ကရင်ပြည်နယ် ၊ ဖာပွန်ခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် ယမန်နေ့က ဖြစ်ပွားသည့် တိုက်ပွဲတွင် ကရင်အမျိုးသား အစည်းအရုံး (KNU)တပ်မဟာ ၅ မှ ဗျူဟာမှူး ဗိုလ်မှူးကြီး နေတိုး ( ခေါ် ) စောထူးကရှော ကျဆုံးသွားသည်။
စစ်ကောင်စီ၏ ဖာပွန်အခြေစိုက် ခြေမြန်တပ်ရင်း ၄၃၄ မှ ဒု တပ်ရင်းမှူး အပါအဝင် အင်အား ၂၀ခန့် ရှိ ကျောက်ညှပ် စခန်းကို အင်အား ၁၀၀ခန့်ပါ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA) တပ်မဟာ ၅ မှတပ်ဖွဲ့များနှင့် ဗမာပြည်သူ့ လွတ်မြောက် ရေးတပ် (BPLA) တပ်ဖွဲ့ဝင်များက ဝင်ရောက်တိုက်ခိုက်သည့် တိုက်ပွဲတွင် ကျဆုံးသွားခြင်းဖြစ်သည်။
တိုက်ပွဲမှာ ၅နာရီခန့် ကြာပြီး ဗိုလ်မှူးကြီး စောထူးကရှောမှာ ကတုတ်ကျင်းများအား စစ်ဆေးစဉ် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း KNU အရာရှိတဦးက ဆိုသည်။
“အဲဒီစခန်းမှာ တပ်မတော်က လူ ၂၀ လောက်နေတယ်။ အဲဒါကို ကျနော်တို့က အင်အား ၁၀၀ ကျော်လောက်နဲ့ ဝင်စီးတာ ပေါ့။ မနက် ၇ နာရီကနေ ၁၂ နာရီခွဲမှာ ဟိုက မခံနိုင်တော့ဘူးလေ။ မခံနိုင်တော့ သူတို့ ဆုတ်တယ်။ ပွဲပြီးခါနီးလောက်မှာ သူက ဝင်ဆင်းပြီး ကြည့်တဲ့အချိန်မှာ ကတုတ်ထဲမှာ တယောက်က ကျန်နေတယ်။ အဲဒီတယောက်က ပစ်တာ လည်ပင်းကို ထိပြီး ပွဲချင်းပြီးသေတယ်” ဟု ၎င်းက ဆိုသည်။
ဗိုလ်မှူးကြီး စောထူးကရှော နှင့်အတူ KNLA ရဲဘော် ၄ ဦးလည်း ကျဆုံးကြောင်း သတင်းများ ထွက်နေသည့် အပေါ် အသေးစိတ်သိရှိရန် တပ်မဟာ ( ၅ ) ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒိုးထံ ဧရာဝတီက ဆက်သွယ်ခဲ့ သော်လည်း ဖုန်းပိတ်ထားသဖြင့် အဆက်အသွယ်မရပေ။
BPLA ကွပ်ကဲရေး ရုံးကလည်း ကျောက်ညှပ်စခန်းကို ၎င်းတို့အဖွဲ့နှင့် KNLA တပ်ဖွဲ့များ ပူးပေါင်းသိမ်းပိုက်ခဲ့ကြောင်း တိုက်ပွဲ အတွင်း KNLA တပ်ဖွဲ့ဝင်တဦးကျဆုံးကြောင်း သတင်းထုတ်ပြန်ထားသည်။
BPLA ခေါင်းဆောင်တဦးဖြစ်သူ ကဗျာဆရာ မောင်ဆောင်းခက ဗိုလ်မှူးကြီး စောထူးကရှောသည် BPLA အား ခိုင်မာသည့် တပ်တော်တခု ဖြစ်စေချင်သူဖြစ်ပြီး ၎င်းကျဆုံးသွားမှုသည် တော်လှန်ရေးအတွက် အစားထိုးမရသည့် ဆုံးရှုံးမှုဖြစ်ကြောင်း သူ၏ Facebook အကောင့်တွင် ရေးသားထားသည်။
“လေ့ကျင့်ရေးအတွက် လိုအပ်တဲ့ပစ္စည်းတွေဝယ်ယူရေးနဲ့ ရှေ့တန်းနေရာချထားမှုတွေကို သူနဲ့ပဲတိုက်ရိုက် တိုင်ပင်အလုပ် လုပ်ရပါတယ်။ ဒုတိယအပတ်စဉ်သင်တန်းဖွင့်ပွဲ၊ သင်တန်းဆင်းပွဲစသည်ဖြင့် သူကိုယ်တိုင်တက်ရောက်အားပေးပြီး BPLA ကို ခိုင်မာတဲ့တပ်တော်တစ်ခုဖြစ်စေချင်ခဲ့သူပါ။ တပ်မဟာ ၅ ခွင်ထဲမှာ သူ့ဦးဆောင်မှုအောက်ကနေ ၄ လ ကျော်ကြာ တိုက်ပွဲအတွေ့အကြုံရရှိလိုက်တာဟာ BPLA အတွက် အဖိုးမဖြတ်နိုင်တဲ့အခွင့်အရေးတစ်ခုပါပဲ။ သူဟာ တပ်မဟာ ၅ ရဲ့ ခေါင်းဆောင်တစ်ဦးတင်မဟုတ်ဘဲ ကျနော်တို့အတွက်လည်း ခေါင်းဆောင်တစ်ယောက်ဖြစ်ပါတယ်။ သူ့ကျဆုံးမှုဟာ တော်လှန်ရေးအတွက် အစားထိုးမရတဲ့ဆုံးရှုံးမှုကြီးတစ်ခုလို့ပြောရင် မမှားပါဘူး” ဟု ၎င်းက ဆိုထားသည်။
ဗိုလ်မှူးကြီး စောထူးကရှောသည် KNU တပ်မဟာ ၅ ၏ အနာဂတ် တပ်မဟာမှူး အဖြစ် ကရင်တော်လှန်ရေးအသိုင်း အဝိုင်းက မျှော်မှန်းထားသူလည်းဖြစ်ပြီး ၎င်းကျဆုံးသွားခြင်းသည် တော်လှန်ရေးအတွက် အစားထိုးမရသည့် ဆုံးရှုံးမှု ဖြစ်ကြောင်း KNU သတင်းရင်းမြစ်များက ဆိုသည်။
ကျောက်ညပ် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးသူများလည်း ရှိခဲ့ပြီး တိုက်ပွဲအပြီးတွင် စစ်ကောင်စီ ဘက်က အဆိုပါ စခန်းဝန်းကျင်ရှိ မယ်နုထာ့ကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်လည်းရှိကြောင်း KNU သတင်းရင်းမြစ် အချို့ထံမှ သိရသည်။
You may also like these stories:
စစ်ကောင်စီကို ပြန်တိုက်ရန် ဗိုလ်စလုံးဦးဆောင်သည့် DKBA ၃၀၀ ခန့် KNDO နှင့် ပူးပေါင်း
လေးကေ့ကော် တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ အရာရှိ ၁ ဦး အရှင် ဖမ်းမိ
KNU တပ်မဟာ ၆ လှုပ်ရှားနယ်မြေတွင် တိုက်ပွဲများပြန်ဖြစ်