သတင်း

ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်၏ ရှေ့နေ ဒေါ်ရွက်နုအောင် ဖမ်းဆီးခံရ

မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် အပါအဝင် တိုင်းအစိုးရအဖွဲ့၏ အမှုများ၌ လိုက်ပါ ဆောင်ရွက်ပေးနေ သည့် ရှေ့နေ ဒေါ်ရွက်နုအောင်ကို ယမန်နေ့က စစ်ကောင်စီမှ ဖမ်းဆီးလိုက်သည်။

“မနေ့က အိုးဘိုထောင်တွင်း ဒေါက်တာ ဇော်မြင့်မောင် ရုံးချိန်းကအပြန်မှာ အဖမ်းခံလိုက်ရတာပါ။ ဘာကြောင့် ဖမ်းတယ် ဆိုတာ မသိရသေးဘူး၊ ဖမ်းပြီးမှ ရုံးခန်းကို စစ်ဆေး ရှာဖွေတာတွေ လုပ်သွားတယ်လို့ သိရတယ်” ဟု မန္တလေးမြို့ရှိ တရားလွှတ်တော် ရှေ့နေတဦးက ပြောသည်။

ဒေါ်ရွက်နုအောင်သည် မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်နှင့် အစိုးရ အဖွဲ့ဝန်ကြီးများကို တရားစွဲသည့် အမှုများတွင် အကျိုးဆောင်အဖြစ် လိုက်ပါဆောင်ရွက်ပေးနေသူဖြစ်သလို၊ NLD နာယက ဦးဝင်းထိန်အမှုနှင့် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အမှုများတွင်လည်း လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေအဖွဲ့မှ အဖွဲ့ဝင် တဦးလည်း ဖြစ်သည်။

ဒေါ်ရွက်နုအောင်အား ဖမ်းဆီးရာတွင် ၎င်းနှင့်အတူပါသည့် ရှေ့နေ အမျိုးသမီးတဦးပါ ဖမ်းဆီးခံရပြီး ယနေ့နံနက်ပိုင်းအထိ မည်သည့်နေရာ၌ ထိန်းသိမ်းထားကြောင်း မသိရသေးပေ။

“ဒေါက်တာ ဇော်မြင့်မောင်ကို စွဲဆိုထားတဲ့အမှုတွေမှာ ဥပဒေအတိုင်း ဘောင်ထဲကနေ လုပ်ဆောင်ပေးနေတဲ့ ရှေ့နေတဦး ကို ဖမ်းဆီးခံရတာဟာ လိုက်ပါဆောင်ရွက်နေတဲ့ အမှုတွေအပေါ် သက်ရောက်မှု ရှိလာနိုင်တယ်၊ အမှုတွေက အပြီးသတ် အမိန့်ချဖို့ နီးနေတော့ အပြီးမပြတ်ဘဲ နောက်ကျသွားနိုင်တယ်” ဟု အမည်မဖော်လိုသူ ရှေ့နေတဦးက ပြောသည်။

ဒေါ်ရွက်နုအောင်သည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အစိုးရလက်ထက်က နိုင်ငံကျော် အမှု တခုဖြစ်သော ဗစ်တိုးရီးယားအမှုတွင်လည်း နစ်နာသူ ကလေးငယ်ဘက်မှ လိုက်ပါဆောင်ရွက်ပေးခဲ့သလို Myanmar Now အယ်ဒီတာ ချုပ် ကိုဆွေဝင်းအား မဘသ အဖွဲ့က စွဲဆိုသည့် အမှုတွင်လည်း အကျိုးဆောင်အဖြစ် လိုက်ပါဆောင်ရွက်ပေးခဲ့သည်။

You may also like these stories:

ဒေါ်အောင်ဆန်းစုကြည် အဂတိမှုဖြင့် ထောင် ၅ နှစ်ချခံရ

ဒေါက်တာ ဇော်မြင့်မောင်၏ အဂတိမှု ဒေါ်အောင်ဆန်းစုကြည် သက်သေထွက်ဆိုရန် အခက်ကြုံနေ

မန္တလေးတွင် NLD ပါတီဝင်အချို့ ဖမ်းဆီးသတ်ဖြတ်ခံနေရ

Loading