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။
ရက်သတ္တပတ် အနည်းငယ်အတွင်း စတင်မည်ဟု မျှော်လင့်ရသည့် ထိုအစီအစဉ်အရ စစ်ကောင်စီ ခေါင်ဆောင်များ ၎င်းတို့ကိုယ်ကျိုးအတွက် ရယူထားသည့် ပိုင်ဆိုင်မှုများနှင့် စစ်အုပ်စုက သိမ်းယူထားသောမြေများ၏ ၄၀ ရာခိုင်နှုန်း နီးပါးကို မြန်မာနိုင်ငံသားများနှင့် နိုင်ငံခြားသားများ ပြန်လည် ဝယ်ယူနိုင်ရေးအတွက် ရောင်းချပေးမည် ဖြစ်သည်။ ဈေးနှုန်းကို ဈေးကွက်ပေါက်ဈေးထက် ၇၀ ရာခိုင်နှုန်း လျှော့ချထားပေးမည်ဖြစ်ကြောင်း လွတ်လပ်သော အာရှအသံ (RFA) သတင်းဌာန၏ အဆိုအရ သိရသည်။
ဝယ်ယူသူများသည် ၎င်းတို့၏ ဝယ်ယူမှုများအတွက် ရှယ်ယာပိုင်ဆိုင်မှုများရရှိပြီး ထိုပိုင်ဆိုင်မှုများကို အမျိုးသား ညီညွတ်ရေးအစိုးရက လေလံတင်သောအခါ အမြတ်အစွန်းများ ရရှိမည်ဖြစ်သည်။
“အကြမ်းဖက် စစ်ခေါင်းဆောင်တွေ တရားမဝင် ရယူထားတဲ့ အိမ်ခြံမြေတွေနဲ့ စစ်အုပ်စုက သိမ်းယူထားတဲ့ အနာဂတ် ဖက်ဒရယ် တပ်မတော်အတွက် မလိုအပ်တဲ့မြေတွေကို မကြာခင်မှာ ကျနော်တို့ စတင်ရောင်းချမှာ ဖြစ်ပါတယ်” ဟု ဝန်ကြီး ဦးတင်ထွန်းနိုင်က အမျိုးသားညီညွတ်ရေး အစိုးရသို့ စနေနေ့တွင် ပြောသည်။

“ရောင်းချလို့ ရတဲ့ငွေတွေကို တော်လှန်ရေးအတွက် ထိရောက်စွာ အသုံးပြုမှာဖြစ်ပါတယ်” ဟုလည်း သူက ပြောသည်။
စစ်အုပ်စုက ထိန်းချုပ်ထားသည့် ပိုင်ဆိုင်မှုများကို ပြန်လည်သိမ်းဆည်းပြီး အများပြည်သူသို့ ရောင်းချမည့် အစီအစဉ်သည် ဗိုလ်ချုပ်များကို ခြောက်လှန့်နိုင်ပြီး တော်လှန်ရေးအတွက် ရန်ပုံငွေလည်း ရှာဖွေနိုင်သည့် တီထွင်ဆန်းသစ်သော နည်းလမ်းအဖြစ် ပြည်သူများက ကျယ်ပြန့်စွာ ထောက်ခံကြသည်။
လူမှုကွန်ရက် အသုံးပြုသူ အများအပြားက ထိုအိမ်ခြံမြေရှယ်ယာများကို ဝယ်ယူပြီး စစ်ကောင်စီကို ဖြုတ်ချရေး ရည်မှန်းချက်အတွက် အကျိုးပြု ရန် စိတ်ဝင်စားကြောင်း ဖော်ပြကြသည်။
စစ်ခေါင်းဆောင်များသည် စီးပွားရေးမြို့တော် ရန်ကုန်တွင် ၎င်းတို့ ရယူထားသည့် အိမ်ခြံမြေများမှ အကျိုးအမြတ်များစွာ ရရှိနေသည်။ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရန်ကုန်မှ သီးသန့် ချမ်းသာကြွယ်ဝသော ရပ်ကွက်ဖြစ်သည့် အင်းလျားကန်အနီး ရပ်ကွက်တွင် ဒေါ်လာ သန်းပေါင်းများစွာ တန်သည့် အိမ်နှင့်ခြံ နှစ်ခု ရယူထားသည်။
စစ်ကောင်စီ ခေါင်းဆောင်သည် ၂၀၁၁ ခုနှစ်တွင် ယခင်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ဆက်ခံသူအဖြစ် ခန့်အပ်မခံရမီအထိ အင်းယားကန်အနီးတွင် နေအိမ်ပိုင်ဆိုင်ခြင်း မရှိသေးပေ။

သို့သော် နောက် ၅ နှစ်ကြာသောအခါ သူသည် ၁၄ အင်းလျားဟုခေါ်သည့် အင်းလျားလမ်း ခြံအမှတ် ၁၄၊ ကြယ်ငါးပွင့်အဆင့်ရှိ Lotte ဟိုတယ်နှင့် ကန်သာယာပုဂ္ဂလိက ဆေးရုံအနီးမှ ခြံတခုကို ရယူလိုက်သည်။ ကန်သာယာ ပုဂ္ဂလိကဆေးရုံတွင် စစ်ကောင်စီခေါင်းဆောင်၏ စီးပွားရေး အကျိုးအမြတ်များ ပါဝင်နေသည်။
အမှတ် ၁၄ အင်းလျားလမ်းခြံသည် စစ်ခေါင်းဆောင်များက သံတမန်များနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ခေါင်းဆောင်များကို လက်ခံတွေဆုံသည့် စစ်ထောက်လှမ်းရေး ဂေဟာအဖြစ် ယခင်က လူသိများသည့် စစ်တပ်ဧည့်ဂေဟာ ဖြစ်သည်။
အမှတ် ၁၄ အင်းလျားလမ်းရှိ အာဏာသိမ်း ခေါင်းဆောင်၏အိမ်၊ စစ်ကောင်စီ ဒုခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အခြားထိပ်တန်း ဗိုလ်ချုပ်များ၏ အိမ်များသည် ကနဦးရောင်းချမည့် စာရင်းတွင် ပါဝင်ကြောင်း ဝန်ကြီး ဦးတင်ထွန်းနိုင်က RFA သို့ မကြာသေးမီက ပြောသည်။
စစ်ခေါင်းဆောင်များ၊ ကာကွယ်ရေးနှင့် ပြည်ထဲရေးဝန်ကြီးဌာနက ပိုင်ဆိုင် သို့မဟုတ် ထိန်းချုပ်ထာသည့် အိမ်ခြံမြေများကို ပြန်လည်သုံးသပ်ပြီး မြန်မာပြည်သူများ အကျိုးအတွက် ပြန်လည်ရယူမည့် မူဝါဒကို အမျိုးသားညီညွတ်ရေး အစိုးရက ဖေဖော်ဝါရီလတွင် ချမှတ်ခဲ့သည်။
You may also like these stories :
အင်းလျားဘေးက စစ်အာဏာသိမ်းခေါင်းဆောင်၏ အိမ်ကြီးများ
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖုံးဝှက်ထားသော ရုပ်ပုံလွှာ
အာဏာသိမ်း စစ်ခေါင်းဆောင် အရူးမီးဝိုင်း ဖြစ်တော့မည်
အာဏာသိမ်းစစ်ကောင်စီရှေ့က မားမားမတ်မတ်ရပ်သူ နှစ်ဦး
ဘွဲ့တံဆိပ်များနှင့် မင်းအောင်လှိုင် သိဒ္ဓိတင်နေသည်