ရုပ်ရှင်ဖန်တီးသူ မအိမ့် အား အာဏာသိမ်း စစ်ကောင်စီက အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်ကြောင်း မိသားစုဝင်များနှင့် ရှေ့နေ သတင်းရင်းမြစ်များက ပြောသည်။
ရှေ့နေအသိုင်းအဝိုင်းမှ သတင်းရင်းမြစ်တဦးက “မအိမ့်ကို ၅၀၅-က နဲ့ အလုပ်ကြမ်းနဲ့ ထောင် ၃ နှစ် ချထားပါတယ်။ ချုပ်ရက်တွေတော့ ပြစ်ဒဏ်ထဲကနေ ထုတ်နုတ်ခံစားခွင့် ပြုထားပါတယ်” ဟု ဧရာဝတီကို အတည်ပြု ပြောသည်။
မအိမ့်အား စစ်ကောင်စီက ဖမ်းဆီးသွားပြီးနောက် တရားမဝင် အဖွဲ့အစည်းထံသို့ ငွေလှူဒါန်းသည်ဟု အဓိက စွပ်စွဲခဲ့ပြီး အခြားသော စွပ်စွဲချက်များနှင့်ပါ တပါတည်း တရားစွဲဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“သူ့ကို စွပ်စွဲချက်တင်တာတော့ အဓိကက တရားမဝင် အဖွဲ့အစည်းကို ငွေလှူတယ်ပေါ့။ တခြား စွပ်စွဲချက်တွေလည်း ဒီတမှုတည်းမှာပဲ အများကြီးပါတယ်။ ဒါပေမဲ့ မအိမ့်ကတော့ ဒီအမှုတွေ တမှုကိုမှ ကျူးလွန်တယ်လို့ ဝန်ခံလက်မှတ် ထိုးထားတာ မရှိဘူး” ဟု ၎င်းနှင့် နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။
ရုပ်ရှင်ဖန်တီးသူမအိမ့်သည် ၂၀၂၁ ဇွန် ၅ ရက်က ရန်ကုန်မြို့ရှိ ၎င်း၏နေအိမ်မှ ထွက်လာချိန်တွင် စစ်ကောင်စီ တပ်ဖွဲ့ ဝင်များ၏ ဖမ်းဆီးခြင်းခံခဲ့ရပြီး ၁ လနီးပါးကြာအထိ ၎င်း ဖမ်းဆီးခံရသည့် အကြောင်းရင်းကို မိသားစုဝင်များ အနေဖြင့် မသိရှိခဲ့ရပေ။
ထို့နောက် မအိမ့်သည် ရွှေပြည်သာစစ်ကြောရေးတွင် စစ်ဆေးမေးမြန်းခံရစဉ် ကာလအတွင်း ခြေချောင်းများ ကျိုးသည်အထိ နှိပ်စက်ခံရပြီး ခြေချောင်းအဆစ်များ ပြုတ်ထွက်ခဲ့ရုံသာမက တခြားနှိပ်စက်ခံထားရသည့် ဒဏ်ရာ များကြောင့် ၁၀ ရက်ခန့် ဆေးရုံတက်ခဲ့ရသည်။
ယခုအခါ စစ်ကြောရေးကာလအတွင်း ရိုက်နှက်ခံခဲ့ရသည့် ဒဏ်ရာများကြောင့် နောက်ဆက်တွဲကျန်းမာရေး ထိခိုက်မှုများ ခံစားနေရကြောင်း ၎င်းနှင့် နီးစပ်သည့် မိသားစုဝင်များထံမှ သိရသည်။
“ကျန်းမာရေးက ယေဘုယျအားဖြင့်တော့ ကောင်းတယ်။ ဒါပေမဲ့ စစ်ကြောရေးမှာရခဲ့တဲ့ ဒဏ်ရာတွေပေါ့။ ခြေသလုံးမှာ ဒဏ်ဖြစ်သွားတော့ လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်လို့မရဘူး။ အလေးအပင် မလို့မရဘူး။ နောက်ပြီး ခေါင်းကို အရိုက်ခံထားတာရှိတော့ နောက်ပိုင်းမှာ မေ့တတ်လာတယ်” ဟု မအိမ့်နှင့် နီးစပ်သည့် မိသားစုဝင်တဦးက ပြောသည်။
မိသားစုများ အနေဖြင့် မအိမ့်ကို တရားဝင် ထောင်ဝင်စာ ဆက်သွယ်ခွင့်ရခဲ့ပြီး လိုအပ်သည့် ဆေးဝါးများကို ထောင်ကခွင့်ပြုသည့်အတိုင်း ပို့ခွင့်ရကြောင်း သိရသည်။
မအိမ့်နှင့် ရင်းနှီးသူ မိတ်ဆွေတဦးက “မအိမ့် ကျန်းကျန်းမာမာနဲ့ ပြန်လွတ်လာမယ့်နေ့ကို အကုန်လုံး သူ့ မိတ်ဆွေတွေကော၊ သူ့ မိသားစုဝင်တွေကော စောင့်နေပါတယ်” ဟု ပြောသည်။
မအိမ့်သည် ၂၀၂၀ ခုနှစ် ကိုရီးယားနိုင်ငံ ဘူဆန်ရုပ်ရှင်ပွဲတော်တွင် New Currents ပြိုင်ပွဲဝင် ဇာတ်ကားအဖြစ် ပြသခဲ့သည့် “Money Has Four Legs” (ခြေလေးချောင်း) ရုပ်ရှင်ဇာတ်ကား၏ ထုတ်လုပ်သူတဦး ဖြစ်သည့်အပြင် ပူးတွဲဇာတ်ညွှန်း ရေးသားခဲ့သူလည်း ဖြစ်သည်။
မအိမ့်ကို ချက်ချင်းပြန်လွှတ်ပေးရန် နိုင်ငံတကာမှ စွန့်စားနေသည့် ရုပ်ရှင်သမားများ၊ အသက်အန္တရာယ် ရင်ဆိုင်နေရသည့် ရုပ်ရှင်သမားများအတွက် အထောက်အကူပြုရန် ဖွဲ့စည်းထားသော စွန့်စားနေရသည့် ရုပ်ရှင်သမားများအတွက် နိုင်ငံတကာညွန့်ပေါင်းအဖွဲ့ (The International Coalition for Filmmakers at Risk – ICFR) က အာဏာပိုင်များထံ ပြီးခဲ့သည့်နှစ် ဇွန်လအတွင်းက ထုတ်ပြန်တောင်းဆိုခဲ့သော်လည်း ယခုနှစ် ဧပြီ ၂၉ ရက်တွင် အလုပ်ကြမ်းနှင့် ထောင် ၃ နှစ် ချမှတ်ခံခဲ့ရသည်။
You may also like these stories:
ရုပ်ရှင်ဖန်တီးသူ မအိမ့် စစ်ကြောရေးတွင် ခြေချောင်းများ ကျိုးသည့်အထိ နှိပ်စက်ခံရဟု ဆို