သတင်း

ခင်ဦးမြို့နယ် သံဘိုရွာမှ အိမ် ၂၀၀ ကျော် မီးရှို့ခံရ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ သံဘိုကျေးရွာကို အာဏာသိမ်း စစ်ကောင်စီတပ်၊ ရဲနှင့် ပျူစောထီးများက ဝင်ရောက် စီးနင်း မီးရှို့ခဲ့မှုကြောင့် ဒေသခံပြည်သူများ၏ နေအိမ် ၂၀၀ ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဧပြီ ၂၆ ရက် နံနက်အစောပိုင်းမှစတင်ကာ ညနေ ၅ နာရီကျော်ထိ ခင်ဦးမြို့တွင် တပ်စွဲထားသော စစ်ကောင်စီတပ်၊ ရဲများ နှင့် မကျီးတုံကျေးရွာရှိ ပျူစောထီးများက ဝင်ရောက်စီးနင်း မီးရှို့ခဲ့ကြခြင်းဖြစ်ပြီး အသက် ၃၀ ကျော်အရွယ် အမျိုးသား ၁ ဦး ကိုလည်း ပစ်သတ်သွားကြောင်း ဒေသခံများက ပြောသည်။

ခင်ဦးမြို့နယ်ဒေသခံတဦးက “အခုက ရွာကို မီးရှို့သွားတာမှာ ဘာမှကို မရဘူး။ ရွာလုံးကျွတ်နီးပါးပဲ။ စစ်သားနဲ့ ပျုတွေက ဝင်ရှို့သွားကြတာ။ ရွာကိုဝင်စီးတော့ အားလုံးနီးစပ်ရာတွေကို ထွက်ပြေးကြရတာပေါ့” ဟု ဆိုသည်။

သံဘိုကျေးရွာမှ နေအိမ်များကို စစ်ကောင်စီတပ် မီးရှို့ / ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး

သံဘိုကျေးရွာသည် ခင်ဦးမြို့အဝင်တွင် တည်ရှိပြီး အိမ်ခြေ ၃၅၀ ကျော်ရှိကာ စစ်ကောင်စီတပ်၏ လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် ပစ်ခတ် ဝင်ရောက်စီးနင်းမှုကြောင့် ဒေသခံများ ထွက်ပြေးနေရစဉ် ကျေးရွာရှိနေအိမ်များမှ ရွှေငွေနှင့် တန်ဖိုး ကြီးပစ္စည်းများကို တနေကုန်မွှေနှောက် လုယက်ယူငင်ပြီးနောက် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်ဟုလည်း အဆိုပါ ဒေသခံက ပြောသည်။

တခြားသော ဒေသခံတဦးကလည်း “သံဘိုရွာက စကစ (စစ်ကောင်စီ) ကို လက်မခံဘဲ ရွာလုံးကျွတ် ဆန္ဒပြနေဆဲ ရွာ။ ည သပိတ်တွေအထိ လုပ်နေကြတာ။ ပြီးတော့ စီးပွားရေးအရလည်း အဆင်ပြေကြတယ်ဆိုတော့ ပျူဓားပြတွေက မျက်စိကျပြီး အခုလိုလုပ်တယ်လို့ သုံးသပ်တယ်။ အဲဒီနေ့က ထင်တိုင်းကြဲ လုပ်ချင်တာတွေလုပ်၊ မီးရှို့ပြီး ညနေ ၅ နာရီကျော်မှ ပြန်ထွက် သွားကြတာ” ဟု ပြောဆိုသည်။

သံဘိုကျေးရွာ မီးရှို့ခံရမှုဖြစ်စဉ်တွင် နေအိမ် ၂၀၀ ကျော် မီးလောင်ပျက်စီးသွားသည့်အပြင် နွားအကောင်ရေ ၂၀ ခန့်နှင့် ဆိတ်၊ သိုး အကောင်ရေ ၅၀ ကျော်လည်း သေဆုံးခဲ့ကြောင်း၊ လယ်ယာသုံး ထွန်စက်များ၊ ထော်လာဂျီနှင့် ကား၊ ဆိုင်ကယ် များလည်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် ဝင်ရောက်စီးနင်းစဉ် စစ်ကောင်စီတပ်က ကျေးရွာအတွင်း ကျန်ရစ်ခဲ့သည့် အသက် ၃၆ နှစ်အရွယ် ကိုအောင်ဆန်း မြင့်ကိုလည်း နှိပ်စက်သတ်ဖြတ်ခဲ့ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်ထားသည်။

ထို့အတူ ရွှေဘိုဘက်မှ ရွှေဘို-ခင်ဦး မူးဘောင်လမ်းအတိုင်းလာသော စစ်ကောင်စီတပ်ကလည်း ခင်ဦးမြို့နယ် ပေါက်တုံ၊ မကျီးကန်ကျေးရွာများကို လက်နက်ကြီးများဖြင့် အကြောင်းမဲ့ အဆက်မပြတ်ပစ်ခတ်ကာ ကျေးရွာများအတွင်း ဝင်ရောက် ပြီး နေအိမ်အချို့ကို မီးရှို့ခဲ့ကြောင်း သိရသည်။

“ဒေသခံရွာသားတွေကတော့ ထွက်ပြေးနေရာကနေ အခုအချိန်ထိ ရွာကို ပြန်မကပ်နိုင်ကြသေးဘူး။ တချို့တလေပဲ စနည်း နာဖို့ ခိုးဝင်ခိုးပြန်နေကြရတယ်။ ဖုန်းလိုင်းတွေကလည်း မိတချက်၊ မမိတချက် ဖြစ်နေတာ အတော်ကြာပြီ။ အင်တာနက် ကတော့ အခုထိ အဖြတ်ခံထားရတယ်” ဟု သံဘိုဒေသခံတဦးက ပြောသည်။

ဧပြီ ၂၃ ရက်ကလည်း ခင်ဦးမြို့ရဲစခန်းမှ တပ်ဖွဲ့ဝင်များ အပါအဝင် ရွှေဘိုလေ့ကျင့်ရေးစခန်းမှ အင်အား ၁၀၀ ခန့်သည် ခင်ဦးမြို့နယ်၊ ရွာသာရွာရှိ နေအိမ် ၆၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး အရပ်သားပြည်သူ ၂ ဦးကို သတ်ဖြတ်ခဲ့သလို ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ (PDF) စခန်းငယ်တခုကိုပါ ဝင်ရောက်စီးနင်းခဲ့ကြောင်း သိရသည်။

ယခုအခါ ခင်ဦးမြို့နယ်အတွင်း၌ စစ်ကောင်စီက မီးရှို့ဖျက်ဆီးထားသည့် အိမ်ခြေ ၉၀၀ ကျော်ထိ ရှိနေပြီး စစ်ဘေးမီးဘေး သင့် အိုးမဲ့အိမ်မဲ့ပြည်သူ ၄၅၀၀ ခန့်မှာလည်း စားဝတ်နေရေး၊ ရိက္ခာနှင့် ဆေးဝါးများပါ အကူအညီ လိုအပ်လျက် ရှိနေကြောင်း Khin U Support Organization – KSO က ထုတ်ပြန်ထားသည်။

သံဘိုကျေးရွာမှ နေအိမ်များကို စစ်ကောင်စီတပ် မီးရှို့ / ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး

KSO မှ တာဝန်ရှိသူတဦးက “လူ့အသက်တွေတောင် ဆုံးရှုံးနေရသေးတာ။ ကျန်တဲ့သက်မဲ့ပစ္စည်း ဆုံးရှုံးမှုကတော့ ကိန်း ဂဏန်းအရ တိတိကျကျ သတ်မှတ်တွက်ချက်လို့ မရသေးပါဘူး။ ဆုံးရှုံးမှုတန်ဖိုးတွေကတော့ ပြောမပြနိုင်အောင် ရှိနေပြီ။ လက်ရှိမှာ အဓိကအရေးကြီးတာက စစ်ဘေးရှောင်ပြည်သူတွေ ဆက်လက် ရပ်တည်နိုင်ဖို့အတွက် အကူအညီတွေ ပေးကြ ဖို့ပါပဲ” ဟု ပြောသည်။

စစ်ကောင်စီ လက်အောက်ခံ စစ်တပ်၊ ရဲနှင့် ပျုစောထီးများက ခင်ဦးမြို့နယ်အတွင်းရှိ ပျဉ်ထောင်၊ ရွာသစ်ကုန်း၊ ဒါန်းကုန်း၊ မှန်တော၊ ကျွန်းလယ်၊ သက်ပေး၊ တမုတ်၊ ကုလားလူး၊ ရှားလွင်၊ ငါးတင်းကြီး၊ မင်းဝံစိုက်ကွင်း (ခ) စိုက်ကွင်းလုပ်သား၊ ရွာ သာ၊ ပေါက်တုံ၊ ကျီးကန်ကျေးရွာများကို ဝင်ရောက်စီးနင်းပြီး မီးရှို့ခြင်းများ ပြုလုပ်ထားသလို PDF တပ်ဖွဲ့ဝင်နှင့် ပြည်သူ ၁၅၆ ဦး သေဆုံးကာ ၁၀၀ ဦးခန့်ထိ ဒဏ်ရာ ရရှိထားကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန် ထားသည်။

ထို့အတူ ပျဉ်ထောင်၊ မကျီးတုံ၊ မဒေါင်းလှ၊ ရွာသစ်ကုန်းကျေးရွာများတွင် စစ်ကောင်စီတပ်နှင့် ပျုစောထီး ပူးပေါင်းအဖွဲ့များ ကြီးစိုးအခြေချထားသဖြင့် ယင်းကျေးရွာများမှ ဒေသခံများလည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

You may also like these stories:

စစ်တပ်အာဏာသိမ်းပြီးနောက် ရှမ်းပြည်နယ် အပိုင်း ၁

စစ်တပ်အာဏာသိမ်းပြီးနောက် ရှမ်းပြည်နယ် – ၂

အာဏာသိမ်းအလွန် မြန်မာစစ်ပွဲ ‘ဝ’ ကနဦး အနိုင်ရနေ

ဦးဖုန်ကြားရှင် ဈာပန စစ်ကောင်စီတိုင်းမှူး ဘာကြောင့် လာတက်သလဲ

Loading