အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ရန်ကုန်တိုင်းလူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းကို အဂတိမှု ၅ မှုဖြင့် ထောင် ၁၅ နှစ်ကျခံစေရန် အင်းစိန်ထောင်တွင်းအထူးတရားရုံးက ယနေ့ အမိန့်ချလိုက်သည်။
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းကတည်းက ဖမ်းဆီးချုပ်နှောင်ခံရသည့် ဦးနိုင်ငံလင်းအပေါ် အဂတိလိုက် စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ အရ အမှု ၅ မှု ဖွင့်ခဲ့ပြီး ၁ မှုလျှင် ထောင် ၃ နှစ်နှုန်းဖြင့် စုစုပေါင်း ထောင် ၁၅ နှစ် ချမှတ်လိုက်ခြင်း ဖြစ်သည်။
၎င်းနှင့် နီးစပ်သူတဦးက “လှူဒါန်းငွေတွေ လက်ခံရယူတယ်ဆိုပြီး အထောက်အထားလည်း သေချာမပြနိုင်ဘူး။ အခုလို အမိန့်ချတဲ့အပေါ် သူကတော့ အယူခံအဆင့်ဆင့် ဆက်ပြီးတက်သွားမယ်လို့ ပြောတယ်” ဟု ပြောသည်။
စစ်ကောင်စီက ဦးနိုင်ငံလင်းအနေဖြင့် ၂၀၂၁ ဇန်နဝါရီလက သင်္ဃန်းကျွန်းပညာရေးကောလိပ်နှင့် ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်တို့တွင် အဆောက်အဦ ဆောက်လုပ်ခွင့်ရသည့်ကုမ္ပဏီထံမှ ကျပ်သန်း ၁၈၀ နှင့် ကျပ် ၈ သိန်းခန့် တန်ဖိုးရှိ တီဗွီနှင့်ကာရာအိုကေ စက်တစုံ၊ ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်၌ အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ် စာသင်ဆောင် ဆောက်လုပ်ခွင့်ရသည့် ကုမ္ပဏီပိုင်ရှင်တဦးထံမှ ကျပ်သိန်း ၅၀ နှင့် ၅ သောင်းခန့် တန်ဖိုးရှိ လက်ဆောင် ခြင်းနှင့် ၂၀၂၀ ဒီဇင်ဘာလအတွင်းကလည်း ဒဂုံတက္ကသိုလ်တွင် အဆောက်အဦ ဆောက်လုပ်ခွင့်ရသည့် ကုမ္ပဏီထံမှ ကျပ်သိန်း ၂၀ ကို လက်ခံရယူခဲ့ကြောင်း စွပ်စွဲခဲ့သည်။
ထို့ပြင် ၂၀၂၀ ဇွန်လအတွင်းက တောင်ဒဂုံစက်မှုလက်မှုသိပ္ပံကျောင်း အဆောက်အဦ ဆောက်လုပ်ခွင့်ရသည့် ကုမ္ပဏီ ပိုင်ရှင်တဦးထံမှ ကျပ် ၁၀ သိန်းနှင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်စဉ် ပုဂ္ဂလိကကုမ္ပဏီတခု၏ Quarantine Center သီးသန့်ဖွင့်လှစ်ခွင့်ပြုရန် တင်ပြထားသည့်နေရာအား သွားရောက်စစ်ဆေးစဉ် ကုမ္ပဏီကပေးအပ်သည့် ကျပ် ၈ သိန်းခန့်တန်ဖိုးရှိ iPhone 12 Mini ဖုန်း ၁ လုံးအား လက်ခံရယူ ခဲ့ကြောင်းလည်း စွပ်စွဲထားသည်။
အဆိုပါ စွပ်စွဲချက်များနှင့် ပတ်သက်ပြီး ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ထားခြင်း မရှိကြောင်း သက်သေ ခံစာရွက်စာတမ်းများအရ ပေါ်ပေါက်နေသည်ဟုဆိုကာ အမှုများအား ရုပ်သိမ်းချေဖျက်ပေးရန် ပြည်ထောင်စုတရား လွှတ်တော်ချုပ်သို့ တင်ပြလျှောက်ထားခဲ့သော်လည်း မတ် ၁၅ ရက်တွင် ယင်းလျှောက်ထားမှုများအား ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ပယ်ချခဲ့ပြီးနောက် ယနေ့တွင် အမိန့်ချလိုက်ခြင်းလည်း ဖြစ်သည်။
You may also like these stories:
ဒေါ်အောင်ဆန်းစုကြည် အဂတိမှုဖြင့် ထောင် ၅ နှစ်ချခံရ
အဖြေထွက်ပြီးသား စီရင်ချက်တွေကြားက ရှေ့နေတွေရဲ့ မျှော်လင့်ချက်
သူရ ဦးအောင်ကိုအား ပြစ်ဒဏ် လျှော့ပေးမှုသည် နိုင်ငံရေး အမြတ်ထုတ်မှုသာဖြစ်