စစ်ကောင်စီက အတင်းအကျပ် ဖိအားပေးသဖြင့် ရုပ်ရှင်ရုံများ ပြန်လည်ဖွင့်လှစ်ခဲ့သည်မှာ ယနေ့ဆိုလျှင် ၁၂ရက်အတွင်း ဝင်ရောက်လာပြီ ဖြစ်သော်လည်း ကြည့်သူမရှိသလောက် နည်းပါးကြောင်း ရုပ်ရှင်လုပ်ငန်း လုပ်ကိုင်သူများက ဆိုသည်။
တည်ငြိမ်အေးချမ်းကြောင်း ပြသလိုသည့် သဘောဖြင့် စစ်ကောင်စီက ရုပ်ရှင်ရုံများကို မြန်မာနှစ်ဆန်း ၁ရက်(ဧပြီ ၁၇ရက်) က စ၍ဖွင့်ခဲ့သော်လည်း သင်္ကြန်ကဲ့သို့ တပြည်လုံးအတိုင်းအတာဖြင့် လှစ်လျှူရှု့ခဲ့သလို ဖျော်ဖြေရေးဖြစ်သည့် ရုပ်ရှင်ရုံ များကိုလည်း လူထုက မျက်နှာလွှဲခဲ့ကြပြန်သည်ဟု ဆိုရမည်။
လက်ရှိတွင် သရုပ်ဆောင် လူမင်း၊ ရွှေမှုံရတီ၊ နေမင်းတို့ ပါဝင်ထားသည့် “ဝေးမနေချင်ဘူး” မြန်မာဇာတ်ကားနှင့် “BEAST” အမည်ရ ဘောလိဝုဒ်ကား၊ “Peenak3” ထိုင်းဇာတ်ကားတို့ကို ရုံတင် ပြသထားပြီး၊ ယင်းဇတ်ကားများကို ပြသသည့်နေ့မှ စ၍ တကားလျှင် ၁၀ ရက်နှုန်း ပြသနေသည်။
လာမည့်ဧပြီ ၂၉ ရက်တွင် ဒါရိုက်တာ ဝိုင်း ရိုက်ကူးပြီး သရုပ်ဆောင် ပြေတီဦးနှင့် ဖွေးဖွေး ပါဝင်သော “လိပ်ပြာထောင် ချောက်” အမည်ရ ရုပ်ရှင်ကားကို လာမည့် ဧပြီ ၂၉ ရက်နေ့တွင် စတင် ပြသမည် ဖြစ်သည်။
“လူမင်းကား အခြေအနေ မကောင်းဘူး။ ဒါပေမယ့် နောက်တင်မယ့် ဒါရိုက်တာ ဝိုင်း၊ ပြေတီဦး၊ ဖွေးဖွေး ၃ ယောက် အတွဲကားကို မကြည့်ဖို့ စစ်အုပ်စုဘက်က ဟန်ငြိမ်းဦးတို့က လှော်နေတယ် ဝိုင်းပြီး လှုံဆော်နေတယ် သူတို့ ၃ ယောက် စလုံးက အရမ်းမုန်းတဲ့ သူတွေကိုး။ ကျနော်တို့က စောင့်ကြည့်နေတာ။ ဒီကား ၂ ကား ကြည့်ပြီး ဘာတွေ အခြေအနေ ဆက်ဖြစ်မလဲပေါ့” ဟု ရုပ်ရှင်ထုတ်လုပ်သူ တဦးက ပြောသည်။
ဒါရိုက်တာ ဝိုင်းနှင့် ပြေတီဦးအား စစ်ကောင်စီက ပြီးခဲ့သည့် မတ် ၂ ရက်တွင် လွတ်ငြိမ်းဖြင့် ပြန်လွှတ်ပေးခဲ့သည်။ သို့သော် ပုဒ်မ ၅၀၅-က ဖြင့် ဖမ်းဝရမ်း ထုတ်ခံထားရသည့် ဖွေးဖွေးသည် လက်ရှိ အချိန်ထိ တိမ်းရှောင်နေရဆဲ ဖြစ်သည်။
ရုပ်ရှင်ရုံများ ပထမဆုံး စဖွင့်သည့်ရက် (ဧပြီ ၁၇) တွင် နာမည်ကြီး ဘောလိဝုဒ်ဇာတ်ကားဖြစ်သည့် မင်းသား Vijay ပါဝင် သော “BEAST” ဇာတ်ကားကို လာရောက် ကြည့်ရှုသူတချို့ ရှိသော်လည်း နောက်ပိုင်း ရက်များတွင် ကြည့်ရှုသူ မရှိသ လောက် နည်းသွားသည်ဟု သိရသည်။
ရုပ်ရှင်လုပ်ငန်း လုပ်ကိုင်နေသူ တဦးက “Vijay ကား ရုံတင်တာတောင် တရက်ပဲ ရှိသေးတယ်။ ဝိုင်းအော်ကြလို့ သွား မကြည့်ကြဘူး။ ခါတိုင်းဆို ဒီလိုကားမျိုးက လက်မှတ်တောင် မရနိုင်ဘူး။ ရုံပြည့်ရုံလျှံ ကြည့်ကြတဲ့ ကားမျိုး။ အဲဒီကား တောင် တရက်ပဲ လူဝင်ပြီး ဆက်မဝင်တော့ဘူး။ ရုပ်ရှင်လောကက လုံးဝ ပျက်စီးသွားပြီ မရတော့ဘူး” ဟု ပြောသည်။
၎င်းက ဆက်ပြီး “အဓိကက ရုပ်ရှင်ဖျော်ဖြေရေးက ဒီကာလမှာ ၂ နှစ်အတွင်းကတော့ စစ်ကောင်စီ ရှိနေသမျှ ကာလပတ် လုံး လုံးဝ အဆင်မပြေလောက်ဘူး။ ဒါတောင် မပြောပါနဲ့ ကိုယ့်အိမ်မှာကိုယ် အဲကွန်းဖွင့်ပြီး အလကား ထိုင်ကြည့်လို့ရတဲ့ Sky Net တို့၊ MRTV-4 တို့တောင် မကြည့်တော့ဘူး” ဟု ပြောသည်။
လက်ရှိတွင်လည်း မြန်မာတနိုင်ငံလုံးရှိ ရုပ်ရှင်ရုံပေါင်း ၆၀ ခန့် ဖွင့်လှစ်ပြီးသည်အထိ တပတ်တာ ဝင်ငွေမှာ ငွေကျပ် သိန်း ၂၀၀ အောက်သာ ရှိခဲ့သည်ဟု သိရသည်။
အချို့သော ရုပ်ရှင်ရုံများတွင် ကြည့်ရှုသူ တဦးမှ မရှိသဖြင့် ပိတ်လိုက်ရသည့် ပွဲစဉ်အချိန်များ ရှိသလို၊ ကြည့်ရှုသူ တဦး၊ နှစ်ဦးသာ ရှိသောကြောင့် ရုံပေါင်းကာ ပြသရသည့် ပွဲစဉ်များလည်း ရှိသည်ဟု သိရသည်။
သမ္မတ ရုပ်ရှင်ရုံမှ တာဝန်ရှိသူ တဦးက “လက်ရှိ အခြေအနေကတော့ ကြည့်တဲ့သူ နည်းတယ်။ ပုံမှန်ဆိုရင်တော့ တပွဲကို ၁၅ ယောက်၊ အယောက် ၂၀ ပတ်ချာလည် လာကြည့်တယ်။ တချို့ပွဲတွေဆို အယောက် ၂၀ ၊ ၃၀ လောက် လာကြည့် တယ်။ ရှေ့ဆောင်၊ နေပြည်တော်၊ သွင်တို့ လူနည်းရင် သမ္မတရုံဘက်ကို ကားနဲ့ ဖယ်ရီ အကြိုအပို့နဲ့ ပို့ဆောင်ပြီး ရုံပြောင်းပြသပါတယ်” ဟု ပြောသည်။
ရန်ကုန်မြို့ရှိ မြို့ခံ လူငယ်အများစုကလည်း စစ်ကောင်စီက ရုပ်ရှင်ရုံများ ဖွင့်လှစ်နေခြင်းအပေါ် စိတ်ဝင်စားမှု မရှိကြပေ။
“သူတို့ကတော့ သင်္ကြန်ဆိုလည်း ဖွင့်လိုက်တာပဲ။ တခြားနိုင်ငံတွေလို လိုက်ဖြေလျှော့တာလား၊ သူတို့ လက်ထက်မှာ စည်ကားတယ်ဆိုတာ ပြချင်လို့ ဖြေလျှော့တာလား စဉ်းစားစရာပေါ့။ အကုန်လုံးကတော့ စိတ်ဝင်စားမှု နည်းတယ်။ ကိုဗစ်ကလည်း ပျောက်သွားတာမှ မဟုတ်တာ။ တခြား လုံခြုံရေး ကိစ္စတွေလည်း ပါတာပေါ့။ အရင်ကလောက် ဘယ်သူမှ စိတ်မဝင်စားကြဘူး” ဟု အသက် ၃၀ နှစ်အရွယ် ရန်ကုန်မြို့ခံ အမျိုးသမီးတဦးက ပြောသည်။
ရုပ်ရှင်ကြည့်ခြင်းကို ဝါသနာပါသည့် လူငယ်တချို့ကမူ ရုပ်ရှင်ကြည့်ချင်သည့်စိတ် ဖြစ်မိသော်လည်း စစ်ကောင်စီကို မထောက်ခံခြင်းနှင့် လုံခြုံရေးအန္တရာယ်ကိုလည်း စိုးရိမ်သောကြောင့် မကြည့်ကြခြင်းဟု ဆိုသည်။
“နိုင်ငံခြားကား အသစ်တွေ ရုံတင်ရင် ကြည့်ချင်တဲ့ စိတ်ကတော့ ရှိတယ်။ ဒါပေမယ့် ဒီကာလက မလုံခြုံဘူးလေ။ ဗုံးပေါက်မှာတို့၊ ပြီးတော့ သူတို့ လုပ်တဲ့အရာကို ထောက်ခံတယ်တို့ ဖြစ်မှာစိုးလို့။ အွန်လိုင်းမှာတော့ ကြည့်ဖြစ်တယ်” ဟု အလုံမြို့တွင် နေထိုင်သည့် ကိုမိုး (အမည်လွှဲ) က ပြောသည်။
“သူတို့ ဆွဲဆောင်တဲ့နောက် ကျနော်တို့ ပါမသွားဖို့ လိုတာပေါ့။ တောထဲမှာ နေတဲ့သူတွေလည်း ရှိတယ်။ တိုက်ပွဲဝင်နေတဲ့ သူတွေလည်း ရှိတယ်။ ဒါကြောင့် သွားကြည့်ရမှာလည်း အားနာတယ်” ဟု ရန်ကုန်မြို့ခံ လူငယ်တဦးက ပြောသည်။
အလားတူ မန္တလေးမြို့တွင်လည်း ရုပ်ရှင်ရုံများ ဖွင့်လှစ်ထားသော်လည်း ရုံတချို့တွင် ကြည့်ရှုသူ တဦးစ၊ နှစ်ဦးစသာ ရှိပြီး ရုပ်ရှင်ရုံအများစုတွင် ကြည့်ရှုသူ မရှိသလောက် နည်းသည်ဟု ဒေသခံများက ပြောသည်။
“ရုပ်ရှင်ရုံ လူဝင်လားဆိုတော့ ရုပ်ရှင်က တရက်ကို ၉ ကြိမ်ပြတယ်။ ပြတဲ့ကားအပေါ် မူတည်ပြီး လူဝင်တာ မဝင်တာ ကွာသွားတယ်။ တချို့ကားတွေဆို လူနည်းနည်းလေး ရှိတယ်။ အရင်လိုတော့ မရှိဘူး။ ဒါပေမယ့် ကျိုးတိုးကျဲတဲ ရှိတယ်။ အရမ်းတော့ မများဘူး” ဟု မန္တလေး မြို့ခံ တဦးက ပြောသည်။
ရန်ကုန်မြို့ရှိ ရုပ်ရှင်ရုံများ အနီးတဝိုက်တွင် လုံခြုံရေးအနေဖြင့် ရုပ်ရှင်ရုံ တရုံလျှင် စစ်သားနှင့်ရဲ တဦးစီခန့်သာ ရှိပြီး လုံခြုံရေးအင်အား အများအပြား ချထားခြင်း မရှိဟု သိရသည်။
“လူမှ မရှိတာ။ လုံခြုံရေးလည်း ဘာမှ မရှိဘူး။ ဘာမှ လုပ်လို့ မရဘူး။ လာကြည့်တဲ့သူက အယောက် ၅၀ တောင် မပြည့်ဘူး။ လုံခြုံရေးတောင် လုပ်စရာ မလိုဘူး” ဟု ရုပ်ရှင်ထုတ်လုပ်သူတဦးက ပြောသည်။
ရုပ်ရှင်လုပ်ငန်း လုပ်ကိုင်နေသူ တဦးက “အခု အနေအထားကတော့ ဖိအားတွေနဲ့ ဖွင့်နေရတဲ့အပေါ် မဖွင့်ချင်ဘူးပေါ့။ ဘယ်လို စိတ်ဓာတ်မျိုးနဲ့ ကြည့်ကြမလဲ။ ပြည်သူကတော့ တကယ် နာကျည်းနေပြီကိုး။ ဘယ်လိုမှ နာလန် မထူနိုင်ဘူး” ဟု ပြောဆိုလိုက်သည်။
You may also like these stories :
တစ္ဆေခြောက်မယ့် စစ်ကောင်စီသင်္ကြန်
စစ်ကောင်စီ ဖိအားပေးမှုအောက် ရုပ်ရှင်ရုံတွေ မြန်မာနှစ်ဆန်း ပြန်ဖွင့်မည်
လက်ခံထားသည့်ပွဲများကို ဖျက်သိမ်းကြောင်း ပိုင်တံခွန် ကြေညာ